ဘယ်အရာကမှ ကိုယ့်ကို မပျော်ရွှင်စေနိုင်တော့ဘူးဆိုတာ အတော်ကြေကွဲရတဲ့ အရာပဲ

ဘယ်အရာကမှ ကိုယ့်ကို မပျော်ရွှင်စေနိုင်တော့ဘူးဆိုတာ အတော်ကြေကွဲရတဲ့ အရာပဲ

ဒီနေ့ USရဲ့ Independent Dayဆိုတော့ အတော်စည်ကားတယ်။ လူတွေ ပျော်ရွှင်နေကြတယ်။ မီးရှူးမီးပန်းတွေ ဖောက်ကြတယ်။

လမ်းထဲမှာ အိမ်တွေက အိမ်ရှေ့လမ်းတွေကို ပိတ်ပြီး မီးရှူးမီးပန်းတွေ ဖောက်တယ်။ ကွင်းထဲကနေ မီးရှူးမီးပန်း အကြီးကြီးတွေ ဖောက်ကြတယ်။

ဖောင်းဖောင်း၊ အုန်းအုန်း ဆိုတဲ့ အသံအကျယ်ကြီး ထွက်လာရင် လူတွေက ပျော်ရွှင်စွာ ဝေးခနဲ အော်ကြတယ်။

ထိုင်ငေးရင်း တွေးမိတယ်။ ဒီငွေကြေးတွေကို ငါတို့နိုင်ငံရဲ့ Democracy Restore အတွက် သုံးပေးလိုက်ရင် ကောင်းမှာကွာလို့။

တဆက်တည်းမှာပဲ ဒီအတွေးက အတော်ကြောင်တာပဲလို့ တွေးဖြစ်တယ်။ သူ့နိုင်ငံသားတွေရဲ့ အခွန်အခကို ဘာလို့ သူတို့နဲ့ ဘာမှမဆိုင်တဲ့ ဟိုးကမ္ဘာတစ်ဖက်ခြမ်းက နိုင်ငံတစ်ခုအတွက် သုံးပေးရမှာလဲ။

ဒီအတွေးက ဘာနဲ့ တူလဲဆိုတော့ သူဌေးတစ်ယောက်ရဲ့ ညစာစားပွဲမှာ နှစ်သိန်းသုံးလိုက်တာကို သူတောင်းစားက ငါတို့မိသားစု တစ်လစာ စားလို့ရတယ်ကွလို့ တွေးနေသလိုနဲ့ တူတယ်။

ဘယ်သူ့ဘယ်သူမှာမှ အပြစ်မရှိပါဘူး။ ဒါဟာ မအေလိုးမင်းအောင်လှိုင်ကြောင့်ပဲ။

ပေါက်ကွဲသံတွေကြားမှာ ပြုံးပျော်နေကြတဲ့ လူတွေကို ငေးရင်း ပေါက်ကွဲသံတွေကြားရင် အသက်ကိုဖက်နဲ့ထုတ် ပြေးလွှားနေကြရရှာတဲ့ ကိုယ်တို့နိုင်ငံသားတွေရဲ့ မျက်နှာတွေကိုပဲ ပြေးမြင်နေမိတယ်။

ဘယ်အရာကမှ ကိုယ့်ကို မပျော်ရွှင်စေနိုင်တော့ဘူးဆိုတာ အတော်ကြေကွဲရတဲ့ အရာပဲ။

ဘယ်အရာနဲ့မှ စစ်ထုတ်သန့်စင်လို့ မရတော့အောင် ကိုယ့်နှလုံးသားတွေဟာ နောက်ကျိနေခဲ့ပြီ။

တာဝန်သိသူပဲ တာဝန်ရှိသလို နေသာသလို စီးမျောတတ်တဲ့ မေ့လွယ်သူတွေကြား ဟိုးမိုင်သောင်းချီအဝေးကနေ ဒီနိုင်ငံကို ခင်တွယ်နေမိတာလည်း ဝဋ်ကြွေးပဲ။

မပျော်ရွှင်တတ်ခြင်းဟာ ကင်ဆာပဲ။ အနက်ရှိုင်းဆုံးမှာ အမြစ်တွယ်တယ်။

ပန်ဆယ်လို

Leave a Reply

Your email address will not be published.