Local News

တိုင်းပြည်ခေါင်းဆောင်ဆိုတာ ဘယ်လိုစိတ်ဓါတ်မျိုး ထားရမယ်ဆိုတာ ဗိုလ်ချုပ်တွေကို သင်ကြားပေးခဲ့တဲ့ ဖြစ်ရပ်..

တိုင်းပြည်ခေါင်းဆောင်ဆိုတာ ဘယ်လိုစိတ်ဓါတ်မျိုး ထားရမယ်ဆိုတာ ဗိုလ်ချုပ်တွေကို သင်ကြားပေးခဲ့တဲ့ ဖြစ်ရပ်..

တချိန်က ကျနော်တို့ ရှမ်းပြည်နယ် ခရီးစဉ်ရဲ့ မိုင်းတုံမြို့မှာ လူထုတွေ့ဆုံပွဲလုပ်တော့ မြို့နယ်ထွေအုပ်ဌာန ခန်းမ အကျဉ်း လေးတစ်ခုမှာ လုပ်ရပါတယ်.. ပြည်နယ် မြို့နယ်တွေဖြစ်လို့ လူဦးရေက သိပ်အများကြီး မတက်ကြဘူး.. ဖိတ်ကြားခံရတဲ့ ဌာနဆိုင်ရာပုဂ္ဂိုလ်တချို့နဲ့ ဝန်ထမ်း မဟုတ်တဲ့ သာမန်ပြည်သူတချို့သာ တက်ရောက်တာ တွေ့ရပါတယ်။

ခရီးစဉ်ရဲ့ ထုံးစံအတိုင်း နိုင်ငံတော်အတိုင်ပင်ခံက လူထုနဲ့တွေ့တဲ့အခါ အမှာစကားပြောတယ်. ပြီးတဲ့အခါ လူထုက မေးချင်တာ မေးနိုင်တယ်ဆိုပြီး ခွင့်ပြုတယ်..

အဲဒီမြို့မှာတုန်းက တက်ရောက်သူလည်းနည်းတော့ မေးချင်ကြတဲ့ လူဦးရေက နည်းတယ်.. မေးချင်တာ မေးနိုင်ပါတယ်ဆိုတော့ မေးတဲ့သူ သိပ်မရှိဘူး။ ဒေသခံ (၂) ယောက် ထဲပဲ မေးခွန်းမေးတာ တွေ့ရတယ်။

မေးမြန်းသူ မရှိတော့လို့ အတိုင်ပင်ခံက နိဂုံးချုပ်အမှာ စကားပြောမယ့်အချိန်မှာ အရှေ့က ထိုင်နေတဲ့ ကလေးတွေထဲက ကျောင်းသူလေးတစ်ယောက်က မေးခွန်းမေးချင်ပါတယ်ဆိုပြီး လူကြီး တွေကတဆင့် ပြောလာပါတယ်။ အတိုင်ပင်ခံကလည်း မေးချင်တာ မေးပါဆိုပြီး ခွင့်ပြုပါတယ်။

ကျောင်းသူနာမည်ကိုတော့ မသဲမကွဲပဲ ကြားလိုက်ရလို့ မမှတ်မိပါဘူး။ သူမေးခဲ့တာက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ဖြစ်ကြောင်း၊ ဒါပေမယ့် အမှတ်က နည်းတော့ ပညာရေးကောလိပ်ကို တက်ရောက်ချင်ပေမယ့် တက်ရောက်ခွင့် မရ ဖြစ်နေတာကို အမေစုအနေနဲ့ ကူညီနိုင်မယ်ဆိုရင် ကူညီပေးစေလိုကြောင်း ကျောင်းသူလေးက ပြောပါတယ်။

ဒီအခါ နိုင်ငံတော်အတိုင်ပင်ခံက ပြည်နယ်ဒေသတွေဟာ ဘာသာစကားအခက်အခဲ ကြောင့် တက္ကသိုလ်ဝင်တန်းမှာ အမှတ်နည်းနည်းပဲ ရကြတာကို နားလည်တဲ့အကြောင်း၊ ဘာသာစကား ကျွမ်းကျင်မှု အားနည်းကြတာကြောင့်

အခြား မြန်မာဘာသာကိုပဲ အမြဲ ပြောဆိုသုံးနှုန်းနေတဲ့ ကလေးတွေနဲ့ ပြိုင်ဆိုင်တဲ့အခါမှာ အမှတ်နည်းတာကို ဖြစ်တတ်ကြောင်းနဲ့ ဒီကိစ္စကို ပညာရေးဝန်ကြီးနဲ့ တိုင်ပင်ပြီး မူတစ်ခု ချမှတ်ဆောင်ရွက်နိုင်အောင် ကြိုးစားနေကြောင်း၊

ဒီလို မူနဲ့ စနစ်တွေ ချမှတ်အကောင်အထည်ဖော်မှသာ ယခု ကျောင်းသူလေးလို ဖြစ်နေတဲ့ ပြသနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်တဲ့အကြောင်း၊ အခု မေးမြန်းခဲ့တဲ့ သမီးငယ် အတွက် အချိန်လွန်မှ ဖြစ်လာမယ့် စနစ်ကြောင့်ဆိုပြီး စိတ်ဓာတ်ကျမနေဘဲ ပညာရေးနယ်ပယ်မှာ ဆက်လက် ကြိုးစားလိုတဲ့ ကလေးတွေအတွက်လည်း နည်းလမ်းများ ဖွင့်ပေးမှာ ဖြစ်ကြောင်း ပြန်ဖြေပါတယ်။

အဲဒီအချိန်မှာ အမေစုရဲ့ ခရီးစဉ်အတွင်း လိုက်ပါလာတဲ့ ဗိုလ်ချုပ်ကြီး ဦးရဲအောင်(နယ်စပ်) က ဒီကလေးရဲ့ ပညာရေးအတွက် တာဝန်ယူဖြေရှင်းပေးလိုကြောင်း ပြည်နယ်ဝန်ကြီးချုပ်ကတဆင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို တင်ပြခိုင်းပါတယ်။

ခရီးစဉ်တစ်ခေါက်ရဲ့ အမှတ်တရအဖြစ်ရော၊ ကလေးရဲ့ ပညာရေး အထစ်အငေါ့ဖြစ်နေတာ အတွက်ရော ဗိုလ်ချုပ်ကြီးက ကူညီတဲ့အနေနဲ့ ဒီလိုဆောင်ရွက်လိုတာ ဖြစ်ပါတယ်။

ဒီနေရာမှာ တခြား လူကြီးတစ် ယောက်ဆိုရင်တော့ ဒီလိုကူညီမှုကို လက်ခံလိမ့်မယ်လို့ ထင်ပါတယ် (ကျနော့အမြင်ပါ)။ ကျနော်သာဆိုရင်လို့ တွေးကြည့်ခဲ့ပါတယ်.. ဝမ်းသာအားရ လက်ခံမှာပါ။ လူအုပ်ကြားထဲမှာ ကလေးတစ်ယောက်က ဝါသနာပါတဲ့ တက်ချင်တဲ့ ပညာရေးကောလိပ် တက်ခွင့်ရသွားမှာကို ဘယ်သူက ဝမ်းမသာဘဲ ရှိမလည်းလို့ တွေးမိပါတယ်။

ဒါပေမယ့် ကျနော်ကြားလိုက်ရတဲ့ အတိုင်ပင်ခံကြီးရဲ့ စကားကြောင့် အလွန်ပဲ အံ့သြမိခဲ့ပါတယ်။ အတိုင်ပင်ခံက ပြောတာက “ကျမတို့ ဒီလိုလုပ်လို့တော့မဖြစ်ပါဘူး။ ဒါကျမ ပွင့်ပွင့်လင်းလင်းပြောတာပါ။

ကျမတို့ မူတစ်ခုချပြီး လုပ်ရပါလိမ့်မယ်။ ဒီလိုပဲ တစ်ယောက်ချင်းတစ်ယောက်ချင်းကို ကောက်ပြီးတော့ လုပ်လို့ မဖြစ်ပါဘူး။ ဒီကလေးအခွင့်အရေး ရသလို တခြားသူတွေလည်း ဒီကလေးနဲ့ တန်းတူညီတူရှိတဲ့ လူတွေလည်း အခွင့်အရေး ရရမယ်။

အဲဒါကို ကျမတို့ ကြည့်ပြီးတော့ စီစဉ်ပါ့မယ်။” ဆိုပြီး ပြန်ပြောပါတယ်။ ဝမ်းသာစရာ ကောင်းလွန်းတဲ့ စကားပါ။ ကိုယ့်မျက်စေ့ ရှေ့မှာတင် လူတစ်ယောက်ကောင်းစားသွားမှာကိုတော့ ဘယ်သူမဆို ဝမ်းသာကြ မှာပါပဲ..

တစ်ယောက်ချင်းကောင်းဖို့ လုပ်နေတာမျိုး မဟုတ်ဘဲ လူတိုင်း၊ နိုင်ငံသားတိုင်း ရသင့်တဲ့ အခွင့်အရေးကို တန်းတူညီတူရနိုင်အောင် စဉ်းစားပေးနိုင်တာဟာ ခေါင်းဆောင်တွေရဲ့ အရည်အချင်းလို့ ပိုပြီး နားလည်လာပါတယ်။

လူကိုမပြင် မူကိုပြင်သည်..

ဒီအဖြစ်အပျက်မှာဆိုရင် လူတစ်ယောက်ကို သူဖြစ်ချင်တဲ့၊ သွားချင်တဲ့ နေရာတစ်ခုကို ရောက်အောင်သွားနိုင်ဖို့ ပြုပြင်ပေးလိုက်လို့ ရနေတဲ့ အနေအထားမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ငြင်းပယ်ခဲ့တဲ့ စကားကြောင့် ဒီကလေးရဲ့ အိပ်မက်ဟာ ပျက်စီးကောင်း ပျက်စီးသွားနိုင်ပါတယ်။

ဒါပေမယ့် နားလည်လိုက်တာက တိုင်းပြည်တစ်ခု၊ လူ့အဖွဲ့အစည်းတစ်ခုမှာ အခုလို တစ်ယောက်စီကောင်းစားရေးအတွက် ပြင်ပေးနေမယ့်အစား စနစ်ကောင်း တစ်ခုကို ဖန်တီးတည်ဆောက်ပေးလိုက်မယ်ဆိုရင် ပြည်သူအားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ် ရရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။ အခုအချိန်မှာ အနာဂါတ်တွေကတော့..

Ko Thet Aung