ကိုဗစ်ရောဂါ အပြီး မျောက်ကျောက် : စိုးရိမ်ဖို့ အချိန်တန်ပြီလား

ကိုဗစ်ရောဂါ အပြီး မျောက်ကျောက် : စိုးရိမ်ဖို့ အချိန်တန်ပြီလား

ကိုဗစ်ကပ်ရောဂါကြီးကြောင့် စိတ်ပျက်အားလျော့နေသေးရင် ပြောရမှာ စိတ်မကောင်းပေမယ့် နောက်ထပ် ဖြေရှင်းရမယ့် ဗိုင်းရပ်စ်ပိုးတမျိုး ထွက်ပေါ်လာပါပြီ။

ဒီတကြိမ်ကတော့ mokeypox လို့ခေါ်တဲ့ မျောက်ကျောက်ဗိုင်းရပ်စ်ပိုးပါ။

ဒီရောဂါပိုးဟာ လူတွေမှာ ကူးစက်လိမ့်မယ်လို့ ပုံမှန်အားဖြင့် မျှော်လင့်မထားပေမယ့် အခုတော့ ဗြိတိန်အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ ပိုးတွေ့အတည်ပြုလူနာ ၈၀ နီးပါးလောက်ရှိနေပါပြီ။

ဒီတော့ ဘာဆက်ဖြစ်မှာပါလဲ။ ဒီဗိုင်းရပ်စ်ပိုးကို စိတ်ပူရမယ့် အချိန်လား။ ဒါမှမဟုတ် ကိုဗစ်နဲ့အတူ ယှဥ်တွဲနေထိုင်မှုအပေါ် အလွန်အမင်း စိတ်လှုပ်ရှားနေရအုံးမှာပါလား။

ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောချင်တာက ဒါဟာ နောက်ထပ် ကိုဗစ်တမျိုး မဟုတ်ပါဘူး။ မျောက်ကျောက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ လော့ခ်ဒေါင်းချ ကန်သတ်တာတွေ လုပ်ဖို့ကတော့ စောပါသေးတယ်။

ဒါပေမဲ့ ဖြစ်လေ့ဖြစ်ထမရှိပဲ တခါမှ မကြုံဖူးတဲ့ မျောက်ကျောက် ကူးစက်ပြန့်ပွားနေတာ ဖြစ်ပါတယ်။

ဒီအကြောင်းဟာ ရောဂါပိုးမွှားဆိုင်ရာ ကျွမ်းကျင်တဲ့ သုတေသီတွေကို အကြီးအကျယ် အံ့အားသင့်စေသလို ဗိုင်းရပ်စ်ပိုးဟာ သူ့ရဲ့ ပြုမူလုပ်ဆောင်ပုံ ပြောင်းလဲသွားလာတဲ့အခါ စိုးရိမ်စရာ တခု ဖြစ်လာပါတယ်။

လက်ရှိအချိန်ထိတော့ မျောက်ကျောက်ဟာ ခန့်မှန်းတွက်ဆလို့ ရနေပါသေးတယ်။

ဒီဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇကတော့ တောရိုင်းတိရစ္ဆာန်တွေဆီက ဆင်းသက်လာတာ ဖြစ်ပြီး မျောက်တွေအစား ရှဥ့်တွေ​၊ကြွက်တွေလို ရှေ့သွားထက်ထက်နဲ့ ကိုက်ဖြတ်တတ်တဲ့ တိရစ္ဆာန်တွေကနေ လာတယ်လို့ ယူဆရပါတယ်။

အာဖရိက အနောက်ပိုင်းနဲ့ အလယ်ပိုင်းက မိုးသစ်တောတွေထဲက တချို့သူတွေဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ သတ္တဝါတွေနဲ့ ထိတွေ့ပြီး အဲဒီဗိုင်းရပ်စ်ပိုးဟာ တခြားမျိုးစိတ်တွေကို ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

ပိုးကူးစက်ခံရတဲ့သူတွေရဲ့ အသားအရည်ဟာ အရည်ကြည် ဖုတွေ ပေါက်လာပြီး နောက်ပိုင်းမှာ အနာတွေထွက်လာကာ အရေပြားမှာ အဖုအပိမ့် အနီကွက်တွေ ထလာမှာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ပိုးဟာ အပြင်ဘက်မှာ ရှိနေပြီး ဆက်လက်ကူးစက်ပျံ့နှံ့ဖို့အတွက် အနီးကပ်ထိတွေ့ဆက်ဆံမှု အကြာကြီး လိုအပ်မှာ ဖြစ်ပါတယ်။

ဒါကြောင့် မျောက်ကျောက်ပြန့်ပွားမှုဟာ အနည်းငယ်ပဲ ရှိလာနိုင်ခြေရှိသလို သူ့နည်းသူ့ဟန်နဲ့ပဲ အဆုံးသတ်သွားနိုင်ဖွယ် ရှိပါတယ်။

ဗြိတိန်အပါအဝင် ကမ္ဘာပေါ်က တခြားနေရာတွေမှာလည်း မမျှော်လင့်ပဲ ကူးစက်မှုအနည်းငယ် ပေါ်ပေါက်လာခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီကူးစက်သူအားလုံးဟာ ဗိုင်းရပ်စ်ပိုးရှိနေတဲ့ နိုင်ငံတနိုင်ငံကို ခရီးသွားခဲ့တဲ့ တယောက်ယောက်နဲ့ ဆက်စပ်ပြီး နိုင်ငံရင်းကို ပြန် သယ်လာကြတာ ဖြစ်နိုင်ပါတယ်။

အာဖရိက အနောက်ပိုင်း၊ အလယ်ပိုင်းတွေနဲ့ ဆက်စပ်မှု မရှိတဲ့ လူတွေမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိတာ ဒါဟာပထမဆုံး အကြိမ် ဖြစ်တယ်။

ဒီဗိုင်းရပ်စ်ပိုးကို ဘယ်သူတွေက ဘယ်ကနေ ကူးစက်နေလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မျောက်ကျောက်ဟာ လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှုတွေအတွင်း ပြန့်ပွားနိုင်ပြီး အများစုဟာ လိင်အင်္ဂါဇာတ်တွေနဲ့ အဲဒီ ဝန်းကျင်မှာ အနာတွေ ဖြစ်လေ့ရှိပါတယ်။

ဒီပိုးကူးစက်ခံရသူအများစုဟာ လိင်တူချစ်သူတွေနဲ့ လိင်တူလိင်ကွဲ နှစ်မျိုးလုံး စုံမက်တဲ့ လူငယ်အမျိုးသားတွေဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ အခြေအနေ အသစ်တရပ်မှာ ရောက်နေပါတယ်။ အံအားသင့်ပြီး စိတ်ပူစရာကောင်းတဲ့ အခြေအနေတခုပါ” လို့ အောက်စဖို့လ် တက္ကသိုလ်က ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ သုတေသန ဌာနရဲ့ ဒါရိုက်တာ ပါမောက္ခ Peter Horby က ဘီဘီစီကို ပြောပါတယ်။

“ဒါဟာ ကိုဗစ် ဗိုင်းရပ်စ်ပိုး အမှတ်စဥ် ၂ တော့ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်ပိုးက လက်ဦးမှု ရယူတာဟာ ကျွန်တော်တို့ တကယ် မလိုလားတဲ့ အခြေအနေတခုဖြစ်လို့ ဒါကို တားဆီးနိုင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်ဖို့လိုတယ်” လို့လည်း သူက ဆိုပါတယ်။

မျောက်ကျောက်ကူးစက်ခံထားရတဲ့ လူနာတွေကို ကုသပေးနေတဲ့ ဒေါက်တာ Hugh Adler ကတော့ “ဒီဗိုင်းရပ်စ်ပိုးဟာ ကျွန်တော်တို့ အရင် မြင်တွေ့ဖူးတဲ့ ပုံစံမျိုး မဟုတ်ဘူး။ ဒါဟာ အံ့သြစရာကောင်းတယ်” လို့ ပြောပါတယ်။

ဘာတွေဖြစ်နေလဲ။
ကူးစက်ပျံ့နှံ့မှုဟာ ကွဲပြားတယ်ဆိုပေမယ့် ဘာကြောင့်လဲဆိုတာကိုတော့ ကျွန်တော်တို့ မသိပါဘူး။

ဒါပေမဲ့ ယေဘုယျအားဖြင့် ယူဆချက်နှစ်ခုကတော့ ဗိုင်းရပ်စ်ပိုးဟာ ပြောင်းလဲသွားတာ ဒါမှမဟုတ် အရင် ဗိုင်းရပ်ပိုးဟောင်းကပဲ ရှင်သန်ဖို့အတွက် အချိန်မှန် နေရာမှန်ကို သူဘာသာ ရှာဖွေတွေ့ရှိလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

မျောက်ကျောက်ဟာ မျိုးဗီဇဆိုင်ရာ DNA virus တမျိုးဖြစ်ပြီး ကိုဗစ် ဒါမှမဟုတ် တခြားရာသီတုပ်ကွေးတွေလို မြန်မြန်ဆန်ဆန် သန္နေပြောင်းလဲမှု မရှိပါဘူး။

အတော်လေး ခပ်စောစောကတည်းက လုပ်ခဲ့တဲ့ မျိုးဗီဇဆိုင်ရာ လေ့လာမှုတခုမှာတော့ လက်ရှိပိုးကူးစက်မှုတွေဟာ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်က တွေ့ခဲ့တဲ့ ဗိုင်းရပ်စ်ပုံစံမျိုးနဲ့ အတော်လေး ဆက်စပ်မှုရှိနေတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီဗိုင်းရပ်စ်ပိုးဟာ သန္နေပြောင်းလာတဲ့ မျိုးဗီဇသစ်ဖြစ်တယ်ဆိုတဲ့ သက်သေအထောက်အထားတော့ လောလောဆယ်ထိ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဆယ်စုနှစ်က မမျှော်လင့်ပဲ အီဘိုလာနဲ့ ဇီကာဗိုင်းရပ်စ်ပိုး အများအပြား ပျံ့နှံ့မှုတွေကနေ သင်တန်းစာရခဲ့ကြတော့ ဒီအခွင့်အရေးကို အခွင့်ကောင်းယူဖို့အတွက် ဒီဗိုင်းရပ်စ်ပိုးဟာ ပြောင်းလဲဖို့ မလိုပါဘူး။

“အီဘိုလာ ပြန့်ပွားမှုကြီး မဖြစ်ခင်အထိ အဲဒီဗိုင်းရပ်စ်ပိုးဟာ ထိန်းချုပ်ဟန့်တားဖို့ လွယ်တယ်လို့ ကျွန်တော်တို့ အမြဲ တွေးခဲ့ကြတယ်” လို့ London School of Hygiene and Tropical Medicine တက္ကသိုလ်က ပါမောက္ခ Adam Kucharski က ပြောပါတယ်။

လိင်တူချစ်သူတွေနဲ့ လိင်တူလိင်တူ ချစ်ခင်စုံမက်ကြတဲ့ အမျိုးသားတွေဟာ ဘာကြောင့် များသောအားဖြင့် ကူးစက်ခံနေရလဲဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လိင်ပိုင်းဆိုင်ရာ အထိအတွေ့တွေဟာ ဗိုင်းရပ်စ်ပိုးပြန့်ဖို့ ပိုမိုလွယ်ကူစေသလား။ ဒါမှမဟုတ် တိုက်ဆိုင်မှု တခုလား။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုမို သတိပြုဖို့နဲ့ စမ်းသပ်စစ်ဆေးရမယ်ဆိုတဲ့ အသိုင်းအဝိုင်းတခုလား စတာတွေကိုလည်း မသိရသေးပါဘူး။

ဒီအကြောင်းအရာတွေဟာ မျောက်ကျောက် ကူးစက်ဖို့ ပိုမို လွယ်ကူတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အရင်တုန်းက ကျောက်ကြီးရောဂါကာကွယ်ဆေး အများအပြားထိုးတာမှုဟာ အသက်အရွယ်ကြီးရင့်တဲ့ မျိုးဆက်တွေကို မျောက်ကျောက်နဲ့ ဆက်စပ်တဲ့ ရောဂါပိုးတွေ မဖြစ်အောင် တချို့တဝက် အကာအကွယ်ပေးပါတယ်။

“ဒီရောဂါပိုးဟာ ကျောက်ကြီးရောဂါ ခေတ်ထက် ပိုမိုမြန်မြန်ဆန်ဆန် ကူးစက်နိုင်ဖွယ် ရှိတယ်ဆိုပေမယ့် မထိန်းနိုင် မသိမ်းနိုင် ကူးစက်နိုင်ခြေရှိတယ်လို့ ထောက်ပြပြောဆိုမှုတွေ ကျွန်တော်တို့ မတွေ့ရသေးဘူး” ဒီကူးစက်ပျံ့နှံ့မှုဟာ သူ့ဘာသာ အဆုံးသတ်သွားမယ်လို့ မျှော်လင့်နေသေးတဲ့ ဒေါက်တာ Adler က ပြောပါတယ်။

ဒီဗိုင်းရပ်စ်ပိုး ဘယ်လို စတင်ပြန့်ပွားခဲ့လဲဆိုတာ သိနားလည်ရင် နောက်ထပ် ဘာဆက်ဖြစ်လာနိုင်မလဲဆိုတာကို ခန့်မှန်းတွက်ဆရာမှာ အထောက်အကူပြုပါတယ်။ လက်ရှိမှာတော့ ဗိုင်းရပ်စ်ပိုးကူးစက်မှု ရေခဲဆိုင်ကြီးရဲ့ ထိပ်ဦးပိုင်းကိုပဲ မြင်တွေ့ရပါသေးတယ်။

ကူးစက်ခံရသူအများအပြားဟာ ဆက်စပ်မှု ရှိပုံမရလို့ ဥရောပတလွှားနဲ့ တခြားနိုင်ငံတွေမှာ ပျံ့နှံ့ဖွယ်ရှိနေတဲ့ ကူးစက်မှုတွေမှာ တခုနဲ့တခု ကွင်းဆက်ပျောက်ဆုံးနေပါတယ်။

ပွဲတော်တခုလို တူညီတဲ့ အခမ်းအနားတခုမှာ လူအများအပြား စုဝေးခဲ့ကြပြီး မျောက်ကျောက် ကူးစက်ခံခဲ့ရကာ အိမ်ကနေ တခြားနိုင်ငံတွေဆီ သယ်သွားခဲ့တဲ့ မကြာသေးမီတုန်းက လူအများအပြား ကူးစက်ခဲ့တဲ့ ဖြစ်ရပ်ဟာ လက်ရှိအခြေအနေကို ထင်ဟပ်ပြသနိုင်ပါတယ်။

ဆက်စပ်မှုမရှိတဲ့ လူအများအပြား ကူးစက်ခံရမှုအတွက် အကြောင်းပြချက်တခုကတော့ ဗိုင်းရပ်စ်ပိုးဟာ အမှတ်တမဲ့ အချိန်အတိုင်းအတာတခုထိကြာအောင် လူအများအပြားဆီ တကယ် ရောက်သွားသလားဆိုတဲ့ အချက်ပါ။

အဲဒီလိုဆိုရင် နောက်ထပ် ပိုးကူးစက်မှုတွေကို ဆက်လက်ရှာဖွေဖို့ ကျွန်တော်တို့ မျှော်လင့်နိုင်ပါတယ်။

“ဒီအဆင့်မှာ သာမန်ပြည်သူတွေအနေနဲ့ စိုးရိမ်စရာမလိုသေးဘူးလို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီဗိုင်းရပ်စ်ပိုး အားလုံးကို ဖော်ထုတ်နိုင် မဟုတ်သလို ထိန်းချုပ်နိုင်လိမ့်မယ်လို့လည်း ကျွန်တော်မထင်ဘူး” လို့ London School of Hygiene and Tropical Medicine က ပါမောက္ခ Jimmy Whitworth က ပြောပါတယ်။

ဒါပေမဲ့ ကိုဗစ်ကူးစက်မှုလိုမျိုး အခြေအနေမျိုးတော့ မဟုတ်ပါဘူး။

မျောက်ကျောက်ဟာ ဗိုင်းရပ်မျိုးသစ်တမျိုးမဟုတ်ဘဲ ရှိပြီးသား ဗိုင်းရပ်စ်တမျိုးပါ။ ဒီအတွက် ကာကွယ်ဆေးတွေနဲ့ ကုသမှုတွေ ခံယူပြီး ဖြစ်ပါတယ်။

ဒီဗိုင်းရပ်စ်ပိုးဟာ ငယ်ရွယ်တဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကိုယ်ခံအားစနစ် အားနည်းတဲ့ လူတွေမှာ ပိုမိုအန္တရာယ် ဖြစ်နိုင်ပေမယ့် များသောအားဖြင့် သိပ်မပြင်းထန်ပါဘူး။

ဒါပေမဲ့ ဒီပိုးဟာ ကိုဗစ်ထက် ကူးစက်မှုနှုန်း နှေးကွေးပြီး နာကျင်တဲ့ အဖုအပိမ့်တွေ ထွက်တာကလည်း ချောင်းဆိုးတာလောက် ရှာဖွေရခက်မှာ မဟုတ်ပါဘူး။

ဒါဟာ ကူးစက်ခံရသူတွေကို ရှာဖွေတာနဲ့ ကူးစက်နိုင်ခြေရှိတဲ့ လူတွေကို အစောကြီးကတည်းက ကာကွယ်ဆေးထိုးထားပေးနိုင်ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ ဥရောပဆိုင်ရာ ဒါရိုက်တာ Hans Kluge ကတော့ လူအများအပြားစုဝေးကြတာ၊ ပွဲတော်တွေနဲ့ ပါတီပွဲတွေ ကျင်းပတတ်တဲ့ နွေရာသီရောက်လာပြီ ဖြစ်လို့ ပိုးကူးစက်မှုတွေ မြင့်တက်လာမှာကို စိုးရိမ်မိတယ်လို့ သတိပေး ပြောဆိုထားပါတယ်။

BBC

Leave a Reply

Your email address will not be published.