စစ်ကိုင်းက သူရဲကောင်းတွေ ဒါမျိုးပစ္စည်း သုံးနေရတယ်လို့သိရလို့ စိတ်မကောင်းဖြစ်မိတယ်ဆိုတဲ့ ပန်ဆယ်လို

စစ်ကိုင်းက သူရဲကောင်းတွေ ဒါမျိုးပစ္စည်း သုံးနေရတယ်လို့သိရလို့ စိတ်မကောင်းဖြစ်မိတယ်ဆိုတဲ့ ပန်ဆယ်လို

စစ်ကိုင်းက သူရဲကောင်းတွေ ဒါမျိုးပစ္စည်း သုံးနေရတာ ရှိတယ်ဆိုတဲ့ ဓါတ်ပုံလေးမြင်တော့ စိတ်မကောင်းဖြစ်မိတယ်။ အောက်က ကောမန့်မြင်တော့ ပိုစိတ်မကောင်းဖြစ်ရတယ်။

ကျွန်မဝန်ခံထားပြီးသားပါ။ ကျွန်မဟာ တော်လှန်သူအားလုံးကို လက်နက်တပ်ဆင်ပေးနိုင်တဲ့ စွမ်းအားမရှိပါဘူး။ ကျွန်မ Fund Raise လုပ်လို့ရရှိငွေနဲ့ လက်လှမ်းမှီတဲ့အဖွဲ့တွေကို မျှဝေပေးတာကို အင်အားရှိသမျှ လုပ်ဆောင်ပါတယ်။

ကျွန်မမှာ Fund Raise Project အကြီးတွေ လုပ်ပြီးပြီဆို အင်မတန်ခေါင်းကိုက်ရပါတယ်။ Project Dragonfly လိုမျိုး၊ 1 Million Challenge လိုမျိုး Campaign တွေဟာ မစခင်ကတည်းက
ပို့ဆောင်မယ့်နေရာတစ်ခုက ရှိပြီးသားပါ။

ဒီလို Project မျိုးတွေဟာ အဖွဲ့လိုက်လုပ်ဆောင်ကြတာ ဖြစ်တဲ့အတွက် ထိရောက်မှုရှိသလို တစ်ဖက်မှာလည်း ကျွန်မရဲ့ လှူနေကျအလှူရှင်တွေက ပုံအောပါဝင်လိုက်တာ ဖြစ်တာကြောင့် Project ပြီးပြီဆို အလှူခံဖို့ ခက်ပါတယ်။ ကျွန်မလည်း ပို့ရမယ့်အဖွဲ့တွေနဲ့ အတော်ကြပ်တည်း ခေါင်းကိုက်ရပါတယ်။

ဆိုလိုတာက ဒီကာလမှာ အားလုံးဟာ အကြပ်အတည်းတွေ ကြားထဲမှာပါ။ အခက်အခဲတွေ ကိုယ်စီနဲ့ပါ။ NUG မှာလည်း NUG အခက်အခဲ၊ PDF တွေမှာလည်း PDFတွေ အခက်အခဲ၊ Fund Raiser မှာလည်း Fund Raiser တွေ အခက်အခဲ၊ ပြည်သူတွေမှာလည်း ပြည်သူတွေရဲ့အခက်အခဲ ကိုယ်စီ ရှိကြပါတယ်။ အခက်အခဲတွေကလည်း အားလုံး ဆက်စပ်နေပါတယ်။

အခက်အခဲအားလုံးရဲ့ တရားခံဟာ မင်းအောင်လှိုင်စစ်အုပ်စုပါပဲ။ ဘုံရန်သူကို မမေ့ကြဖို့လိုပါတယ်။ ဘုံရန်သူ မပျောက်ကြဖို့ လိုပါတယ်။ အခက်အခဲတွေဖြစ်အောင် ဖန်တီးထားတဲ့ စစ်အုပ်စုဟာ အခက်အခဲတွေကြောင့် ကျွန်မတို့ အချင်းချင်း အပြစ်တင် သွေးကွဲကြမှာကို လိုချင်နေမှာပါပဲ။

ဒီအခက်အခဲတွေဟာ အချင်းချင်း သူ့ကြောင့် ကိုယ့်ကြောင့် လက်ညှိုးထိုးနေလို့ ပြေလည်သွားမယ့်အရာတွေလည်း မဟုတ်ပါဘူး။ အခက်အခဲတွေ ကြုံလာလေ ကျွန်မတို့အားလုံး သွေးစည်းကြလေနဲ့ တောင့်ခံထားကြမှ အောင်ပွဲရကြမှာပါ။

မကျေနပ်တာတွေ ထိုင်ပြောကြကြေးဆို အခု ဟိုတစ်စ ဒီတစ်စ ကြားသတင်းနဲ့ ထိုင်ဖောင်းထုနေတဲ့ဟာတွေ ငိုသွားအောင်ကို မကျေနပ်ချက်တွေမှ ကျွန်မဆီမှာ အများကြီး။ အခုဖောင်းထုသွေးခွဲနေတဲ့ကောင်တွေ လက်မှိုင်ချသွားရအောင်ကို ကျွန်မဖောင်းထုချင်ရင်မှ အများကြီး။

တော်လှန်ရေးကာလမတိုင်ခင် ပန်ဆယ်လို ဘယ်လိုပုံစံဆိုတာ သိသူဆိုရင် မှတ်မိကြမှာပါ။ ပေါ်လီယာနာစောက်ဖောင်းဆိုတာ ကျွန်မပါပဲ။ ကျွန်မလောက် ဖောင်းထုတာ ရှိဦးမလား။ မကျေနပ်ရင် လဲသေဆိုပြီး စိတ်ထဲရှိသမျှ ကလော်ခဲ့တာ။

အခုကာလ ကျွန်မဆီက တော်ရုံ ဘာမကျေနပ်သံမှ ထွက်မလာတာဟာ အရမ်းကျေနပ်နေလို့လို့ မထင်ကြစေလို။ ကျွန်မရင်ထဲမှာ ရန်သူအစစ်ကို ဘယ်တော့မှ မျက်ခြေမပြတ်စေဖို့ နှလုံးသွင်းထားလို့ပါပဲ။

ဘွန်းတင်းမ်နဲ့ ပြသနာလေးအချို့ လူသိရှင်ကြားဖြစ်တာ မှတ်မိမှာပါ။ ဒါပေမယ့် ကျွန်မ ဘွန်းရောင်းပါတယ်။ မနက်ဖြန်မှာ ရောင်းပါမယ်၊ သန်ဘက်ခါမှာ ရောင်းပါမယ်။ နောက်ပွဲတွေလည်း ရောင်းပါမယ်။ တူရာတွေ စုလုပ်ပါမယ်၊ မတူတာတွေ ခွဲလုပ်ပါမယ်။ ဒီလောက်ပါပဲ။

ကျွန်မတို့ဟာ ဘယ်သူ့ဘယ်သူအတွက်မှ တော်လှန်နေတာ မဟုတ်ဘူး။ ဘယ်သူ့ဘယ်သူရဲ့ တာဝန်ချည်းသီးသန့်မှ မဟုတ်ဘူး။ ဘယ်သူ့ကြောင့်မှ တော်လှန်ရေးကို နောက်ဆုပ်သွားမှာလည်း မဟုတ်ဘူး။

တော်လှန်ရေးဆိုတာ ပုခုံးပေါ်ရောက်လာတဲ့ ခေတ်ရဲ့ တာဝန်ပါ။ ကိုယ်နိုင်ရာပုခုံးနဲ့ ဝင်ထမ်းကြတာပါ။ ကျွန်မကတော့ ဘယ်သူ့ဘယ်သူကိုမှ အပြစ်တင်နေမှာ မဟုတ်ဘူး။

တစ်ခုပါပဲ… တာဝန်မကျေသူတွေကို သမိုင်းက မှတ်သားထားမှာ ဖြစ်သလို တာဝန်ကျေသူတွေကိုလည်း သမိုင်းက မှတ်သားထားပါလိမ့်မယ်။

တတ်နိုင်သမျှ အားကုန်ထမ်းရွက်ခဲ့သည်ဆိုတာ ကျွန်မရေးတဲ့ တော်လှန်ရေးပန်းချီကားမှာ လိပ်ပြာသန့်သန့် လက်မှတ်ထိုးရင်း ရေးနိုင်ခဲ့ချင်တဲ့ စာသားပါပဲ။

ဒီလိုပစ္စည်းမျိုးကိုင်ဆောင်ရတာ ကျွန်မ အပြစ်မပါပေမယ့် သူတို့ရဲ့ ပေးဆပ်မှုအတွက် ဝမ်းနည်းအားနာရပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီတိုင်းက နိုင်သလောက် ဝင်ထမ်းပေးကြဖို့လိုပါတယ်။

တာဝန်ကျေလုပ်ကြတဲ့ တော်လှန်ရေး မဟုတ်တာမို့ တော်လှန်ရေးမအောင်မချင်း တာဝန်မကျေသေးဘူးလို့ တွေးရင်း အားတင်းထားကြရအောင်ပါ။

အချင်းချင်း ပတ်ဖောင်းထုကြမယ်အစား MaALoe ဟေ့ မင်းအောင်လှိုင်လို့ သုံးကြိမ်အော်လိုက်စမ်းပါ။

အနည်းဆုံးတော့ ရင်ထဲပေါ့တာပေါ့။
🙂

Leave a Reply

Your email address will not be published.