Local News

တပ်မိသားစုတွေနဲ့ စစ်ကောင်စီဥက္ကဋ္ဌတွေ့ဆုံပြီး ရွေးကောက်ပွဲပြန်ကျင်းပပေးမယ်လို့တဖန် ရှင်းပြပြန်

တပ်မိသားစုတွေနဲ့ စစ်ကောင်စီဥက္ကဋ္ဌတွေ့ဆုံပြီး ရွေးကောက်ပွဲပြန်ကျင်းပပေးမယ်လို့တဖန် ရှင်းပြပြန်

တပ်မိသားစုဝင်တွေကို တွေ့ဆုံနှစ်သိမ့်မှုတွေအတွက် အချိန်နှောင်းနေပြီလို့နိုင်ငံရေးလေ့လာသုံးသပ်သူတွေပြော

စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြင်ဦးလွင်တပ်နယ်မှာရှိတဲ့ တပ်မိသားစုဝင်တွေကို မနေ့ စက်တင်ဘာ ၁၄ ရက်နေ့က စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။

ပြင်ဦးလွင်တပ်နယ်မှာရှိတဲ့ နည်းပြအရာရှိ၊ ကထိက အရာရှိ၊ ပါရဂူဆေးမှူးတွေ၊ ဆရာ၊ဆရာမတွေနဲ့အတူ စစ်သည်မိသားစုတွေကိုပါ တွေ့ဆုံခဲ့တာဖြစ်ပြီး အရာရှိတွေ၊ စစ်သည်မိသားစုတွေအနေနဲ့ ဝင်ငွေ၊ ထွက်ငွေမျှတအောင်နေဖို့၊ ရောင့်ရဲကြဖို့ကို မိန့်ခွန်းမှာထည့်သွင်းပြောကြားဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဥက္ကဋ္ဌက နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်က ခေတ္တတာဝန်ယူထိန်းသိမ်းရခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပြီး လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲတရပ်ပြန်လည်ကျင်းပပေးမယ်လို့လည်းဆိုပါတယ်။

ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တနှစ်အတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပမယ်လို့ပြောဆိုချက်တွေရှိခဲ့ပြီး အာဏာသိမ်းမှုကာလ ၆လတာကာလကြာမြင့်ချိန်မှာတော့ ရွေးကောက်ပွဲကျင်းပဖို့

လုပ်ငန်းဆောင်တာတွေလုပ်နေရတဲ့အတွက် ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ အဲဒီလုပ်ငန်းစဉ်အားလုံး ပြီးဆုံးဖွယ်ရှိတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက အာဏာသိမ်းတာ ၆ လပြည့်တဲ့နေ့မှာ ပြောတဲ့ မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌအနေနဲ့စစ်ဘက်ဆိုင်ရာအရာရှိတွေနဲ့တပ်မိသားစုဝင်တွေကိုတွေ့ဆုံပြောဆိုတဲ့အခြေနေတွေရှိနေပေမယ့် ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းတပ်မတော်သားတွေနဲ့တပ်မိသားစုဝင်တွေအပေါ် အမြင်တွေကတော့ အဆိုးဘက်ကိုရောက်နေပြီလို့နိုင်ငံရေးလေ့လာသုံးသပ်သူတွေဘက်က သုံးသပ်ကြပါတယ်။

” အရင်ကလည်း တပ်ကအရာရှိတွေ၊ တပ်မိသားစုဝင်တွေကို တွေ့ဆုံပြောဆိုဖူးတာရှိပါတယ်။အခုကအခြေနေတော်တော်ဆိုးနေပြီ။ ဒီအခြေအနေကိုမကုစားဘဲ ရောင့်ရဲတင်းတိမ်ဖို့ပြောနေတာကနောက်ကျနေပါပြီ။ အားလုံးကဘာမှပြည့်ပြည့်၀၀ခံစားရတာမဟုတ်ဘူး။ သူတို့ မိသားစုတွေလည်းသေဆုံးနေတယ်။

ဒီလိုအခြေအနေတွေမှရောင့်ရဲကြဖို့သွားပြောနေတာ မထိရောက်ပါဘူး၊ နောက်ကျနေပါပြီ ” နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ တပ္မဒီပအင်စတီကျု့က ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းက သုံးသပ်ပြောဆိုပါတယ်။

တဖက်မှာလည်း မြန်မာ့နိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၇လ အတွင်း မြန်မာပြည်သူလူထုခံစားနေရတဲ့ ဒုက္ခတွေပြောင်းလဲလျော့ပါးသွားတာမရှိသလို အာဏာသိမ်းမှုကိုဆန့်ကျင်နေတဲ့ ပြည်သူလူထုရဲ့အရှိန်လည်းလျော့မသွားဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးတဲ့နောက် စစ်ဘက်ဆိုင်ရာကနေ စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့တပ်မတော်သားတွေ၊ ရဲအရှာရှိတွေလည်းဆက်ရှိနေသလို နိုင်ငံတဝန်းမှာ ဆန္ဒပြမှုတွေ၊ ဒေသကာကွယ်ရေး တပ်တွေရဲ့ ခုခံဖောက်ခွဲတိုက်ခိုက်မှုတွေကလည်း အရှိန်လျော့သွားတာမရှိတာကြောင့် တိုင်းပြည်ကို ထိန်းသိမ်းဖို့ အခြေအနေ စစ်ကောင်စီမှာ ရှိမနေသေးဘူးလို့ မြန်မာ့အရေးကျွမ်းကျင်သူတချို့က သုံးသပ်ပြေကြားထားပါတယ်။

ဓာတ်ပုံ-MOI
ပုံစာ- စက်တင်ဘာ ၁၄ရက်နေ့က စစ်တက္ကသိုလ်ဗိုလ်လောင်းအမှတ်စဉ် (၆၄)
စစ်လက်ရုံးရွေးချယ်ပွဲမှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

BBC