Local News

ကချင်ပြည်ကို လာဖားတာမရှက်ဘူးလားကချင်မြေက အခုထွက်သွား ဆိုကာ ကချင်လူငယ်များ မောင်းထုတ်

ကချင်ပြည်ကို လာဖားတာမရှက်ဘူးလားကချင်မြေက အခုထွက်သွား ဆိုကာ ကချင်လူငယ်များ မောင်းထုတ်

ကချင်ပြည်နယ်ကို ရောက်နေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က ရိုးရာအသုံးအဆောင်တွေ လက်ဆောင်ပေးတဲ့အပေါ် ကချင်အသိုင်းအဝိုင်းမှာ ဝေဖန်မှုဖြစ်ပေါ်နေပါတယ်။

မြစ်ကြီးနားရောက် စစ်ကောင်စီဥက္ကဋ္ဌ ကို ရိုးရာဝတ်စုံဝတ်ပေးပြီး ရိုးရာအသုံးအဆောင်တွေပေးနေတဲ့ သတင်းဓာတ်ပုံကို ဒေသတွင်းမီဒီယာ Kachinwaves က ဖော်ပြခဲ့ပြီး ဒီလိုဝတ်ဆင်မှုအပေါ် မကျေနပ်တဲ့ မှတ်ချက်အမြောက်အများ ပေးခဲ့ကြတာပါ။

ကချင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ခေါင်းပေါင်း၊လွယ်အိတ်နဲ့ ငွေဓား လက်ဆောင်ပေးတာကို အဓိက မကျေနပ်တာ လို့ ကချင်လူငယ်တချို့က ပြောကြောင်း ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

‘ ကျွန်တော်တို့တန်ဖိုးထားတဲ့အရာတွေကို ဒီလိုလူမျိုးကိုပေးလို့ မကျေနပ်တာ’ လို့ ကချင်လူငယ်တစ်ဦးကပြောပါတယ်။

ဒီလိုရိုးရာအသုံးအဆောင်ကို ထိမ်းမြားမင်္ဂလာမှာပေးလေ့ရှိသလို တစ်ယောက်အခက်အခဲတစ်ယောက်အပြန်အလှန်ကူညီဖို့ ညီအစ်ကိုဖွဲ့တဲ့ အထိမ်းအမှတ်အဖြစ် လည်း ပေးလေ့ရှိတယ် လို့ သိရပါတယ်။

ဒီလို အသုံးအဆောင်တွေပေးတဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကိုလည်း လူမှုကွန်ရက်မှာ ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ စက်တင်ဘာ ၁၈ ရက်မှာ စစ်ကောင်စီဥက္ကဋ္ဌ ရောက်နေတုန်း မြစ်ကြီးနားမြို့မှာ လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ဆန္ဒပြမှုတချို့လည်း ရှိခဲ့ပါတယ်။

”မင်းအောင်လှိုင် ကချင်မြေက အခုထွက်သွား၊ ကချင်ပြည်ကို လာဖားတာမရှက်ဘူးလား။ ” စတဲ့ ကြွေးကြော်သံတွေနဲ့ မြစ်ကြီးနားမြို့မှာ စက်တင်ဘာ ၁၉ ရက် ဒီနေ့ ဆန္ဒပြပြခဲ့ကြပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ကို Kachin State Civilian Movement- KSCM အင်အားစုက လူငယ် တွေနဲ့ မြစ်ကြီးနား အခြေစိုက် ကျောင်းသားသမဂ္ဂလူငယ်တွေ စက်တင်ဘာ ၁၉ ရက်မှာ လည်း မြစ်ကြီးနားမှာ ဆန္ဒထပ်ပြခဲ့ကြပါတယ်။

ဒီကိစ္စအပေါ် ဝေဖန်မှုတွေရှိနေတာကြားရတဲ့အကြောင်း ကေအိုင်အို ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကလည်း အတည်ပြုပြီး ကေအိုင်အိုအနေနဲ့တော့ မှတ်ချက်ပေးစရာမရှိဘူးလို့ ပြောပါတယ်။

ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေဟာ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်နဲ့ အဓိက တိုက်ပွဲဖြစ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်းဖြစ်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌဟာ မြစ်ကြီးနားတပ်နယ်ကို စက်တင်ဘာ ၁၈ မနက်ပိုင်းမှာ သွားရောက်တဲ့အခါ စစ်ယူနီဖောင်းကိုဝတ်ဆင်ခဲ့ပြီး နေ့လည်ပိုင်းမှာ ဌာနဆိုင်ရာတွေ့ဆုံတဲ့အခါ အရပ်ဝတ်ပြောင်းလဲဝတ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ နဲ့အဖွဲ့ဟာ ဒီကနေ့မှာတော့ ကချင်ပြည်နယ် မြောက်ဖျားက ပူတာအို မှာ ရှိနေတာပါ။

Credit