Local News

မင်းအောင်လှိုင်အပါအဝင် စစ်အာဏာရှင် ရာဇဝတ်သားများကို နိုင်ငံတကာ တရားရုံးများတွင် တရားစွဲရန် ပြင်ဆင်နေဟု NUG ယာယီသမ္မတက ပြည်သူသို့ အသိပေ

မင်းအောင်လှိုင်အပါအဝင် စစ်အာဏာရှင် ရာဇဝတ်သားများကို နိုင်ငံတကာ တရားရုံးများတွင် တရားစွဲရန် ပြင်ဆင်နေဟု NUG ယာယီသမ္မတက ပြည်သူသို့ အသိပေး

ရန်ကုန်၊ ဇန်နဝါရီ ၁

ပြည်သူလူထုကို သတ်ဖြတ် အကြမ်းဖက်လျက်ရှိသော မင်းအောင်လှိုင်အပါ အဝင် စစ်အာဏာရှင် ရာဇဝတ်သားများကို အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် လက်ခံကျင့်သုံးသည့် နိုင်ငံတကာ တရားရုံးများတွင် တရားစွဲဆိုရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ထုတ်ဖော်ပြောဆိုလိုက်သည်။

၂၀၂၂ ခုနှစ် နှစ်သစ်ကူး အကြို ပြည်သူလူထုသို့ ပြောဆိုသော နှုတ်ခွန်းဆက် မိန့်ခွန်းတွင် NUG ယာယီသမ္မတက အထက်ပါအတိုင်း ပြည်သူများကို အသိပေး ပြောဆိုလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရားဝင်မှုမရှိဘဲ ၎င်းတို့ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို အပြစ်ပေးနိုင်ရေး နိုင်ငံတကာတရားရုံးများတွင် တရားစွဲရန် NUG က ပြင်ဆင် နေပြီဖြစ်ကြောင်း ပြောဆိုသည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ရာဇဝတ်သားများကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICC) ကဲ့သို့သော တရားရုံးတွေမှာ တရားစွဲ အပြစ်ပေးနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကို လက်ခံကျင့်သုံးတဲ့ နိုင်ငံတွေမှာလည်း တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်” ဟု ယာယီသမ္မတက ပြောဆိုသည်။

လက်ရှိတွင် မင်းအောင်လှိုင်နှင့် စစ်ရာဇဝတ်သားများကို တရားစွဲရန် သက်သေအထောက်အထား ခိုင်ခိုင်မာမာ ရရှိပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းဖို့ ကြိုးစားတဲ့အချိန်ကနေ ယခုအချိန်ထိ ပြည်သူတွေကို အပြင်းအထန် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေပါတယ်။

မြို့ပြလမ်းမတွေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူတွေကို ရက်ရက်စက်စက် ပစ်သတ်တယ်၊ အိမ်တွေကို အတင်းအဓမ္မဝင်ရောက်ပြီး တွေ့ကရာ ဖမ်းဆီးတယ်၊ ရွာတွေကို မီးလောင်တိုက်သွင်းတယ်။

ရွာသားတွေကို အစုလိုက်အပြုံလိုက် သတ်တယ်။ ဒီဇင်ဘာလအတွင်း စစ်ကိုင်းတိုင်း၊ ဒုန်းတော ရွာမှာ ကလေး(၆)ယောက်နဲ့ လူကြီး ငါးယောက်အပါအဝင် စုစုပေါင်း (၁၁) ယောက်ကို ကြိုးနဲ့တုတ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာ၊

နိုဝင်ဘာလအတွင်း ချင်းပြည်နယ်မှာ မွေးကင်းစကလေးမိခင် နှစ်ယောက် ကို သူတို့ ယောကျာ်းတွေ ရှေ့မှာဘဲ သေနတ်နဲ့ချိန်ပြီး မုဒိန်းကျင့်တာ ကရင်နီပြည်နယ်က ခရစ္စမတ်ည အစုလိုက်၊ အပြုံလိုက် လူသတ်မှုတွေဟာ စစ်အာဏာရှင်ဟာ ဘယ်လောက်ထိ ရက်စက်ကြမ်းကြုတ်သလဲ ဆိုတဲ့ သက်သေသာဓကက တွေဘဲဖြစ်ပါတယ်” ဟုယာယီသမ္မတက သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

About the author

admin

Add Comment

Click here to post a comment