International News

မြန်မာ့အရေးလွှမ်းမိုးခဲ့တဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲ မှာ ဘာတွေ ဆွေးနွေးခဲ့သလဲ…?

မြန်မာ့အရေးလွှမ်းမိုးခဲ့တဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲ မှာ ဘာတွေ ဆွေးနွေးခဲ့သလဲ…?

၃၈ ကြိမ်မြောက်နဲ့ ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲတွေနဲ့ ဆက်စပ် အစည်းဝေးပွဲတွေကို ဒီနေ့ အောက်တိုဘာလ ၂၆ ရက်ကစလို့ ၃ ရက်ကြာ ကျင်းပနေပြီဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရက်စ် ကပ်ဘေးကြောင့် အွန်လိုင်းကနေ ကျင်းပတဲ့ ဒီအစည်းအဝေးပွဲတွေကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ဘုရင်က ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာကိုယ်စားပြုသူ မပါဝင်ဘဲ ကျင်းပတာဖြစ်ပေမဲ့ အာဆီယံခေါင်းဆောင်တွေ ကတော့ မြန်မာ့အရေး အာဆီယံရဲ့အားထုတ်မှု တိုးတက်မှု မရှိနိုင်ခဲ့တာကို စိတ်ပျက်ကြောင်း ပြသတဲ့စကားတွေ ပြောဆိုခဲ့ကြပါတယ်။

မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ပေါ်လာအောင် တိုက်တိုက်တွန်းတွန်းလုပ်ဆောင်ခဲ့တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက ဆိုရင် ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်မှုအပိုင်းမှာ တိုးတက်မှုမရှိတာနဲ့ပတ်သက်ပြီး အစည်းအဝေးမှာ အခုလို ပြောပါတယ်။

”ဧပြီလတုန်းကတုန်းက အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးပွဲဟာ အာဆီယံမိသားစုအဖွဲ့ဝင်တွေကို ကူညီဖို့ အားထုတ်မှုဖြစ်ပါတယ်။ ကံမကောင်းချင်တော့ မိသားစုရဲ့ကူညီတဲ့လက်ကို မြန်မာစစ်တပ်က လိုလိုချင်ချင်မရှိခဲ့ ဘူး” လို့ ပြောပါတယ်။

သူပြောတဲ့ ဧပြီလအစည်းအဝေးဟာ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေ အင်ဒိုနီးရှား နိုင်ငံ၊ ဂျာကာတာမြို့မှာ အရေးပေါ်ကျင်းပခဲ့တဲ့အစည်းအဝေးပွဲဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးကနေ အာဆီယံအထူးသံခန့်အပ်ရေး အပါအ၀င် ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က အထမြောက်အောင်ဆောင်ရွက်မှုမရှိဘူးဆိုတဲ့အချက်နဲ့ မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံက အခုထိပ်သီးဆွေးနွေးပွဲကို မဖိတ်ကြားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

”ကျွန်တော်တို့ဟာ ကြားဝင်စွက်ဖက်မှုမလုပ်ရဆိုတဲ့မူကို ထားပေမဲ့ တစ်ဖက်မှာလည်း အာဆီယံ ပဋိညာဉ်မှာပါတဲ့ ဒီမိုကရေစီ၊ အုပ်ချုပ်မှုကောင်း၊ လူ့အခွင့်အရေးနဲ့ ဖွဲ့စည်းပုံနဲ့အညီအုပ်ချုပ်တဲ့ အစိုးရ ဆိုတဲ့ စည်းမျဉ်းတွေကို လေးစားရပါတယ်။ နိုင်ငံရေးမနွယ်တဲ့ မြန်မာကိုယ်စားလှယ်တစ်ဦးကိုပဲ ဖိတ်ဖို့ ဆုံးဖြတ်ချက်ဟာ အာဆီယံအတွက် ခက်ခဲပေမဲ့ ချမှတ်သင့်တဲ့ဆုံးဖြတ်ချက် တစ်ရပ်ဖြစ်တယ်” လို့ သူက ပြောပါတယ်။

ဒီဆုံးဖြတ်ချက်အတိုင်း အာဆီယံက စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် တစ်ယောက်ကို ဖိတ်ကြားခဲ့တယ်လို့ ဘီဘီစီက အစောပိုင်းတုန်းက သိရှိခဲ့ရပါတယ်။စစ်ကောင်စီဘက် ကတော့ နိုင်ငံ့အကြီးအကဲ ဒါမှမဟုတ် သူ့ကို ကိုယ်စားပြုနိုင်တဲ့သူမဟုတ်ရင် အစည်းအဝေးကို မတက် ရောက်ဘူးလို့ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ ၂၈ ရက်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းယူဖို့ရှိတဲ့ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ်ကတော့ အာဆီယံဟာ အစည်းအဝေးအတွက် မြန်မာကို မဖယ်ထုတ်ခဲ့ဘူးဆိုပြီး ပြောလာပါတယ်။

” ဒီနေ့ ထိပ်သီးဆွေးနွေးပွဲမှာ ပါဝင်ဖို့ အာဆီယံမူဘောင်ထဲကနေ မြန်မာကို အာဆီယံက မဖယ်ကျဉ် ခဲ့ပါဘူး။ ပြီးတော့ အာဆီယံက နိုင်ငံရေးနဲ့မပတ်သက်သူ ကိုယ်စားလှယ်တစ်ဦးတက်ခွင့်ပေးတဲ့အထိ ကမ်းလှမ်းခဲ့ပေမဲ့ မြန်မာကိုယ်တိုင်ပဲ ဒီလိုပါဝင်ဖို့ ငြင်းဆန်ခဲ့တာ”လို့ ဝန်ကြီးချုပ်ဟွန်ဆန်က ဆိုပါ တယ်။

ဒါ့ပြင် ဘုံသဘောတူညီချက်တွေ အကောင်အထည်ပေါ်ရေးမှာ မြန်မာစစ်အာဏာပိုင်တွေဘက်က သိသာတဲ့တိုးတက်မှုမပြလို့သာ အခုလိုဖြစ်လာတာလို့ သူက ပြောပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ အာဆီယံအထူးသံရဲ့မြန်မာပြည်တွင်းခရီးစဉ် အမြန်ဆုံး ပေါ်ပေါက်လာစေချင်တဲ့အကြောင်း ဒီနေ့ အစည်းအဝေးမှာ ပြောသွားတာတွေ့ရပါတယ်။

အထူးသံရဲ့မြန်မာခရီးစဉ်ဟာ ယုံကြည်မှုတည်ဆောက်ရေးအရေးပါတဲ့ခြေလှမ်းလို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်,YE AUNG THU
ဓာတ်ပုံ ပုံစာ,
အထူးသံရဲ့မြန်မာခရီးစဉ်ဟာ ယုံကြည်မှုတည်ဆောက်ရေးအရေးပါတဲ့ခြေလှမ်းလို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာပြည်တွင်း တည်ငြိမ်အေးချမ်းမှုကို ထိုင်းဘက်က မြင်တွေ့လိုပြီး မြန်မာပြည်သူ တွေအတွက်တင်မက ဒေသတွင်းအတွက်ပါ အကျိုးရှိစေတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးကိုလည်း ထိုင်းနိုင်ငံက ထောက်ခံတယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဆိုပါတယ်။

”မြန်မာ့အရေးဖြေရှင်းနိုင်မှုဟာ အာဆီယံအတွက် ဒေသတွင်းမှာ ကိုယ့်ပြဿနာကို ကိုယ်ဖြေရှင်း နိုင်မှုအတွက် စမ်းသပ်ချက်တစ်ရပ်ဖြစ်သလို အာဆီယံရဲ့အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍလည်း အရေးကြီးပါတယ်”လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ့အခုပြောဆိုချက်နဲ့အလားတူ စကားမျိုးကိုလည်း စင်ကာပူ ဝန်ကြီးချုပ်က ပြောဆိုပါတယ်။

”တိုးတက်မှုတွေ နှေးကွေးနေပါတယ်။ ဒါဟာ မြန်မာပြည်သူတွေအတွက် တကယ့်အကျိုးဆက် တွေရှိလာမှာ ဖြစ်သလို စည်းမျဉ်းအခြေတည်တဲ့အဖွဲ့ဖြစ်တဲ့ အာဆီယံအတွက် ယုံကြည်မှုအပိုင်းမှာ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် မြန်မာစစ်အာဏာပိုင်တွေအနေနဲ့ အထူးသံတမန်နဲ့ ချွင်းချက်မရှိ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ အခိုင်အမာတိုက်တွန်းပါတယ်။” လို့ ဝန်ကြီးချုပ် လီရှန်လွန်းက ပြောပါတယ်။

ဘုံသဘောတူညီချက်ပါ အချက်တွေကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်လိုမှု မပြသဘူး ဆိုရင် စစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲဖိတ်ဖို့ ခက်လိမ့်မယ်လို့ ပြောခဲ့တဲ့ မလေးရှားနိုင်ငံကတော့ နိုင်ငံရေးနဲ့ အဆက်နွယ်သူ ကိုယ်စားလှယ်တစ်ယောက်ကို ဖိတ်တဲ့ အာဆီယံ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ ဆိုပါတယ်။

ဒီနေ့ ထိပ်သီးအစည်းအဝေးပွဲကို တက်တဲ့ မလေးရှားဝန်ကြီးချုပ်ကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်ခေါ်မယ် ဆိုတဲ့ကတိအဝတ်အတိုင်း ဒုက္ခသည်တွေပြန်ခေါ်ရေး အားထုတ်ဖို့နဲ့ ဒုက္ခသည်တွေရဲ့အခွင့်အရေးတွေကို အဓိက ထားပြောသွားတာတွေ့ရပါတယ်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံထဲမှာပါဝင်နေတဲ့ ဗီယက်နမ်နိုင်ငံကတော့ ပေါင်းစည်းမှုအင်အားနဲ့ အဖွဲ့ဝင် နိုင်ငံတွေကြုံနေရတဲ့အခက်အခဲတွေကို ကျော်လွှားဖို့ ဆန္ဒရှိတဲ့အကြောင်းပဲ ပြောထားပါတယ်။

Ref BBC

About the author

admin

Add Comment

Click here to post a comment