Local News

မင်းအောင်လှိုင်က ရေနံနှင့်သဘာ၀ဓာတ်ငွေ့မှ ဝင်ငွေလျှော့ကျမည်ကို အလွန်စိုးရိမ်နေကြောင်း ပေါက်ကြားလာ

မင်းအောင်လှိုင်က ရေနံနှင့်သဘာ၀ဓာတ်ငွေ့မှ ဝင်ငွေလျှော့ကျမည်ကို အလွန်စိုးရိမ်နေ

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “ရဲတံခွန်စီမံကိန်းမှ ဓာတ်ငွေ့ ပြန်လည်တင်ပို့နေမှု အဆင်ပြေရဲ့လား”၊ “လက်ရှိငွေပေးချေမှု အနေအထားကရော” ၊ “တကယ်လို့ (သူတို့ဖက်က) ငွေမပေးတော့ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ” ဆိုတဲ့ မေးခွန်းတွေ တွင်တွင်မေးနေပါတယ်။

အထက်ပါ မေးခွန်းတွေကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းရက်စွဲနဲ့ အကြမ်းဖက်စစ်ကောင်စီဖက်မှ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေထဲမှာ ပါတဲ့ မင်းအောင်လှိုင်ရဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

Justice For Myanmar က လက်ခံရရှိပြီး အမေရိကန်ရှိ ဩဇာတိက္ကမကြီးတဲ့ သတင်းစာတိုက်တစ်ခုဖြစ်တဲ့ Wall Street Journal သို့ပေးပို့ခဲ့တဲ့ စာရွက်စာတမ်းတွေထဲမှာ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ ခေါ် တရားမဝင် အကြမ်းဖက်စစ်အုပ်စုမှ အဆင့်အမြင့်ဆုံး အစုအဖွဲ့ရဲ့ မှတ်ချက်တွေ အခုလိုပါဝင်နေတာလည်း ဖြစ်ပါတယ်။

ဒီလို ပေါက်ကြားလာတဲ့ မြန်မာ့အကြမ်းဖက်စစ်အုပ်စုရဲ့ တရားဝင် စာရွက်စာတမ်းတွေအရ မင်းအောင်လှိုင် ဟာ ရဲတံခွန် ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း မှ ငွေပေးချေမှုအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်ဆိုတာ ဖော်ပြနေပါတယ်။

ဒါ့အပြင် ရေနံနဲ့ သဘာဝဓတ်ငွေ့က ရတဲ့ပိုက်ဆံတွေဟာ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ကိုယ်ကျိုးစီးပွားနဲ့ သူတို့ဆက်လက်ရပ်တည်နိုင်ရေးတွေအတွက် ဘယ်လောက်အထိ အရေးပါတယ် ဆိုတာကို ညွှန်ပြနေတာလည်း ဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားဖို့အတွက် မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း (MOGE) အနေနဲ့ အဆိုပါစီမံကိန်းမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ၆ လတာကာလအတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ (၂၂.၃၇) သန်းမျှ ရရှိမယ်ဆိုတဲ့အကြောင်းကို အစီရင်ခံတင်ပြဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

ရဲတံခွန်စီမံကိန်းကို မလေးရှားနိုင်ငံမှ Petronas Carigali ကုမ္ပဏီက ဦးဆောင်ကာ၊ မိတ်ဖက်အနေနဲ့ ထိုင်းနိုင်ငံမှ PTTEP၊ ဂျပန် Nippon Oil & Gas Exploration၊ Mitsubishi Corporation နဲ့ မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ ပါဝင် လုပ်ကိုင်နေတာပါ။

ရရှိထားတဲ့ အထောက်အထား စာရွက်စာတမ်းများအရ ငွေပေးချေမှုတွေကို အမေရိကန်ဒေါ်လာနဲ့ ပေးချေတာဖြစ်ပြီး မလေးရှားနိုင်ငံ CIMB ဘဏ်က စင်ကာပူနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်ခွဲမှတဆင့် စစ်အုပ်စု ထိန်းချုပ်ထားတဲ့ နိုင်ငံခြားငွေစာရင်းထဲသို့ ပေးသွင်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုအပေါ် အမေရိကန်အစိုးရက ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေကို ဖောက်ဖျက်ကျုးလွန်တာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

Justice for Myanmar က ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကတော့ “ဒီအထောက် အထားတွေက အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူတာကို ခံထားရတဲ့ မင်းအောင်လှိုင် ကိုယ်တိုင် ရေနံသဘာ၀ဓာတ်ငွေ့ ဝင်ငွေတွေအပေါ် ကြီးကြပ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်။

ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်မှု အရှိန်မြှင့်ပြီးလုပ်နေတဲ့ တချိန်တည်းမှာပဲ စစ်အုပ်စုရဲ့ ခေါင်းဆောင်တွေဟာ ရေနံသဘာဝဓာတ်ငွေ့က ပိုက်ဆံတွေ ဘယ်အချိန်ရမလဲဆိုတာ ပူပန်နေတာကိုကြည့်ရင် အဲဒီငွေကြေးတွေဟာ စစ်အုပ်စုအတွက် ဘယ်လောက် အရေးပါတယ်ဆိုတာကို သိနိင်ပါတယ်။

တရားမဝင်အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့ အချိန်ကစပြီး ပြည်သူတွေကိုသတ်ဖြတ်ဖို့ အသုံးပြုနေတဲ့ ကျည်ဆံတွေ၊ ဗုံးတွေနဲ့ တိုက်လေယာဉ်ဆီတွေဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့ကနေရလာတဲ့ ရန်ပုံငွေကို အသုံးပြုပြီး ဝယ်ယူနေတာဖြစ်ပါတယ်။”

“တကယ်လို့များ အမေရိကန်ဒေါ်လာကို အသုံးပြုပြီး လုပ်ဆောင်နေတဲ့ ရေနံနဲ့သဘာ၀ဓာတ်ငွေ့ရဲ့ ငွေပေးချေမှုတွေဟာ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုကို ဖောက်ဖျက်နေတာဆိုရင်

အမေရိကန်အစိုးရအနေနဲ့ အရေးပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သင့်ပါတယ်။ ကျွန်မတို့အနေနဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို စီးပွားရေးပိတ်ဆို့ အရေးယူ ဒဏ်ခတ်ဖို့ကို ထပ်ပြီးတောင်းဆိုပါတယ်။”

“အခုသက်သေအထောက်အထားတွေအရ အကြမ်းဖက် လူသတ်စစ်အုပ်စုအတွက် Petronas ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကို ရှာဖွေပေးနေပြီး CIMB ဘဏ်က ငွေပေးချေမှုကို အဆင်ပြေအောင် လုပ်ဆောင်ပေးခြင်းအားဖြင့် မလေးရှားနိုင်ငံရဲ့ စစ်အုပ်စုနဲ့ပတ်သက်မှုကို ဖော်ပြနေပါတယ်။

CIMB ဘဏ်ရဲ့ အဓိက ရှယ်ယာရှင်ဖြစ်သလို Petronas ရဲ့ ပိုင်ရှင်လည်းဖြစ်တဲ့ မလေးရှားအစိုးရဟာ မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုမှာ ပူး ပေါင်းပါဝင်နေတာကို မဖြစ်မနေ အဆုံးသတ်ရမှာ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ မြန်မာစစ်ခေါင်းဆောင်တွေကို ဝင်ငွေအမြောက်အမြား ရှာဖွေပေးနေတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူ ပိတ်ဆို့ဖို့ တောင်းဆိုမှုတွေ မြင့်တက်လာနေပါတယ်။

ဥရောပသမဂ္ဂ (EU) အနေနဲ့ မြန်မာရေနံနဲ့သဘာဝဓတ်ငွေ့လုပ်ငန်းနဲ့ ပတ်သက်ပြီး လာမဲ့ ၂၀၂၂ အစောပိုင်းမှာ အရေးယူနိုင်ဖို့ ပြင်ဆင်နေသလို၊ MOGE အပါအဝင် မြန်မာစစ်တပ်နဲ့ပတ်သက်ဆက်နွယ်နေတာတွေကို

ပိုမိုကျယ်ပြန့်စွာ ပစ်မှတ်ထား အရေးယူနိုင်ရေးတွေ ပါဝင်တဲ့ Burma Act လို့ခေါ်တဲ့ ဥပဒေတစ်ရပ်ကို အမြန်ဆုံးပြဌာန်းဆောင်ရွက်နိုင်ဖို့ အမေရိကန် အထက်လွှတ်တော်မှာ ဆွေးနွေးနေပြီ လို့လည်း သိရပါတယ်.

About the author

admin

Add Comment

Click here to post a comment