International News

စစ်ခေါင်းဆောင်ကို နားချကိုင်တွယ်ဖို့ ကြိုးစားမည့် အမေရိကန် သံအမတ်‌ဟောင်း ရစ်ချတ်ဆန်

စစ်ခေါင်းဆောင်ကို နားချကိုင်တွယ်ဖို့ ကြိုးစားမည့် အမေရိကန် သံအမတ်‌ဟောင်း ရစ်ချတ်ဆန်

ယခင် နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူး နှင့် သံအမတ်‌ဟောင်းလည်း ဖြစ်သည့် ဘီလ် ရစ်ချတ်ဆန် သည် လူသားချင်း စာနာထောက်ထားမှု ခရီးစဉ် အဖြစ် အကူအညီပေးနိုင်မည့် နည်းလမ်းများကို ဆွေးနွေးရန် လေးရက်ကြာ ခရီးစဉ်အဖြစ် မြန်မာ နိုင်ငံ သို့ ရောက်ရှိလာပြီဟု သိရသည်။

အင်္ဂါနေ့တွင် အာဏာသိမ်း ခေါင်းဆောင် မင်းအောင် လှိုင် နှင့် တွေ့ဆုံရန် ရှိနေသည်ဟု အတည်ပြုနိုင်ခြင်း မရှိသေးသော သတင်းများက ဆိုသည်။

၎င်း၏ ခရီးစဉ် အား လည်း လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးအပ်နိုင်ရေး ကြိုးပမ်းမည့် ပုဂ္ဂလိက ခရီးစဉ် ဖြစ်ပြီး ကုလ အတွင်းရေးမှုချုပ် မှ သိရှိပြီး ဖြစ်ကြောင်း လည်း သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဌာနက ၎င်း၏ ခရီးစဉ် ကို ကြိုဆိုကြောင်းနှင့် ရလဒ် တစုံတရာ ထွက်ပေါ်ဖွယ် ရှိသည်ဟု မျှော်လင့်ကြောင်းနှင့် စစ်ခေါင်းဆောင်များအား ၎င်းတို့ အလိုအပ်ဆုံး ဖြစ်နေသည့် ကပ်ရောဂါ ကာကွယ်ရေး နှင့် အခြားထောက်ပံ့ရေး အကူအညီများ ပေးနိုင်အောင် နားချနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နောက်ကွယ်တွင် အဖမ်းဆီးခံ သတင်းစာဆရာ ဒင်နီ ဖန်စတား လွတ်မြောက်ရေး အတွက် ကြိုးပမ်းဖွယ် ရှိသည်ဟု ထင်ကြေးများ ထွက်ပေါ်နေသည်။ ဤသည်ကလည်း ရစ်ချတ်ဆန်သည် ယခင်က မြောက်ကိုရီယား သို့ အကြိမ် ပေါင်းများစွာ သွားရောက်ခဲ့ပြီး ဖမ်းဆီးခံထားရသော အမေရိကန် နိုင်ငံသားများ ပြန်လည် လွတ်မြောက်အောင် အဓိကနေရာ မှ ပါဝင်ခဲ့သည့် အစဉ်အလာများ ရှိခဲ့သောကြောင့်ပင် ဖြစ်သည်။

ရစ်ချတ်ဆန်သည် ၂၀၁၈ ခုနှစ် အတွင်း နိုင်ငံတော် အတိုင်ပင်ခံ နှင့် လူသိရှင်ကြား အငြင်းပွားကာ ရခိုင် အကြံပေး ကော်မရှင် အဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်သွားခဲ့သူ ဖြစ်သည်။

ရစ်ချတ်ဆန်ကို လာရောက်ခွင့်ပေးခြင်းသည် စစ်ကောင်စီက ၎င်းတို့ အပေါ် တင်းမာသည့် သဘော ထား များ တိုး၍ တိုး၍ ပြလာနေသော အမေရိကန် အစိုးရ အား ပြေရာပြေကြောင်း ကြိုးစားသည့် အနေဖြင့် ခွင့်ပြု ခဲ့ခြင်းလည်း ဖြစ်ပုံရသည်။

မေ့ထား၍ မဖြစ်သော နောက်တချက်မှာ ရစ်ချတ်ဆန်သည် အမေရိကန်တွင် လျှပ်စစ်ကားများ ဓါတ်အား ဖြည့်သွင်းသည့် စခန်းများ ပိုင်ဆိုင်ထားသည့် အကြီးဆုံး ကုမ္ပဏီ ကြီး ဖြစ်သည့် Car Charging Group ၏ ဘုတ်အဖွဲ့ ဥက္ကဌ လည်း ဖြစ်သည် ဆိုသော အချက်ပင်။

ထို့အပြင် How to Sweet-Talk a Shark: Strategies and Stories from the Master Negotiator (ငါးမန်းကို သကြားလုံး ကျွေးနည်း) စာအုပ် ကို ရေးသားပြုစု ထုတ်ဝေ ခဲ့သူ ဖြစ်ပြန်သဖြင့် ဘဝင်ရူး ရူးနေသော မင်းအောင်လှိုင်ကို မည်သို့ မည်ပုံ ကိုင်တွယ်သွားမည် ဆိုသည်ကလည်း စိတ်ဝင်တစား စောင့်ကြည့်ရပေဦးတော့မည်။

မင်းအောင်လှိုင်ကတော့ ၎င်းတို့ ထိန်းချူပ်ထားသော တီဗီ မှ တတိုင်းပြည်လုံး က သူ့နောက်တွင် ရပ်တည်နေဟန်ဖြင့် စည်းလုံးညီညွတ်စွာ ရုန်းကန်ကြရန် ပြောဆိုသွားပြန်သည်။ သို့သော် ကိုဗစ် တတိယ လှိုင်းကြီး အတွင်း မိမိတို့ အပေါ် သိမ်းကျုံးပြီး ရက်စက်ယုတ်မာစွာ ပြုကျင့်ခဲ့မှုများကို ပြည်သူများက မည်သည့် အခါမျှ မေ့နိုင်ကြတော့မည် မဟုတ်ပေ။

မနေ့က ထန်တလန် မြို့အား မြန်မာစစ်တပ်က မီးလောင်တိုက်သွင်းခဲ့၍ အိမ်ပေါင်း ၁၀၀ ကျော်ခန့် ဆုံးရှုံးသွားခဲ့မှု အပါအဝင် ထိတ်လန့်ဖွယ် ကောင်းလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေမှု များကို ရှုတ်ချ ကြောင်း တနင်္ဂနွေနေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

အမေရိကန် အစိုးရ အနေဖြင့် မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်နေမှုများကို လွန်စွာ စိုးရိမ်မကင်း ဖြစ်လာရကြောင်း၊ မတရား ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် နှင့် အားလုံး ပါဝင်နိုင်မည့် ဒီမိုကရေစီ လမ်းကြောင်း ပေါ် လျှောက်လှမ်းရန် တောင်းဆိုကြောင်း ပြောခွင့်ရ နက် ပရိုက်စ် က ဆိုသည်။

အမေရိကန်သည် အားလုံး ပါဝင် နိုင်မည့် ဒီမိုကရေစီ စနစ်ကို တောင်းဆိုလိုက်ခြင်းဖြင့် စစ်တပ် အလိုတော် ရိပါတီများ နှင့် ပြုလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ် ပြုမည် မဟုတ်ဆိုသည်ကို သွယ်ဝိုက်ပြီး စောစီးစွာ အသိပေးလိုက်ခြင်း လည်း ဖြစ်သည်။

ထို့အပြင် စစ်ကိုင်းတိုင်း နှင့် ချင်းပြည်နယ်များတွင် စစ်ရေး အရှိန် တိုးမြှင့်လာနေမှု အပေါ်လည်း စိုးရိမ်တကြီး စောင့်ကြည့်နေကြောင်း ကြေညာချက်တွင် ပါရှိသည်။

အမေရိကန် နိုင်ငံခြားရေး ဌာန၏ တနင်္ဂနွေ နေ့ ကြေညာချက်တွင် စစ်တပ်၏ လုပ်ရပ်များ တာဝန်ခံမှု ရှိရေး အတွက် နိုင်ငံတကာ အသိုက်အဝန်း မှ အရေးယူ ဆောင်ရွက်ရန် “အရေးတကြီး လိုအပ်နေပြီ” ဆိုသည်ကိုလည်း မီးမောင်းထိုးပြလာခဲ့သည်။

မင်းအောင်လှိုင်၏ တီဗီ တွင် ထွက်ပြောသော စကားများကို ကြည့်က ပြည်တွင်း ပြည်ပတွင် ယုံကြည်မှု ရရန် ပြန်လည် ကြိုးပမ်းချင်နေသော်လည်း လက်ရှိ အနေ အထားတွင် တပ်တွင်း ပုန်ကန်မှု မဖြစ်ရန် အောက်လက်ငယ်သားများ၏ ခိုးဆိုးလုယက် သတ်ဖြတ်‌ နေမှု များကို တလုံးတပါဒမျှ မဟန့်တား ရဲဘဲ ဖြစ်နေသည်။

သမ္မတကြီး နှင့် နိုင်ငံတော် အတိုင်ပင်ခံ ကိုမူ ပုဒ်မပေါင်း များစွာ နှင့် လုပ်ကြံ ဖန်တီး တရားစွဲဆိုနေသော်လည်း ကိုးလ အတွင်း တနိုင်ငံလုံး မှိုလိုပေါက်အောင် လုယက် သတ်ဖြတ် မှုများ ကျူးလွန်နေသူ တဦးတယောက် ကိုမျှပင် အရေးယူ အပြစ်ပေးခဲ့ခြင်း မရှိသည်မှာလည်း မျက်နှာပြောင် လွန်း လှပေသည်။

သူ့အဖို့ ဓမ္မ နှင့် အဓမ္မ တို့ အကြား တွန်းထိုး ရုန်းကန်နေမှု (Virtue vs Vice) တွင် အဓမ္မ က အနိုင်ရရှိသွားသည် ဆိုသော ပန်းချီကားတချပ် ကို ရေးသားချယ်မှုန်း ရန် ကြိုးစားနေသူ နှင့် ဆင်တူနေပေသည်။

တဖက်တွင် မင်းအောင်လှိုင်သည် bad cop – good cop game ကစားလာပြီး လက်ရှိ ဖြစ်ပွားနေမှုများသည် မလိုသူများက အပုတ်ချနေလေဟန် လိမ်ညာ ဟန်ဆောင်နိုင်ရန် သူတော်ကောင်း အသွင် ဆောင်လာသည်ကို တွေ့နေရသည်။ ၎င်းတို့ဖက်က မည်သည့် ပြစ်မှုများ ကျူးလွန်စေကာမူ ဇော်မင်းထွန်း မှ မဟုတ်ဖူး ဆိုသော စကားတခွန်းတည်း နှင့် ပြဿနာကို အဆုံးသတ်နိုင်ရန် ကြိုးစားနေခဲ့ကြသည်။

သို့သော် ခရစ်ယာန် ဘာသာဝင် များ နှင့် ဘုရားရှိခိုးကျောင်းများအား ရွေးချယ်တိုက်ခိုက်လာသည့် ဖြစ်စဉ်ပေါင်း ၂၀ ကျော်ခန့် ရှိနေသည်ကို သတင်း မီဒီယာများက စာရင်းပြုစုထားကြသည်။ ထိုအထဲတွင် ပြီးခဲ့သည့် လအ တွင်း ထန်တလန် မြို့မှာပင် စစ်သားများက အိမ်များကို မီးရှို့ခဲ့ကြ၍ မီးငြိမ်းသတ်ရန် ရောက်ရှိလာသည့် ဘက်ပတစ် ဘုန်းတော်ကြီး တပါးကို ပစ်သတ်ကာ လက်ချောင်းကို ဖြတ်ပြီး လက်ထပ် လက်စွပ် ကို ချွတ်ယူ သွားသည့် ဖြစ်စဉ်လည်း ပါဝင်‌နေသည်။

ယမန်နေ့ကလည်း တောင်ကြီးမှ သူနေထိုင်ရာ ဖယ်ခုံသို့ ကားဖြင့် ပြန်လာသော ကက်သိုလစ် ဘုန်းတော်ကြီး တပါးကိုလည်း နောက်တခါ လမ်းမှာတွေ့လျှင် ပစ်သတ်မည်ဟု မင်းအောင်လှိုင် စစ်သားများက ခြိမ်းခြောက်ခဲ့သည့် သတင်းကလည်း ပျံ့နှံ့သွားပြန်သည်။

ထန်တလန် မီးလောင်တိုက်သွင်း ခံခဲ့ရမှု အတွက် စစ်တပ်လိုလားသူများက ဆိုရှယ်မီဒီယာ များ ပေါ်မှ ထောက်ခံ ရေးသား နေသော်လည်း ထိုသူတို့ကဲ့သို့ ဗြောင်ကျကျ ပြောဆိုရဲခြင်း မရှိသည့် စစ်တပ်ကမူ ကျူးလွန်သူများ ၏ အမည်များ နှင့် သက်သေအထောက်အထား များ အခိုင်အမာ ရရှိထားသည့် ကြားမှပင် မိမိတို့ ဖက်မှ ကျူးလွန် ခြင်း မဟုတ်ကြောင်း၊ PDF များ လက်ချက်ဖြစ်ကြောင်း၊

မည်သို့သော သက်သေ သက္ကာရ တခုတလေမျှ ပြနိုင် ခြင်း မရှိ၊ ပါးစပ်မှ ငြင်းဆိုခြင်းဖြင့် နိုင်ငံတကာ သို့ လိမ်ညာရန် အားထုတ်လာခဲ့သည်။ သို့သော် အမြဲလို လိမ်ညာ ပြောဆိုသူများ ဖြစ်၍ မည်သူကမျှ အရေးတယူ လုပ်ခဲ့ကြခြင်း မရှိပေ။ ဤသည်ကပင် စစ်တပ် အတွက် နိုင်ငံ တကာ မျက်နှာစာတွင် အကြီးအကျယ် အရေးနိမ့်စရာ ဖြစ်လာခဲ့ရသည်။

တဖက်တွင် ပြည်တွင်းရှိ ပြည်သူများကိုမူ အကြောက်တရားများ ပေါ်ပေါက်လာစေရန် ၎င်းတို့ ထောက်ခံသူ များမှတဆင့် ခြိမ်းခြောက်လာခဲ့ကြသည်။

ယခုလာမည့် နိုဝင်ဘာ ၂၅ နှင့် ၂၆ ရက်များတွင် ကမ္ဘောဒီယား၏ ဦးဆောင်မှုဖြင့် အွန်လိုင်းမှ ကျင်းပရန် ရှိနေ သည့် အာဆီယံ-ဥရောပ ထိပ်သီး ဆွေးနွေးပွဲသို့လည်း မင်းအောင်လှိုင် တက်ရောက်ရမည် မဟုတ်သည်က ကြိမ်းသေနေပြီ ဖြစ်သည်။ မည်သည့် ရာထူး အဆင့်ရှိသူကို ဖိတ်ကြားမည်ဆိုသည့်အပေါ်သာ ညှိနှိုင်းကြဖို့ ရှိနေပေသည်။ အီးယူ ဖက်ကလည်း အာဏာသိမ်း ခေါင်းဆောင်ကို မဖိတ်ကြားရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည် ဟု Nikki Asia Review တွင် ရေးသားထားသည်။

ထိုအတွက် အာဆီယံ ၏ ဆုံးဖြတ်ချက်သည် နောက်နောင်တွင် မြန်မာ စစ်ခေါင်းဆောင်အား မည်သည့် အဆင့် မြင့် ဆွေးနွေးပွဲများ တွင် မဆို မဖိတ်ခေါ်ရန် အစဉ်အလာတရပ် ပြဋ္ဌာန်းပေးသလို ဖြစ်သွားခဲ့ရသည်ဟု ဆိုသည်။ အာဆီယံ၏ တရားဝင် ဝက်ဆိုက်တွင် ဦးကျော်တင့်ကိုသာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ၏ နိုင်ငံ ခြားရေး ဝန်ကြီး အဖြစ် ဖေါ်ပြထားသည်ဟု သိရသည်။

မင်းအောင်လှိုင် ကိုယ်တိုင် ဂျကာတာ သို့ ရောက်လာပြီး သဘောတူခဲ့သည့် အချက် ငါးချက်ပါ သဘောထားကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့မှု အပေါ် အာဆီယံ က စိတ်ဆိုးမာန်ဆိုး တုန့်ပြန်လိုက်ခြင်းပင် ဖြစ်သည်။ ထို့အတွက် စစ်ကောင်စီသည် ကမ္ဘာအလယ်တွင် အစိုးရသဖွယ် ရပ်တည်နိုင်ဖို့ အခွင့်အလမ်း ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။

ကမ္ဘောဒီယား မှ ဥက္ကဌ ဖြစ်လာချိန်တွင် လူတောထဲ ပြန်ဝင်နိုင်မည် ဆိုသော စစ်ခေါင်းဆောင်များ၏ တိတ်တခိုး မျှော်လင့်နေမှုကလည်း ဟွန်ဆန်၏ မထင်မှတ်ဘဲ ပြင်းထန်သော တုန့်ပြန်လာမှုများ အောက်တွင် ပျောက်ပျက် သွားခဲ့ရပြီ ဖြစ်သည်။ တဖြေးဖြေး နှင့် အာဆီယံသည် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ထိတွေ့ဆက်ဆံရ တော့မည့် အနေအထားသို့ ချဥ်းကပ်လာနေပြီ ဖြစ်သည်။

အဘက်ဘက်မှ တိုးတက်နေသော၊ တိုးတက်ရန် တာစူနေသော အာရှတိုက် နိုင်ငံများ အကြား အလယ် ဗဟို ချက်မကြီးတွင် ဆူဒန်၊ ဆိုမာလီယာကဲ့သို့ နိုင်ငံတနိုင်ငံ ဖြစ်ထွန်းလာမည့် အရေးကို အားလုံးက စိုးရိမ်တကြီး ဖြစ်လာကြသည်မှာလည်း သဘာဝ ကျပေသည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!
Hla Soe Wai

About the author

admin

Add Comment

Click here to post a comment