International News

NUG ရဲ့D Day ကြေညာချက်ဟာ အမေရိကန်ရဲ့ သဘောထားရပ်တည်ချက်အပေါ် အပြောင်းအလဲ…see more

NUG ကနေ အာဏာသိမ်းစစ်ကောင်စီအပေါ် ပြည်သူ့တော်လှန်ရေးဆင်နွဲဖို့ ကြေညာတာဟာ အမေရိကန်ရဲ့ရပ်တည်ချက်သဘောထားအပေါ် တစုံတရာ အပြောင်း အလဲမရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂိုလ် Mr.Ned Price က သွယ်ဝိုက်ပြောသွားပါတယ်။

စင်တင်ဘာ ၉ ရက်က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် Simon က

” လက်ရှိ အခက်အခဲကို ဖြေရှင်းဖို့ အကြမ်းဖက်တဲ့နည်းကို လက်မခံဘူးဆိုပြီး ခင်ဗျား မနေ့က ပြောခဲ့တယ်။ NUG က ခုခံတော်လှန်စစ် ဆင်နွဲဖို့ ကြေညာတဲ့အပေါ် ခင်ဗျားပြောခဲ့တာပါ။

ကျုပ်မေးချင်တာက ခင်ဗျားက NUG က ကြေညာတာကို လက်မခံဘူးဆိုတဲ့သဘောဆိုတော့ ခင်ဗျားတို့မှာ တခြား ဘာအဖြေတွေရှိနေလဲဆိုတာ ကျူပ်က စိတ်၀င်စားမိတယ်။ အခု အာဏာသိမ်းစစ်တပ်တပ်လို့ ခင်ဗျားတို့ကိုယ်တိုင်ပြောနေတဲ့ စစ်တပ်ကို လက်မခံတဲ့သူတွေ ဒီမိုကရေစီလိုလားတက်ကြွလှုပ်ရှားသူတွေကို ခင်ဗျားပြောချင်တာက ဘာလဲ။

ခင်ဗျားတို့ရဲ့ အဖြေက ဘာလဲ။နောက်ဆက်မေးချင်တာက NUG က အာဏာသိမ်းစစ်တပ်ကို စစ်ကြေညာပြီ-လက်နက်ကိုင်ပြီဆိုပါတော့ဗျာ။ အဲဒါက ခင်ဗျားတို့နဲ့ NUG ဆက်ဆံရေးကို ထိခိုက်စေသလား။

အမေရိကန် ဒုနိုင်ငံခြားရေး၀န်ကြီးနဲ့ NUG နဲ့ ထပ်တွေ့ဖို့ အခွင့်အရေး နဲသွားပြီလား။ UN မှာ NUG အတွက် နေရာရဖို့ကို အမေရိကန်က ထောက်ခံပေးဖို့ ကိစ္စအပေါ် တစုံတရာ အကျိူးသက်ရောက်မှုရှိစေတာလား” ဆိုပြီးမေးခဲ့ပါတယ်။

နိုင်ငံခြားရေး၀န်ကြီးဌာန ပြောခွင့်ရ Mr Price က
”ကျနော်တို့ ထပ်တလဲလဲ ပြောပြီးပါပြီ။ အမေရိကန်ဟာ မြန်မာပြည်သူတွေဘက်က ရှိနေတယ်။ မြန်မာပြည်သူတွေဟာ အာဏာသိမ်းတာကို လက်မခံဘူး။ ထောက်လဲ မထောက်ခံဘူးဆိုတာ ကျနော်တို့ ပြောပြီးပါပြီ။

ကျနော်တို့လိုပဲ မြန်မာပြည်သူတွေကဒီမိုကရေစီပြန်ရတာကိုပဲ မြင်ချင်လိုချင်တယ်။ အခုစစ်တပ်ကပြောနေတာတွေ လုပ်နေတာတွေ မြန်မာပြည်သူတွေက လက်မခံပါဘူး ” လို့ သတင်းထောက်မေးတာကို တိုက်ရိုက်မဖြေပဲ သွယ်ဝိုက်ဖြေသွားခဲ့ပါတယ်။

သူရဲ့အဖြေဟာ NUG ကြေညာချက်အပေါ်တစုံတရာဝေဖန်ပြောမသွားသလို NUG လက်နက်ကိုင်တယ်ဆိုတဲ့အပေါ်လည်း မှတ်ချက်ပေးမသွားတာတွေ့ရပါတယ်။

မြန်မာပြည်သူတွေဘက်ကပဲရပ်မယ်- မြန်မာပြည်သူတွေက အာဏာသိမ်းစစ်တပ်ကို လက်မခံဘူးဆိုတာကိုပဲပြောသွား တာတွေ့ရပါတယ်။ UN မှာ NUG ကိုယ်စား လှယ်ထောက်ခံရေးကိစ္စကိုလည်း Mr. Price က ဖြေမသွားပါဘူး။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ရပ်တည် ချက်ဟာ မပြောင်းလဲဘူးဆိုတာပြသ သလို Price ရဲ့ပြောဆိုမှုတွေဟာ NUG ကို ထောက်ခံတယ်ဆိုတဲ့သဘောဆောင်နေတယ်လို့ တက်ရောက်ခဲ့တဲ့သတင်းထောက်အများစုက သုံးသပ်ပါတယ်။

” အင်အားကြီးနိုင်ငံတနိုင်ငံအနေနဲ့ ဒီထက်ပြောဖို့မဖြစ်နိုင်ပါဘူး။ ကျနော့် သတင်းထောက်အတွေ့အကြုံအရ မြန်မာပြည်သူတွေဘက်ကရပ်တယ်ဆိုတာဟာ NUG ဘက်ကရပ်တယ်လို့ပြောတာနဲ့အတူတူပါပဲ – အကြမ်းဖက်နည်းနဲ့ဖြေရှင်းတယ်ဆိုတဲ့စကားလုံးနဲ့ လက်နက်ကိုင်ခုခံတော်လှန်ခြင်းဆိုတာတွေက မတူဘူးလေ။

Price က ပထမနေ့က အကြမ်းဖက်ဖြေရှင်းတာကို လက်မခံဘူးပဲပြောတာလေ” လို့ လည်း သတင်းစာရှင်းလင်းပွဲတက်ရောက်ခဲ့တဲ့ ဝါရင့် အမေရိကန်သတင်းထောက်တဦးက BNN ကိုပြောပါတယ်။

BNN