တိုက်ပွဲတွေ အမြန်ရပ်စေချင်ပြီး အိမ်ပြန်ချင်တယ်လို့ ပြောလာတဲ့ လေးကေ့ကော် စစ်ရှောင်အမျိုးသမီးအကြောင်း

တိုက်ပွဲတွေ အမြန်ရပ်စေချင်ပြီး အိမ်ပြန်ချင်တယ်လို့ ပြောလာတဲ့ လေးကေ့ကော် စစ်ရှောင်အမျိုးသမီးအကြောင်း

လေးကေ့ကော်က စစ်ရှောင်- အိမ်ပြန်ချင်နေတဲ့ နော်ဖေ

အခုအချိန်မှာ အဖြစ်ချင်ဆုံး ဆန္ဒကတော့ ကိုယ့်အိမ်ကိုယ့်ရာမှာပဲ ပြန်နေချင်တယ်လို့ ပြောလာသူက နော်ဖောပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ လလယ်ကတည်းက ကရင်ပြည်နယ် လေးကေ့ကော်မှာ တိုက်ပွဲတွေဖြစ်လာလို့ စစ်ရှောင်ရင်း သောင်ရင်းမြစ် နံဘေးမှာ ဖြစ်သလို တဲထိုး နေထိုင်နေတဲ့သူတွေထဲက အမျိုးသမီးတစ်ဦးပါ။

သောင်ရင်းမြစ်ဘေးနေထိုင်နေကြတဲ့ သူတို့လို အိမ်ထောင်စုပေါင်း ၅၀ လောက် ရှိပြီး အများစုက ခရစ်ယာန် ဘာသာ၀င်တွေ ဖြစ်တာမို့ နီးစပ်ရာ ဆွေမျိုး မိတ်ဆွေတွေ အသင်းတော်တွေရဲ့ ကူညီ ထောက်ပံ့မှုတွေနဲ့ နေထိုင်လာတာ ၆လ နီးပါး ရှိပြီလို့ သူက ပြောပါတယ်။

တောထဲက ဝါးခုတ် ၊ အင်ဖက်တွေမိုးပြီး ပလတ်စတစ် အကာတွေနဲ့ နေထိုင်နေကြရတဲ့ သောင်ရင်းမြစ်ဘေးက စစ်ရှောင်တွေအဖို့ နောက်အပူတမျိုး တိုးလာတာကတော့ ခုရက်ပိုင်းအတွင်း ရာသီဥတု ဖောက်ပြန်မှုပါ။

ပြီးခဲ့တဲ့ ၂ရက်လောက် ကတည်းက မိုးတွေ အဆက်မပြတ် ရွာသွန်းမှုကြောင့် အမိုးအကာ မလုံတဲ့ အိမ်တွေက နော်ဖောတို့ စစ်ရှောင်တွေအတွက် ညအခါမှာ မိုးယိုတာ လွတ်တဲ့နေရာမှာ ငုတ်တုတ်ထိုင်ရင်း မိုးလင်းခဲ့ရတယ်လို့ သူ့အတွေ့အကြုံကို နော်ဖောက ပြောပြပါတယ်။

တချိန်တည်းမှာ နံဘေးက သောင်ရင်းမြစ်က တဟုန်ထိုး ရေတက်လာတာကလည်း အသံနဲ့ အတူ ရေရဲ့ အရောင်ကပါ နောက်ကျိ မည်းညစ် နေတဲ့အတွက် ဒီလို အချိန်မှာ တဖက်ကမ်းကို ကူးဖို့ မဖြစ်နိုင်သလို ၊ သောင်ရင်းမြစ်ရေကို အားကိုးပြီး ချက်ပြုတ်၊ လျှော်ဖွပ် သုံးစွဲနေရတဲ့ သူတို့အဖို့ လတ်တလော အတိ ဒုက္ခရောက်နေရတယ်လို့ သူက ပြောပါတယ်။

တခါ လေးကေ့ကော်ဘက်မှာကလည်း ဗုံးတွေကြဲနေ ၊ ဒီဘက်မှာကလည်း မိုးသက်လေပြင်းကျပြီး သောင်ရင်းမြစ်ရေ ကလည်းတက်လာတော့ ပြေးစရာမြေမရှိ၊ ကယ်သူမဲ့ ဘ၀တွေ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

စစ်ပွဲက ပေးတဲ့ ရင့်ကျက်မှု

လေးကေ့ကော်မှာ တိုက်ပွဲတွေ စဖြစ်တာနဲ့ ကိုယ်လွန်ရုန်း ပြေးထွက် လာကြရတဲ့ နော်ဖောတို့တွေ အခုလို မြစ်ကမ်းနေဘေးမှာ ဖြစ်သလို နေထိုင်နေရတာ လာမယ့် ၁၅ ရက်နေ့မှာ ၆လ ပြည့်ပါပြီ။

ဒီကာလအတောအတွင်း နီးစပ်ရာ ဆွေမျိုးသားချင်းတွေ လာလှူဒါန်းကြတဲ့ ဆန် ၊ ကြက်ဥ နဲ့ ငါးသေတ္တာ စတာတွေကို မျှဝေ စားသုံး နေထိုင်နေကြရတာပါ။

သူတို့ စစ်ရှောင်နေတဲ့ ကာလအတွင်း ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့တွေ ၊ အရပ်ဘက် CSO အဖွဲ့တွေ လာရောက် ကူညီတာမျိုး မရှိခဲ့ဘဲ ခရစ်ယာန် အသင်းတော်တွေ ၊ နီးစပ်ရာ မိတ်ဆွေ အသိုင်းအဝိုင်းတွေကို အကူအညီ တောင်းနေထိုင်ရင်း နှစ်ဝက် နီးပါး ရှိလာကြပါပြီ။

လတ်တလော အရေးပေါ် အကူအညီ အနေနဲ့ ရေလိုအပ်ချက်ကို ဖြည့်တင်းဖို့ မိုးရေတွေ ခံသုံးမယ်၊ အဲဒီအတွက် မိုးရေခံစရာ ပုံးတွေ၊ စည်ပိုင်းတွေ လိုချင်တယ် ၊ မိုးတွင်းဝင်လာလို့ ခြင်ထောင်၊ စောင်တွေ ရနိုင်ရင် ကောင်းမယ်လို့ နော်ဖောနဲ့အတူ စစ်ရှောင်လာတဲ့ အမျိုးသမီးတဦးကလည်း ပြောပါတယ်။

ကရင်တိုင်းရင်းသူ နော်ဖောကတော့ ငယ်စဥ်ကတည်းက ဒီလို တိုက်ပွဲတွေကြား ကြီးပြင်း ဖြတ်သန်းခဲ့ရသူမို့ လက်ရှိ ကြုံနေရတဲ့ အခြေအနေအပေါ် တုန်လှုပ်မှု မရှိဘဲ အေးဆေးစွာ ဖြတ်သန်းဖို့ ဆုံးဖြတ် ထားသူပါ။

အထင်ကရ စစ်ရှောင်စခန်းတွေမဟုတ်လို့ ကူညီသူမရှိဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရပ်တည်နေကြရ

ခေါင်းပေါ်မှာ လေယာဥ်တွေ ဘယ်လောက်ဝဲဝဲ ၊ ဗုံးတွေ ဘယ်လောက် ကြဲကြဲ ၊ မိုးဒဏ် လေဒဏ် ကြားမှာ ဒီအခြေအနေကို ဆက်လက် တိုက်ပွဲ၀င်သွားမယ်လို့ ပြောပါတယ်။

ရုပ်ပိုင်းဆိုင်ရာ မလုံခြုံတဲ့ဘ၀မှာ စိတ်ပိုင်းဆိုင်ရာ ခိုင်မာမှု ရှိကြရဲ့လား
မေလ ၂၀ ရက် မနက်ကတည်းက ဘင်္ဂလား ပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်း ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဆင့်ပြောင်းသွားပြီး မြန်မာနိုင်ငံ အရှေ့နဲ့ တောင်ဘက်ပိုင်းကို ၀င်ရောက်ခဲ့တာပါ။

ဒီ မုန်တိုင်းငယ် အရှိန်ကြောင့် မော်လမြိုင်၊ချောင်းဆုံ၊ ကျိုက်မရော၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ် တွေမှာလဲ မိုးသက်လေပြင်းတွေ ကျရောက်ပြီး သစ်ပင်ကြီးတွေ ပြိုလဲကာ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်တာ၊ နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

လတ်တလော နော်ဖောတို့နေထိုင်ရာ တဲတွေနံဘေးက သောင်ရင်းမြစ်ကလည်း ရေတွေ တရိပ်ရိပ် တက်လာပြီး မြ၀တီ မြို့မှာဆိုရင်လည်း ဒီနေ့ မေလ ၂၁ရက် ညပိုင်းတွေ ရေတိုးနေတာကြောင့် မြို့သူမြို့သားတွေ အခက်ကြုံနေကြရပါတယ်။

သောင်ရင်းမြစ်နံဘေးမှာ စစ်ရှောင်နေတဲ့ နော်ဖောတို့ အတွက်တော့ အထင်ကရ စစ်ရှောင်စခန်းတွေလည်း မဟုတ်တော့ လာရောက်ကူညီပေးမယ့်သူလည်း မရှိ ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရပ်တည်နေကြရတယ်လို့ ဆိုပါတယ်။

ကလေးတွေလည်း မြစ်ကမ်းဘေး စစ်ရှောင်တဲတွေမှာ ဖြစ်သလို နေထိုင်နေကြရ

သူတို့လို စစ်ရှောင်လာသူတွေ အနေနဲ့ ၆လနီးပါး ကာလအတွင်း နေ့စဥ်နဲ့ အမျှ ဘာမှ လုပ်စရာ ကိုင်စရာလည်း မရှိတာမို့ ကြာလာတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ စိတ်ဓာတ်ကျလာကြတယ်လို့ နော်ဖောက ပြောပြပြန်ပါတယ်။

အခုလို စစ်မပြေးခင်ကဆိုရင်တော့ ကိုယ့်အိမ် ကိုယ့်ရာမှာ ရာသီဥတု ဘယ်လောက်ပဲ ဆိုးရွားနေပါစေ လုံခြုံအေးချမ်းစွာ စိတ်ချလက်ချ အိပ်နိုင်ကြတဲ့ ဘ၀တွေကို ဖြတ်သန်းခဲ့ရတာပါလို့ သူက ပြောပါတယ်။

ဒါကြောင့် အခုအချိန်မှာ အဖြစ်ချင်ဆုံး ဆန္ဒကတော့ တိုက်ပွဲတွေ အမြန်အဆုံးသတ်ပြီး ကိုယ့်အိမ်ကိုယ့်ရာကိုပဲ ပြန်ချင်တယ်လို့ နော်ဖောက ပြောပါတယ်။

Leave a Reply

Your email address will not be published.