ဒီကာလမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီကလည်း အင်မတန် အရေးကြီးတယ်လို့ ဆိုလာတဲ့ ပန်ဆယ်လို

ဒီကာလမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီကလည်း အင်မတန် အရေးကြီးတယ်လို့ ဆိုလာတဲ့ ပန်ဆယ်လို

ဒီကာလမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီကလည်း အင်မတန် အရေးကြီးတယ်။ တိုင်းပြည်က စုတ်ပြတ်သတ်ပြီး ဒုက္ခပေါင်းစုံ မလုံခြုံမှုပေါင်းစုံ အကြောက်တရားပေါင်းစုံ မပြေလည်မှုပေါင်းစုံနဲ့ ကြုံတွေ့နေရတဲ့ အချိန်မှာ ပြည်တွင်းရော ပြည်ပရော နေသာသလို နေနိုင်တဲ့ နှလုံးသားမျိုး မရှိသူတိုင်း ပျော်ရွှင်မနေကြပါဘူး။

သိပ်မကြာသေးခင်က ကိစ္စလေးတစ်ခုပေါ့။ ဖေ့စ်ဘုတ်ဖရန့်တစ်ယောက်က ပိုစ့်တင်တယ်။ အပြင်မှာလည်း မသိပါဘူး။ သူ့ပိုစ့်က ထူးဆန်းနေတယ်။ သူတို့ တစ်ယောက်ယောက်က စကားပြောဖို့ ဖုန်းခေါ်ပေးနိုင်မလားဆိုပြီး သူ့ဖုန်းနံပါတ်လေး ရေးထားတယ်။

ကိုယ်က ပုံမှန်ဆိုရင် ဖုန်းပြောရတာ ပျင်းတဲ့သူ။ ဒါပေမယ့် သူ့စတေးတပ်စ်ကို ဖတ်ရတာ တစ်ခုခု ခံစားလိုက်ရတယ်။ ကူကယ်ရာမဲ့နေတဲ့ အသံကိုပါ ကြားလိုက်ရသလိုမျိုး။

သူကလည်း USကပဲဆိုတော့ ကိုယ် ချက်ချင်းပဲ သူ့နံပါတ်ကို ဖုန်းခေါ်လိုက်တယ်။ ဖုန်းခေါ်ပေးပါဆိုလို့ပါလို့ ပြောလိုက်တော့ သူငိုတယ်။ ငိုတာမှ အကြာကြီးပဲ။ ကိုယ့်ဘဝမှာ ယောက်ျားတစ်ယောက် ငိုတာကို မမြင်ဖူး မကြားဖူးခဲ့ဘူး။ သူငိုတာကို စိတ်ရှည်လက်ရှည်နားထောင်ရင်း ကိုယ်ပါ မျက်ရည်ဝဲရတယ်။

US ရောက် ချင်းတိုင်းရင်းသား တစ်ယောက်ပါပဲ။ သူ့ညီအစ်ကိုတွေ သူငယ်ချင်းတွေထဲက တိုက်ပွဲကျတယ်။ ဒီဘက်မှာက အထီးကျန်တယ်။ အခြားသော မပြေလည်မှုတွေလည်း ရှိလိမ့်မယ်။ ကိုယ်ကတော့ သူပြောတာ နားထောင်ပေးဖြစ်တယ်။

အားပေးစကားတွေ Motivation တွေ ဇွတ်ပြောနေတာထက် နားထောင်ပေးရုံက ပိုအသုံးဝင်တဲ့ အချိန်တွေ ရှိတယ်။ သူက ကျေးဇူးတင်ကြောင်း ပြောတယ်။ သူ အခုနကဆို တခုခုလုပ်ဖြစ်တော့မယ်ဆိုတဲ့စိတ်မျိုးဖြစ်လာလို့ တစ်ယောက်ယောက်နဲ့ စကားပြောကြည့်ဖို့ ကြိုးစားတာပါတဲ့။ ဘယ်သူမှ ဆက်လာမယ် ထင်မထားဘူးတဲ့။

ကိုယ်ကတော့ အားပေးစကားတွေထက် နားလည်တယ်ဆိုတာရယ်၊ ကိုယ်တစ်ယောက်တည်း ကြုံနေရတာ မဟုတ်ဘူးဆိုတာရယ်ကိုပဲ ပါးပါးလေး ပြောဖြစ်တာပါပဲ။ နောက်ပိုင်းတော့ သူပြန်အဆင်ပြေသွားပုံပေါ်ပါတယ်။ ကြည်ကြည်သာသာ Status လေးတွေ တွေ့ရတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကိုယ်လည်း အဲ့လိုစိတ် ထဖြစ်တယ်။ အကြောင်းအရာ မယ်မယ်ရရမရှိဘဲ လမ်းပျောက်သလို ရှေ့မဆက်ချင်တော့သလို ခံစားချက်မျိုးက ရေနစ်သလိုပဲ။ လူဆိုတာက သေချင်တယ်ဆိုတဲ့စိတ်က ချက်ချင်းပေါ်လာပြီး ချက်ချင်းမှာပဲ ဖြစ်သွားနိုင်တာမျိုးမဟုတ်လား။

ကိုယ် မိတ်ဆွေတစ်ယောက်စီ စာပို့လိုက်တယ်။ စကားပြောဖို့ထက် စာရိုက်ပြီး ပြောချင်နေတာမျိုး။ ကိုယ့်မှာ လူတစ်ယောက်ရှေ့ ငိုချဖို့ သတ္တိကလည်း မရှိ။ မိတ်ဆွေကလည်း စာရေးဆရာပီပီ စာမျက်နှာ လေးမျက်နှာပါတဲ့ စာအရှည်ကြီးကို PDF File နဲ့ကို ပြန်ပို့လာတယ်။ စာရှည်ပေမယ့် ကိုယ့်အတွက်တော့ စာတစ်ကြောင်းမှ ပစ်စရာမရှိတဲ့ နည်းလမ်းလေးတွေပါပဲ။ အခုဆိုရင် ကိုယ်က သူပြောတဲ့အချက်လေးတွေ တစ်ချက်စီ လိုက်လုပ်ဖြစ်ရင်း အနည်းငယ်အဆင်ပြေလာခဲ့ပြီ။

ဒီကာလမှာ ကိုယ်တွေအချင်းချင်း စိတ်ပိုင်းဆိုင်ရာ ဖေးမကြဖို့ လိုအပ်တယ်။ ငါနားလည်ပါတယ်ကွာဆိုတဲ့ စကားလေးတစ်ခွန်းကလည်း လူတစ်ယောက်ကို အသက်ဆက်ရှင်ဖို့ အကြောင်းပြချက် ရသွားစေတာပဲ။

လူ့ဘဝဆိုတာ တည်းတည်းလေးပါပဲ။ အစွန်အဖျားလေးမှာ ရှင်သန်ဖို့ အကြောင်းပြချက်လေးတွေ တစ်ခုချင်းစီကို ဆွဲယူရင်း ကုတ်ကပ်အသက်ရှင်နေကြရတာ။ သေလိုက်ဖို့ဆိုတာ အဲ့စိတ်လေးကို အလုံးစုံလွှတ်ချလိုက်ရုံလောက်ပါပဲ။

တစ်ယောက်ယောက်ကို ငါရှိတယ်၊ ငါတို့ရှိတယ်နော်၊ ငါနားလည်ပါတယ်၊ ငါတို့နားလည်တယ်ဆိုတာလောက်ကို ကိုယ်တို့က အဆင်သင့်ရှိပေးနေကြသင့်တယ် မဟုတ်လား။ ချစ်ရသူတွေ လွှတ်ချသွားတာကို ထိုင်ကြည့်နေရမှာထက် အခွင့်အရေးရှိမယ်ဆိုရင် ဖမ်းယူဆွဲထားနိုင်လိုက်သင့်တယ် မဟုတ်လား။

အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့စိတ်ထဲမှာ ချစ်ခြင်းမေတ္တာအကြောင်း မကြာခဏ ပြန်တွေးရင်း ရှေ့ဆက်နေရတဲ့ ရက်တွေပါပဲ။ ထူးထွေလည်း သန်မာမနေပါဘူး။ သေရတာထက် နေရတာခက်တဲ့ ကာလတွေမှာ ငါက ခက်ခဲတာတွေပဲ လုပ်မှာဆိုပြီး မာန်တင်းထားရုံပါပဲ။

ကူကယ်ရာမဲ့သူတွေရဲ့ အသံတိုးတိုးလေးတွေကို ပိုမိုနားစိုက်ထောင်ကြရင်း အချင်းချင်း ကယ်တင်ရှင်သန်ကြရမှာပါပဲ။

Leave a Reply

Your email address will not be published.