Local News

ခေတ်စနစ်နဲ့အညီလုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ခေတ်စနစ်နဲ့အညီလုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

စစ်ကောင်စီ ဥက္ကဋ္ဌက အာဏာသိမ်းတာ ၉ လပြည့်တဲ့နေ့မှာပဲ ထောင်ဒဏ်တွေ တိုးမြှင့်ထားတဲ့ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို လက်မှတ်ရေးထိုး ပြင်ဆင်လိုက်ပါတယ်။

ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်း ဆိုတာကို အရင်က အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အင်တာနက်မှတစ်ဆင့်ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်မှုတွေက အကျုံးမဝင်ပါဘူး။

အခု ဥပဒေပြင်ဆင်ချက်အရ အခြားနည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ ထုတ်လွှင့်ခြင်းလို့ ပြင်ဆင်လိုက်လို့ အရင်က ရုပ်သံလွှင့်မီဒီယာကြီးတွေနဲ့ပဲဆိုင်တဲ့ ဥပဒေဟာ လူမှုကွန်ရက်ပေါ်က ရုပ်သံလွှင့်မီဒီယာတွေ နဲ့ပါ အကျုံးဝင်လာတာပဲဖြစ်ပါတယ်။

ငွေဒဏ်တွေကိုလည်းဆက်ထားပြီး ထောင်ဒဏ်တွေထပ်တိုးလိုက်တာက လူမှုကွန်ရက်ပေါ်က ရုပ်သံနဲ့ အသံလွှင့်မှုတွေကို ပေါ်ပေါ်တင်တင်ပဲ သတိပေးခြိမ်းခြောက်လိုက်တာလည်း ဖြစ်ပါတယ်။

လိုင်စင်မရှိဘဲ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုကို လုပ်ရင် အနည်းဆုံးသုံးနှစ်မှ အများဆုံး ငါးနှစ်ထိ ထောင်ဒဏ် ချနိုင်တယ်လို့ ပြင်ဆင်လိုက်တာပါ။ အရင်က ဒီပြစ်မှုဟာ ငွေဒဏ်ပဲ ကျခံရမှာဖြစ်ပြီး အမြင့်ဆုံး ကျပ်သိန်း ၅၀၀ အထိ ကျခံရမှာပဲဖြစ်ပါတယ်။

အလားတူ လိုင်စင်သက်တမ်းကုန်နေတာကို ထပ်မတိုးဘဲ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုကို လုပ်ရင် အနည်းဆုံးခြောက်လမှ အများဆုံး တစ်နှစ်ထိ ထောင်ဒဏ်လို့ ပြင်ဆင်လိုက်တာပါ။ အရင်က ဒီပြစ်မှုဟာ အမြင့်ဆုံး ကျပ်သိန်း ၁၀၀ အထိ ကျခံရမှာပဲဖြစ်ပါတယ်။

ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းလုပ်ငန်းနဲ့ ရေဒီယိုအသံထုတ်လွှင့်ခြင်း လုပ်ငန်းတစ်ခုစီထက်ပိုပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ခွင့်မပြု ဆိုတာနဲ့ သက်ဆိုင်တဲ့ ပြဌာန်းချက်အတွက်လည်း အနည်းဆုံးတစ်နှစ်မှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ် ချနိုင်တယ်လို့ ပြောင်းလဲပါတယ်။

ဒါ့အပြင် လိုင်စင်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်နဲ့ ရပ်ဆိုင်းထားစဉ် ကာလအတွင်း ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ရင်

အနည်းဆုံးသုံးနှစ် ကနေ အများဆုံးငါးနှစ်ထိ ထောင်ဒဏ် ချမှတ်နိုင်တယ်လို့ အစားထိုးထားပါတယ်။

ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ထောင်ဒဏ်တွေထပ်တိုးထားပေမယ့်လို့ ငွေဒဏ်တွေကိုလည်း ဆက်ထားထားလို့ ကျူးလွန်သူရဲ့ ပြစ်မှု နဲ့ တရားသူကြီးရဲ့ဆင်ခြင်တုံ တရားက အဓိကကျလိမ့်မယ်လို့ပြောပါတယ်။

အခုလို ထောင်ဒဏ်ထပ်တိုးလိုက်တဲ့ ပုဒ်မတွေက ပြန်ကြားရေးက လက်ရှိလိုင်စင်ပိတ်ထားတဲ့ကြားက ဆက်လက်ထုတ်လွှင့်နေတဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ရုပ်သံလွှင့်မီဒီယာတွေကို တိုက်ရိုက် ရည်ရွယ်နေပုံရတယ်လို့ သုံးသပ်ကြပါတယ်။

မဇ္စျိမ၊ ခေတ်သစ်မီဒီယာ၊ DVB ၊ Myanmar Now၊ 7 Day ၊တာချီလိတ်သတင်းအေဂျင်စီ၊ မြစ်ကြီးနားဂျာနယ်၊ The 74 Media နဲ့ Delta News Agency တို့ကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းထားပါတယ်။

ဒါပေမဲ့ 7 Day နဲ့ မြစ်ကြီးနားဂျာနယ်တို့က လွဲလို့ ကျန်တဲ့ မီဒီယာတွေကတော့ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

” သူတို့ ထုတ်တဲ့ဥပဒေတွေ လိုက်နာစရာလည်းမလိုဘူး။ ဂရုလည်း မစိုက်ဘူး” လို့ Delta News Agency ရဲ့ အယ်ဒီတာချုပ် ကိုစိုးရ ကပြောပါတယ်။

သူတို့ လိုင်စင်လျှောက်ခဲ့တာက ရွေးကောက်ပွဲကတက်လာတဲ့ အစိုးရဆီမှာ လျှောက်ခဲ့တာလို့ သူကပြောပါတယ်။

BBC Burmese

About the author

admin

Add Comment

Click here to post a comment