Local News

မင်းအောင်လှိုင်နှင့်စစ်တပ်ကို ပံ့ပိုးနေသော ဟွန်ဆင်လုပ်ရပ်ကို မြန်မာနှင့်ကမ္ဘောဒီယား အရပ်ဘက်အဖွဲ့ ၂၁၇ ခုက ပြင်းပြင်းထန်ထန်ရှုတ်ချ

မင်းအောင်လှိုင်နှင့်စစ်တပ်ကို ပံ့ပိုးနေသော ဟွန်ဆင်လုပ်ရပ်ကို မြန်မာနှင့်ကမ္ဘောဒီယား အရပ်ဘက်အဖွဲ့ ၂၁၇ ခုက ပြင်းပြင်းထန်ထန်ရှုတ်ချ၊ နိုင်ငံတကာက အရေးယူရန် တောင်းဆို

ရန်ကုန်၊ ဇန်နဝါရီ ၄

မြန်မာစစ်အာဏာရှင်အုပ်စုကို ပံ့ပိုးကူညီနေသော ဟွန်ဆန်၏လုပ်ရပ်အား ပြင်းပြင်း ထန်ထန်ကန့်ကွက်ရှုတ်ချပြီး နိုင်ငံတကာအနေဖြင့် စစ်အုပ်စု ၏ အကြမ်း ဖက် ရမ်းကားမှုလုပ်ငန်းများကို ချက်ချင်း တားဆီးနိုင်ပြီး

အရေးယူတုံ့ပြန်နိုင်ရန် အရေးပေါ် ပူး‌ပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် မြန်မာနှင့်ကမ္ဘောဒီယား အရပ်ဘက် လူမှုအဖွဲ့ အစည်း ၂၁၇ ခုက တိုက်တွန်းတောင်းဆို သည်။

ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလ ၂၀၂၂ ခုနှစ်အတွက် ထိပ်တန်း ဦးစားပေးလုပ်ငန်းမှာ တရားမဝင် စစ်အာဏာရှင်အုပ်စုလက်အောက်ရှိ မြန်မာနိုင်ငံအား အာဆီယံအဖွဲ့ဝင်နိုင်ငံ အဖြစ် အပြည်အဝ ပြန်လည် လည်ပတ်နိုင်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း

၂၀၂၁ ခုနှစ်၊ ဒီဇင် ဘာလ၊ (၁၅) ရက်နေ့ ဖနွမ်းပင်မြို့ Hyatt Regency Hotel ဖွင့်လှစ်ပွဲတွင် တက်ရောက်စကားပြောခဲ့သော ဟွန်ဆန်က လူသိ ရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်။

ဟွန်ဆန်သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့ တွင် လာရောက်ရန် စီစဉ်ထားပြီး လူသတ်စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဆွေးနွေးရန်ရှိပြီး ဤသို့ ဆွေးနွေးခြင်းသည် စစ်အာဏာရှင်အုပ်စုက မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်ရမ်းကားသည့်လုပ်ငန်းကို အားပေးရာရောက်လိမ့်မည်ဖြစ်ကြောင်း၊

ဟွန်ဆန်အနေဖြင့် မြန်မာနိုင်ငံ၏ အထွေထွေ အကျပ်အတည်းကို ၎င်းတစ်ဦး တည်း အစီအစဉ်ဖြင့်ဖြေရှင်းရန် မဖြစ်နိုင်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အတွေ့အကြုံ အပေါ်အခြေခံ၍ ကောင်း ကောင်းနားလည်ထားသင့်ကြောင်း၊

ခမာနီအာဏာရှင်အုပ်စုကို အဆုံးသတ်ရန် နိုင်ငံတကာနှင့် ကုလသမဂ္ဂတို့၏ တုံ့ပြန်ဆောင်ရွက်မှုများ လိုအပ်ခဲ့ပြီး လူတစ်ဦးတစ်ယောက်တည်းက ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း မဟုတ်ကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြသည်။

ရက်စက်ကြမ်းကြုတ်သော ခမာနီ အာဏာရှင်အုပ်စု၏ လူမျိုးတုန်းသတ်ဖြတ်မှုကို သန်းပေါင်းများစွာသော ကမ္ဘောဒီးယားပြည်သူများက ဓါးစာခံ အဖြစ်ဖြစ်စေ လွတ်မြောက်လာသူများအဖြစ်ဖြစ်စေ

ရင်ဆိုင်ကြုံ‌တွေ့ခဲ့ရသည်ကို ထောက်ထားပြီး လူမျိုးတုန်း သတ်ဖြတ်မှုနှင့် ရင်ဆိုင်နေရသော နိုင်ငံတစ်နိုင်ငံ၏ ကြီးစွာသော ဝေဒနာများနှင့် နာကျင်မှုများကို ဟွန်ဆန် အနေဖြင့် ကောင်းကောင်းနားလည်ထားသင့်ကြောင်း ဟွန်ဆန်အနေဖြင့် စစ်အုပ်စုကို တရားဝင်မှုလုံဝမပေးရန် လိုအပ်ကြောင်း

လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ရင်ဆိုင်ခဲ့ရသည့် သန်းပေါင်းများစွာသော ကမ္ဘောဒီးယားပြည်သူများ ၏ ဝေဒနာကို လုံးဝမမေ့ပျောက်ရန် လိုအပ်ကြောင်း အရပ်ဘက်အဖွဲ့များက ဆိုသည်။

လက်ရှိအာဏာလက်ကိုင်ထားသူများနှင့် ဆွေးနွေးမှုမရှိပဲ မြန်မာနိုင်ငံအတွက်အဖြေမရှာနိုင်ကြောင်း ဟွန်ဆန်က ထပ်လောင်းပြောကြားခဲ့သော်လည်း အာဏာဟူသည် မြန်မာပြည်သူထံမှသာ ဆင်းသက်လာ သည်သာဖြစ်ပြီး

မြန်မာပြည်သူများကိုယ်တိုင်က ရက်စက်ကြမ်းကြုတ်သောရာဇဝတ်မှုများ ကျူးလွန်နေသည့် ရာဇဝတ်သား စစ်အုပ်စုနှင့် ဆွေးနွေးလိုမှုအလျင်းမရှိကြောင်း အပြင်းထန်ဆုံး ထုတ်ဖော်ကြေညာထားပြီး ဖြစ်ကြောင်း ထောက်ပြထားသည်။

ဟွန်ဆန်သည် အာဏာဖီဆန်ရေးလှုပ်ရှားမှုနှင့် မြန်မာနိုင်ငံ အမျိုးသားညီညွှတ်ရေးအစိုးရကို ပြောက် ကျားသူပုန်များ သို့မဟုတ် ယှဉ်ပြိုင်အစိုးရဟု ရည်ညွှန်းခဲ့သည့်အပေါ် မြန်မာပြည်သူများအနေဖြင့် လုံးဝ ကန့်ကွက်ကြောင်းနှင့် ထိုသို့ရည်ညွှန်းခြင်းကို အဆိုးရွားဆုံးစော်ကားမှုအဖြစ် ရှုမြင်ကြောင်းအရပ်ဘက်အဖွဲ့များက ကြေညာသည်။

အာဆီယံ၏ အချက်(၅)ချက်ပါသဘောတူညီချက်ကို ထောက်ခံကြသော အာဆီယံကိုယ်တိုင်သာမက ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ဟွန်ဆန်တစ်ဦး တည်း၏ သီးခြားလုပ်ဆောင်မှုများကြောင့် မြန်မာစစ်အာဏာရှင်အုပ်စုကို တရားဝင်မှုဖြစ်စေခြင်း

ပြည်သူများ ကို ထပ်မံဒုက္ခပေးရာတွင် အားပေးအားမြှောက်ဖြစ်စေခြင်း မရှိအောင် အခိုင်အမာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက မြန်မာပြည်သူများကို သာမက ကမ္ဘာဒီးယားပြည်သူများကိုလဲ စော်ကားရာကျပြီး အာဆီယံ၏ ယိုယွင်းလာသည့်ဂုဏ်သိက္ခာကို ကမ္ဘောဒီးယား ဥက္ကဋ္ဌ တာဝန်ယူထားစဉ်ကာလတွင် ပိုမိုထိခိုက်စေနိုင်သည်ဟု ထောက်ပြထားသည်။

ဟွန်ဆန်နှင့် မင်းအောင်လှိုင်တို့ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ကြမ်းကြတ်သော ရာဇဝတ်မှုများကို ပြန်လည်တည့်မှတ်ရန် လိုအပ်ပြီး ကမ္ဘောဒီယားနှင့် မြန်မာနိုင်ငံ ပြည်သူများအတွက် ဒီမို ကရေစီနှင့် လူအခွင့်အရေး ပြန်လည်တည်ဆောက်ရမည် ဖြစ်ကြောင်းအရပ်ဘက် အဖွဲ့များက ဆိုသည်။

ကမ္ဘောဒီးယားပြည်သူများကိုယ်တိုင် ဒီမိုကရေစီအပြည့်အဝ ရရှိရေးအတွက် မနားမနေ ရုန်းကန်နေ ရပြီး လက်ရှိ အချိန်တွင်လည်း ၂၀၂၂ ခုနှစ်တွင် လွတ်လပ်မျှတသောရွေးကောက်ပွဲ ရရှိရန် တောင်းဆိုနေကြောင်း၊ မြန်မာပြည်သူ များအနေဖြင့် လူ့အခွင့်အရေးကို ပိတ်ပင်ခြင်းနှင့် ချိုးဖောက်ခြင်း ပြုလုပ်လေ့ရှိသော ဖိနှိပ်သည့်

အာဏာရှင် ခေါင်းဆောင်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းနေသော ကမ္ဘောဒီးယားပြည်သူများ နှင့်အတူ ရပ်တည်‌လျက် ရှိကြောင်း၊ မြန်မာပြည်သူများသည် သွေးထွက်သံယိုပြည့်နှက်ခဲ့သော စစ်အာဏာ သိမ်းရန် ကြိုးပမ်းမှုကို

(၁၁) လကြာ ပြတ်ပြုတ်သားသား ဆန့်ကျင်ခဲ့သည့်နည်းတူ အကြမ်းဖက်စစ်အာဏာရှင် အုပ်စု၏ ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟူသော အစီအစဉ်ကိုလည်း ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဟွန်ဆန်က မြန်မာနိုင်ငံသို့ လာရောက်ခြင်းကို လုံးဝ မကြိုဆိုပါကြောင်းနှင့် ကမ္ဘောဒီးယား အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေဖြင့် လည်း ဟွန်ဆန်၏ ရပ်တည်ချက်သည် ၎င်းကိုယ်တိုင်၏ အမြင်သာဖြစ်ပြီး ကမ္ဘောဒီယားပြည်သူများ၏ ဆန္ဒကို ကိုယ်စားပြုမှုမရှိပါကြောင်း အပြင်းထန်ဆုံး ထုတ်ဖော်ကြေညာကြောင်း ဖော်ပြထားသည်။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.