ဘွန်းပြန်ရောင်းမယ်… ဝယ်ကြ၊ ပြေလည်သွားပါပြီဆိုမှ ထပ်ထကြွနေတဲ့ဟာတွေကို ထားလိုက်ပါတော့

ဘွန်းပြန်ရောင်းမယ်… ဝယ်ကြ၊ ပြေလည်သွားပါပြီဆိုမှ ထပ်ထကြွနေတဲ့ဟာတွေကို ထားလိုက်ပါတော့

Bond Agent အဖြစ်မှ နှုတ်ထွက်ခြင်းနဲ့ ပတ်သက်ပြီး မနေ့ညက MOPFI ဝန်ကြီး ဦးတင်ထွန်းနိုင်အပါအဝင် အခြားချစ်ခင်ရသော တော်လှန်ရေးမိတ်ဆွေများနဲ့ Meeting လုပ်ဖြစ်ပါတယ်။

ကျွန်မကြုံတွေ့ရသော ပြသနာများနှင့် MOPFI ဝန်ထမ်းအချို့၏ ဆက်ဆံရေးမပြေလည်မှုများကို ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ကြားပါတယ်။ ဦးတင်ထွန်းနိုင်အနေနှင့်လည်း နားလည်မှုလွဲမှားခြင်းများကို ရှင်းလင်းပြောပြပါတယ်။

စိတ်ရှင်းအောင် အကျဉ်းခြုံးပြောပြရရင် ဒီပြသနာက ဝန်ထမ်းအချို့၏ ဘောင်ကျော်မှုနဲ့ အပြောအဆို ဆိုးရွားမှုကြောင့်သာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆လလောက်က ဦးတင်ထွန်းနိုင်က Bond ရောင်းချပေးရန် အကူအညီတောင်းလာပါတယ်။

ကျွန်မသည်လည်း Fund Raise ပွဲတွေ တက်ရောက်နေရသည့်အတူတူ NUG Bondကို မြို့ပေါင်းများစွာမှာ လိုက်လံရောင်းချပေးနိုင်ရင် တော်လှန်ရေးရန်ပုံငွေ ရရှိရန် ရည်သန်ပြီး Offline Bond ရောင်းချရန် ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်မမှာ အချိန်နှင့်လူအား မရှိတာကြောင့် ရောင်းလို့ရသမျှ ငွေနှင့်အချက်အလက်သာ ပေးပို့ရန်၊ ဘွန်းထွက်သည်အထိ ဆောင်ရွက်ပေးမည်ဟု ဆိုပါတယ်။

ပထမဆုံး ရောင်းချသည့် San Fran Bay Area ပွဲမှာ ဒေါ်လာသုံးသိန်းနီးပါး ရောင်းချနိုင်ခဲ့ပါတယ်။ ဦးတင်ထွန်းနိုင်ဘက်မှ ဝန်ထမ်း၃ယောက်ကို ဖောင်ကူဖြည့်ပေးရန် တာဝန်ပေးထားပါတယ်။ ထိုငွေသုံးသိန်းနီးပါးကိုလည်း တစ်ပတ်အတွင်း ပို့ဆောင်ပေးခဲ့ပါတယ်။

ပြသနာက ဘွန်းဘယ်တော့ရမလဲဟု ဝန်ထမ်းသုံးဦးအား မေးမြန်းရာမှ စပါတယ်။ ခင်ဗျားတို့ ဘွန်းအေးဂျန့်တစ်ယောက်ရဲ့ တာဝန်တွေကို မသိဘူးလားတို့၊ ဝန်ကြီးနဲ့ပြောထားတယ်ဆိုတာနဲ့ မရဘူးတို့၊ တာဝန်မယူနိုင်ရင် မရောင်းနဲ့တို့၊ ပွဲတွေဖျက်ပစ်လိုက်တို့၊ ငွေကောက်တာနဲ့ အချက်အလက်ပို့တာလောက်က ကျွန်တော်တို့လည်း လုပ်တတ်တယ်တို့ ပြောဆိုပါတယ်။ ဦးတင်ထွန်းနိုင်ကိုယ်တိုင်ရှိတဲ့ ဂရုချက်ထဲမှာ ဦးတင်ထွန်းနိုင်ရှေ့မှာကို ပြောတာပါ။

ကျွန်မက သူတို့လည်း ဝိုင်းကူပေးနေတဲ့ Volunteere တွေဆိုရင် ကျွန်မတို့လည်း ကူရောင်းပေးတဲ့ Volunteerတွေဖြစ်တာကြောင့် Respect ထားသင့်ကြောင်း၊ ဘောင်မကျော်သင့်ကြောင်း ပြန်ပြောပါတယ်။ ဦးတင်ထွန်းနိုင်ကို ဒီအပြောအဆိုတွေနဲ့ ပတ်သက်ပြီး ဆုံးမပေးဖို့ တိုင်ကြားပေမယ့် ဦးတင်ထွန်းနိုင်ကပဲ ကြားထဲက တောင်းပန်သွားပါတယ်။ ပြောသူတွေကတော့ Sorry ဟု ယနေ့အထိ တစ်ချက်မရှိခဲ့ပါ။

ကျွန်မလည်း တော်လှန်ရေးကိုပဲ မျက်နှာမူပါဆိုတဲ့ ဆုံးမစကားကြောင့် စကားတွေထပ်ရှည်မနေဘဲ ဘွန်းရောင်းချခြင်းတွေကိုပဲ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ဖောင်များကိုလည်း ကိုယ့်ဖာသာပဲ ဖြည့်ပါတော့တယ်။ ဒီတစ်ပွဲလေးပဲ သူတို့ဖြည့်ပေးတာပါ။ မတန်အောင် အပြောခံခဲ့ရပါတယ်။ Bond Agent အများအပြားထံမှလည်း အလားတူဆက်ဆံရေးအဆင်မပြေမှုများကိုလည်း သွားလေရာခရီးတိုင်းမှာ ကြားရပါတယ်။

ဒီပွဲမှာ ဖောင်တွေဖြည့်ပေးသွားတာသည် MOPFI ရဲ့ ဝန်ထမ်းများပါ။ ဘွန်းရကြသူက ရကြပြီး မရကြသူတွေ မရကြတဲ့အတွက် အဖြေရှာပေးဖို့ ပြောဆိုပေမယ့် သူတို့ဘက်က အမှားအယွင်းမရှိကြောင်း၊ အားလုံးပို့ထားကြောင်းပဲ ပြောပါတယ်။ တကယ်မှာလည်း အဲ့ဒီ့ပွဲမှာ မရရှိသူတွေ အများအပြားရှိပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ Form B မဖြည့်ထားဘဲ ကျန်ခဲ့သူအချို့ရဲ့ သက်သေကိုရရှိပါတယ်။

ထပ်မေးပါတယ်။ မမှားကြောင်းပဲ ပြန်ပြောပါတယ်။ ကျွန်မအနေနဲ့ လွန်ခဲ့တဲ့ ငါးလကတည်းက စကားအဆင်မပြေမှုတွေ ဖြစ်ခဲ့ပေမယ့် ဘွန်းဆက်လက်ရောင်းချနေခဲ့သော်လည်း ငါးလကျော်ကြာသည်အထိ ဘွန်းမရရှိသည့်ကိစ္စကို မဖြေရှင်းဘဲ မှန်ပါသည်ဟု ပြောဆိုနေတာကြောင့် ဒီကိစ္စကို အပြီးသတ်ရှင်းလင်းရန် ဆုံးဖြတ်လိုက်ပါတယ်။

အလုပ်များသောဝန်ကြီးထံမှ ဖုန်းပြောလို့ရမည့်အချိန်ကိုစောင့်ပြီး တိုင်ကြားပါတယ်။ ဝန်ကြီးက ဘွန်းမရသေးတဲ့ကိစ္စအတွက် စိစစ်ပေးမည်ဟု ဆိုပေမယ့် ဆက်ဆံရေးကိစ္စနှင့် ပတ်သက်ပြီး ဖြေရှင်းမည်ဟု အဖြေကို မရဘဲ ဆက်မရောင်းလည်း ရတယ်ဟု သဘောသက်ရောက်သည့်စကားသာ ရခဲ့သည့်အတွက် Bond Agent အဖြစ်မှ နှုတ်ထွက်မည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

မနေ့ညက Meeting မှာတော့ မရောင်းလည်းရတယ်လို့ ဆိုလိုတာ မဟုတ်ဘဲ အလုပ်များနေသည့်အတွက် ဘွန်းမရသည့် ပြသနာအားဖြေရှင်းပေးမည်ဟု ပြောပြီးသည့်အတွက် အေး ရတယ်ဟု ပြောလိုက်ခြင်းသာဖြစ်ပြီး နားလည်မှု လွဲမှားခြင်းသာဖြစ်သည်ဟု ရှင်းလင်းပါတယ်။

လူသားအရင်းအမြစ်ရှားပါးမှုနှင့် ဖိအားများကြောင့် ကျွန်မဘက်က အရေးယူရန်၊ ဖြုတ်ပစ်ရန်အထိ အလွန်အကျွံ မတောင်းဆိုပါ။ နောက်နောင် ဒီလို ပြသနာများမဖြစ်ရန်နှင့် Bond Agent များအပေါ် ဆက်ဆံရေးတင်းမာမှုများကို တားဆီးပေးရန် တောင်းဆိုခဲ့ပြီး သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဒါ့ကြောင့် ဒီကိစ္စက ပြေလည်မှုရရှိပြီဟု ပြောလို့ရတာကြောင့် ပြည်သူများအနေနဲ့လည်း ပြေလည်မှုကို ကြိုဆိုပေးကြဖို့ တောင်းဆိုပါတယ်။ ကျွန်မအနေနဲ့လည်း Bond ရောင်းချပွဲများသည် ကျွန်မရဲ့ ဘဝရပ်တည်မှုအချိန်လုံးဝမရှိတော့သည်အထိ ဖြစ်လာခြင်းကြောင့် အချိန်အနည်းငယ်လျှော့ချခြင်းမှအပ ဆက်လက်ရောင်းချသွားမည်ဖြစ်ပြီး ဒီ့ထက်ပို အချိန်သက်သာ လွယ်ကူမြန်ဆန်သော နည်းဖြင့် အရှိန်မြှင့်တင်သွားမည် ဖြစ်ပါတယ်။

NUG Bond သည် တော်လှန်ရေး ရန်ပုံငွေရှာဖွေခြင်းအတွက် အရေးကြီးသော ထောက်တိုင်တစ်ခု ဖြစ်တာကြောင့် အနည်းငယ်သောလူအချို့၏ အဆင်မပြေမှုကြောင့် စိတ်ပျက်ရပ်တန့်လိုက်လို့မရတဲ့အရာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မကျေနပ်တာရှိရင် ပြောပါမယ်၊ ဖြေရှင်းပါ့မယ်၊ နားလည်မှုရအောင် ကြိုးပန်းကြပြီး ရှေ့ဆက်ကြပါမယ်။ အရေးတော်ပုံကာလ အကြပ်အတည်းများ စိတ်ပင်ပန်းမှုများကြောင့် ပွတ်တိုက်မှုများဖြစ်ပေါ်လာခြင်းလောက်နဲ့ စိတ်ပျက်အားလျော့လို့ မရတာကြောင့် ဆက်လက်ကြိုးစားကြရအောင်ပါ။

ကျွန်မကတော့ အားလုံးကို မေ့လိုက်ပါပြီ။ အားနည်းချက်များကို ပြင်ဆင်မည်၊ အလားတူကိစ္စရပ်တွေထပ်ဖြစ်မလာဖို့ အစွမ်းကုန်ကြိုးစားပါမည်ဟူသော ဝန်ကြီး၏ ကတိစကားကိုလည်း အထူးဂုဏ်ယူပါတယ်။

ကျွန်မတို့လိုချင်တဲ့ စနစ်ဆိုတာ ဝန်ကြီးဆိုပြီး နယ်လှည့်ပါးရိုက်တဲ့ စနစ်မျိုး မဟုတ်ဘူး။ ဒါမျိုး ဆွေးနွေးညှိနှိုင်းအဖြေရှာမည့် စနစ်မျိုးသာ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့လည်း ဆက်တိုက်စိတ်ပင်ပန်းလူပင်ပန်းခြင်း စိတ်ဖိစီးခြင်းများကြောင့် အမှားအယွင်းတစုံတရာရှိခဲ့လျင်၊ ပြည်သူကို စိတ်ရှုပ်ထွေးအားလျော့စေခဲ့ရင် တောင်းပန်ပါတယ်။

တွဲထားတဲ့လက်တွေမှာ တို့မိဆိတ်မိရှိပေမယ့် လက်တွဲတွေ မပြည်ကြောင်းပါ။

ဘယ်အထိ တိုက်မလဲ….အဆုံးထိ တိုက်ပါမယ်။
💪💪💪

Leave a Reply

Your email address will not be published.