Local News

စကစ ဩဇာခံတွေကို NUG က နောက်ဆုံးအကြိမ် သတိပေးပြီ

စကစ ဩဇာခံတွေကို NUG က နောက်ဆုံးအကြိမ် သတိပေးပြီ

အကြမ်းဖက် စစ်ကောင်စီ ဩဇာခံ မြန်မာသံအမတ်များနှင့် သံရုံးဝန်ထမ်းများ ပြည်သူနှင့်ပူးပေါင်းကြရန် NUG က နောက်ဆုံးအကြိမ် သတိပေး၊ စစ်ကောင်စီကို ထောက်ခံလျှင် ပြည်သူကို သစ္စာဖောက်မှုဖြင့် အရေးယူမည်

မင်းအောင်လှိုင်နှင့် ၀ဏ္ဏမောင်လွင်ကို လက်အောက် အကြမ်းဖက် စစ်ကောင်စီ ဩဇာခံ မြန်မာ သံအမတ်များနှင့် နိုင်ငံခြားဝန်ထမ်းများ ပြည်သူနှင့်ပူးပေါင်းကြရန် NUG က သတိပေးချက်တစ်ရပ် ယနေ့ ထုတ်ပြန်သည်။

NUG က ထုတ်ပြန်သော သတိပေးချက်တွင် မြန်မာနိုင်ငံတွင် စစ်အာဏာရှင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် နေ့မှစတင်၍ နိုင်ငံတော်အာဏာကို အကြမ်းဖက်နည်းလမ်းဖြင့် မတရား သိမ်းယူရန် ကြိုးပမ်းခဲ့သည်မှာ

ယခုဆိုလျှင် ကာလအားဖြင့် (၉) လတိုင်တိုင်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ သို့ရာတွင် စစ်ကောင်စီသည် နိုင်ငံတော်ကိုအုပ်ချုပ်ရန်နှင့် ပြည်သူပြည်သားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန် စစ်မှန်သောစိတ်ရင်းစေတနာမရှိသည့်အပြင် ၎င်းတို့ မိသားစု၊ လူတစ်စု၏ အကျိုး စီးပွားကိုသာ ရှေးရှုကာနိုင်ငံသားများအပေါ်

တရားဥပဒေမဲ့ ဖမ်းဆီး ညှင်းဆဲ သတ်ဖြတ်ကာ လူသားများပေါ် ထိခိုက် နာကျင်စေသည့် ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန် လျှက်ရှိသည့် အတွက် ပြည်သူများသည် သေကြေပျက်ဆီးမှုများ၊ ထိခိုက်နာကျင်မှုများနှင့် ကြီးစွာသော ဒုက္ခအလုံးစုံကို ကြုံတွေ့ ခံစားနေရကြောင်း ရေးသားဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားသည့် ဝဏ္ဏမောင်လွင်သည် လည်း နိုင်ငံခြားရေး ဝန်ကြီး ဌာန ကို တာဝန်ယူသည့်အချိန်မှစတင်၍ စစ်ကောင်စီကိုဆန့်ကျင်သည့် ဝန်ထမ်းများအား ဖိနှိပ်လျှက် ရှိပြီး၊ ၎င်း ၏ လက်အောက်ခံ ဘက်တော်သားဝန်ထမ်းများနှင့် အတူ

နိုင်ငံတကာမျက်နှာစာတွင် စစ်ကောင်စီ၏ အကျိုး စီးပွားကာကွယ်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း၊ ပြည်သူ့ဘက်မှ ရပ်တည်၍ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဖြစ်သည့်

Civil Disobedience Movement (CDM) တွင် ပါဝင်ခဲ့သော ပြည်ပရောက် မြန်မာသံတမန်များ ကို အလုပ်မှထုတ်ပစ်ခြင်း၊ သံတမန် နိုင်ငံကူးလက်မှတ်များ ဖျက်သိမ်းခြင်း၊

အမည်မည်းစာရင်းသွင်းခြင်းနှင့် သတင်းထောက်လှမ်းခြင်းများ ကို ပြုလုပ်ခဲ့ပြီး၊ ပြည်တွင်းရှိ CDM ဝန်ထမ်းများ အပေါ်တွင်လည်း ဖိနှိပ်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင် စေခြင်းနှင့် အကျဉ်းကျစေခြင်း များကို စစ်အာဏာရှင် အလိုကျဆောင်ရွက်လျက်ရှိကြောင်း NUG က ထုတ်ပြန်သည်။

ထို့ပြင်ပြည်ပရှိ မြန်မာသံရုံးများအားစစ်ကောင်စီ၏ အကျိုးစီးပွားကိုကာကွယ်ရန်အတွက် ပြည်သူများ ခံစားနေရသည်ကို ကိုယ်ချင်းမစာ သတင်း အချက်အလက်အမှားများကို သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံ အစိုးရများထံသို့ ချွင်းချက်မရှိ ဝါဒ ဖြန့်ချိပေးရန် ညွှန်ကြားစေခိုင်းလျက်ရှိကြောင်း၊

ထိုနည်း တူစွာ ပြည်ပရှိ မြန်မာသံရုံးများ၏ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် လုပ်ငန်းစဉ်များအပေါ် တရား ဥပဒေ နှင့် ကိုက်ညီခြင်းမရှိသော အမိန့်နှင့်ညွှန်ကြားချက်များ ချမှတ်ခြင်း၊ အမည်ပျက် စာရင်းများ သွင်းစေခြင်း နှင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏

အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မှုမရှိဘဲ စစ်ကောင်စီ၏ အကျိုးစီးပွားအတွက်သာ ရှေးရှုဆောင်ရွက်ရန် စေခိုင်းညွှန်ကြားမှုများကြောင့် ပြည်ပ ရောက် မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေဖြင့် အခက်အခဲများ ရင်ဆိုင်နေရပါကြောင်း တွေ့ရှိရကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် နိုင်ငံတော်အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့သည့် အချိန်မှစ၍ ယနေ့အထိ မြန်မာနိုင်ငံက ကတိကဝတ်ပြု၍ လေးစားလိုက်နာ ကျင့်သုံးခဲ့သော အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့် ပြည်တွင်းရှိ

တည်ဆဲဥပဒေများကိုချိုးဖောက်ကာ ကြီးလေးသော ပြစ်မှုများကိုကျူးလွန်လျက် မြန်မာ ပြည်သူပြည်သားများ၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ဖျက်ဆီးနေကြောင်း၊

နိုင်ငံတကာမျက်နှာစာ တွင် လည်း မြန်မာနိုင်ငံက စောင့်ထိန်းလိုက်နာခဲ့သော ကတိကဝတ်များကို လေးစားလိုက်နာနိုင်ခြင်း မရှိသည့်အတွက် ကမ္ဘာ့နိုင်ငံများ အနေဖြင့် စစ်ကောင်စီကိုအစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြု ဆက်ဆံရန် ဆန္ဒမရှိသည်ကို သိသာထင်ရှားစွာ တွေ့မြင်နေရပြီး ဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူများ၏ လက်ဝယ်သို့ နိုင်ငံတော်အာဏာ မူလအတိုင်း ပြန်လည်ရောက်ရှိသည့် အခါ၌ စစ်ကောင်စီမှ ခန့်အပ်ထားသည့် ဝဏ္ဏမောင်လွင်အပါအဝင် ၎င်း၏ ဘက် တော်သားဝန်ထမ်းများ၊ စစ်ကောင်စီမှ

တိုးမြှင့်ပေးထားသည့် ရာထူးများနှင့် အခွင့်အရေး များကို ရယူလျှက် စစ်အာဏာရှင် အကျိုးစီးပွားအတွက် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများနှင့် ပြည်သူ့ဘက်တော်သား CDM ဝန်ထမ်းများအပေါ် ဖိအားပေးအရေးယူသည့် စစ်ကောင်စီ လက်အောက်ခံ

ဝန်ထမ်းများ အနေဖြင့် မတရား လုပ်ရပ်များကို ရပ်တန်းက ရပ်ရန် နှင့်‌ ၎င်းတို့ကို ပြည်သူအပေါ် သစ္စာဖောက်ဖျက်မှုဖြင့် ကြီးလေးသောပြစ်ဒဏ်များ ချမှတ် အရေးယူသွားရန် စီစဉ်ထားရှိပြီး ဖြစ်ကြောင်း NUG က သတိပေးထားသည်။

ပြည်ပရောက် မြန်မာသံတမန်များအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် စစ်အာဏာရှင်၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်နေကြသည့် သံတမန်များအဖြစ်မှ ရုန်းထွက်ကြရန်၊

မိမိတို့၏ နိုင်ငံတော်နှင့် အနာဂတ်မျိုးဆက်သစ်များ၏ ရှေ့ရေးကို လေးနက်စွာရှေးရှုလျက် အကြမ်းဖက် စစ်ကောင်စီကို ကိုယ်စားမပြုဘဲ ပြည်သူများနှင့်အတူ ရပ်တည်ကြရန်၊

“ပြည်သူသာအဓိက၊ ပြည်သူနှင့် အတူ” ဟူသောစကားလုံးများကို စာရွက်ပေါ်တွင် မထားကြဘဲ လက်တွေ့ဖော်ဆောင် ပြသကြရန်၊ နိုင်ငံတကာတွင် ပြည်သူဘက်မှ ရပ်တည်နေသည့် သံတမန်များ အဖြစ် မိမိကိုယ်ကို လိပ်ပြာ သန့်သော အသိတရားဖြင့် ရပ်တည်ကြရန် တိုက်တွန်းလျက် နိုင်ငံနှင့်ပြည်သူများအတွက်

သံတမန်ကောင်း ပီသစွာ တရားသော ဓမ္မဘက်သို့ အချိန်မှီကူးပြောင်းကာ ပြည်သူများနှင့်အတူ အမြန်ဆုံး လက်တွဲညီညီ ပူးပေါင်း ၍ စစ်အာဏာရှင် စနစ် အမြန်ဆုံး အဆုံးသတ်ရေး ဆောင်ရွက်ကြရန် နောက်ဆုံးအကြိမ် အဖြစ် သတိပေး အပ်ကြောင်း NUG က ဆိုသည်။

ပြည်သူနှင့် အတူ ရပ်တည်သည့် မြန်မာသံတမန်များ ကို အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရ အနေဖြင့် အစဉ်လက်ကမ်းကြိုနေမည်ဖြစ်ပါကြောင်း နှင့် ပြည်ပရောက် မြန်မာသံတမန်များ အနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန သို့လည်းကောင်း၊

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ချက်သမ္မတနိုင်ငံ၊ ယူကေ နိုင်ငံတို့ရှိ အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရ ကိုယ်စားလှယ်ရုံးများသို့ လည်းကောင်း၊ ဆက်သွယ်နိုင်ပါကြောင်း NUG က ကြေညာသည်။

Khit Thit Media

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.