Local News

ဒေါ်အောင်ဆန်းစုကြည် အမှု ဦးဝင်းထိန်က သက်သေထွက်ဆိုခဲ့တဲ့ အကြောင်း

ဒေါ်အောင်ဆန်းစုကြည် အမှု ဦးဝင်းထိန်က သက်သေထွက်ဆိုခဲ့တဲ့ အကြောင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်စွဲဆိုခံထားရတဲ့အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မတို့အတွက် ဒီကနေ့ နိုဝင်ဘာ ၈ရက် က နေပြည်တော်အထူးတရားရုံးမှာကြားနာစစ်ဆေးခဲ့ပါတယ်။

တရားခွင်မစခင်မှာ ပုံမှန်အတိုင်းရှေ့နေအဖွဲ့နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံခွင့်ရခဲ့ပြီး သဘာဝဘေးပုဒ်မနဲ့စွဲဆိုခံထားရတဲ့အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်အတွက်စွပ်စွဲခံရသူဘက်က သက်သေအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးဝင်းထိန် က တရားရုံးမှာ လာရောက်ထွက်ဆိုခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

’’တရားရုံးအခေါ်ကတော့ ခံပြသက်သေအဖြစ် အန်ကယ်ဦးဝင်းထိန်ကို စစ်တာပေါ့။ ဦးဝင်းထိန်ကလည်း ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိဘူးထွက်ဆိုတယ်’’လို့ ရှေ့နေတစ်ဦးကရှင်းပြပါတယ်။

ဒီကနေ့ အမှုအတွက် ကနဦးက ဦးဝင်းထိန်နဲ့ နေပြည်တော်ကောင်စီဝင် ဦးမင်းသူကို ခံပြသက်သေအဖြစ်စစ်ဖို့လျာထားခဲ့ပေမယ့် ဦးဝင်းထိန်တစ်ဦးထဲကိုသာ စစ်ခဲ့တာဖြစ်ပါတယ်။

ဦးဝင်းထိန်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ -က နဲ့တရားစွဲဆိုခံထားရပြီး ထောင်ဒဏ်အနှစ်၂၀ ချမှတ်ခံထားရတာလည်း ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကတော့ သူ့ကိုစွဲဆိုထားတဲ့သဘာဝဘေးပုဒ်မအတွက် စွပ်စွဲခံရသူဘက်က သက်သေမတင်ဘဲ သူကိုယ်တိုင်ထွက်ဆိုခဲ့တာကြောင့် ခံပြသက်သေ(တရားရုံးအခေါ်) မတင်သွင်းခဲ့ဘူးလို့ သိရပါတယ်။

ကိုဗစ်ကာလအတွင်း မဲဆွယ်ယာဉ်တန်းကို ကြိုဆိုတယ်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့်တို့ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပါ ပုဒ်မ ၂၅ နဲ့ သီးခြားစီ စွဲဆိုထားပြီးစွဲချက်တင်ခံထားရတာဖြစ်ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့နိုဝင်ဘာ ၁ရက်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သက်သေထွက်ဆိုခဲ့ပြီးအဲဒီအမှုအတွက်အပြစ်မရှိကြောင်း ထွက်ဆိုထားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မတို့အတွက်ကတော့ ဒီကနေ့မှာ တရားလိုပြသက်သေတွေကို ပြန်ခေါ်စစ်ခဲ့တယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံထားရသူတွေအားလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကသိရပါတယ်။

Ref BBC

About the author

admin

Add Comment

Click here to post a comment