Local News

မန်းဝန်ကြီးချုပ်ကို စွဲချက်သုံးမှုနဲ့ ထောင်ဒဏ် ၄ နှစ်ချမှတ်

မန်းဝန်ကြီးချုပ်ကို စွဲချက်သုံးမှုနဲ့ ထောင်ဒဏ် ၄ နှစ်ချမှတ်

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားတဲ့ အမှုတွေထဲက အမှုသုံးမှုကို ထောင်ဒဏ် ၄ နှစ် ကျခံစေဖို့ စစ်ကောင်စီရဲ့ အထူးတရားရုံးက ဒီကနေ့ အမိန့်ချပါတယ်။

အများပြည်သူ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ အမှုကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာအမှု ပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၂ နှစ်၊

ပုဒ်မှု ၃၀ (က) အတွက် ထောင်ဒဏ် ၁ နှစ် တပေါင်းတည်း ကျခံစေဖို့ မန္တလေးတိုင်း အိုးဘိုထောင်တွင်း အထူးတရားရုံးက အမိန့်ချပါတယ်။ ဒါကြောင့် စွဲချက်သုံးမှုအတွက် စုစုပေါင်း ၄ နှစ် ထောင်ဒဏ်ချမှတ်ခံရတာပါ။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီမှ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို အကြောင်းပြုပြီး ပါတီထိပ်ပိုင်း တာဝန်ရှိသူအနေနဲ့ ဒေါက်တာဇော်မြင့်မောင်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ဇန်နဝါရီလက ကျုံးမြို့ရိုးဘေး ပြုလုပ်ခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ တဦးနှင့်တဦး အသိပေး၊ သတိပေး မိသားစုစီမံချက် (Version 3) ဖွင့်ပွဲကိစ္စမှာလည်း သဘာဝဘေး ဥပဒေပုဒ်မ ၂၅ နဲ့ရော ပုဒ်မ ၃၀ နဲ့ပါ ငြိစွန်းတယ်ဆိုပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီကနေ့ချမှတ်တဲ့ စီရင်ချက်နဲ့ ပတ်သက်လို့ ဒေါက်တာဇော်မြင့်မောင်ဘက်က အယူခံ မဝင်လိုပေမယ့် မိသားစုသဘောထားအရ ပြန်လည်ဆွေးနွေးဖို့ရှိတာမို့ အထက်တရားရုံး အဆင့်ဆင့် အယူခံဆက်တက်ဖို့ ကိစ္စကို မပြောနိုင်သေးဘူးလို့ ရှေ့နေက ပြောပါတယ်။

ဒီကနေ့ အမိန့်ချတဲ့ အမှု ၃ မှုဟာ ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားတဲ့ အမှု ၁၀ မှုထဲကနေ ပထမဆုံး စီရင်ချက်ချလိုက်တဲ့ အမှုတွေ ဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ အဂတိအမှု ၅ မှု၊

ရွေးကောက်ပွဲကာလ မလျော်ဩဇာသုံးပြီး မဲအလွဲသုံးစားမှု လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှု ၂ မှု အပါအဝင် ၇ မှုကို ဆက်လက်ကြားနာ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် NLD အစိုးရလက်ထက်က ဝန်ကြီးချုပ်တွေ တော်တော်များများကို ဖမ်းဆီးထိန်းသိမ်းပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊

အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်လုပ်ဆောင်မှု ၅၀၅ (ခ) ဥပဒေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေတွေ စတဲ့ဥပဒေတွေ ချိုးဖောက်ခဲ့တယ်ဆိုကာ တဦးချင်းစီကို အမှု ဒါဇင်ချီတပ်ကာ တရားစွဲဆိုမှုတွေ လုပ်ခဲ့ပါတယ်။

ဒီထဲမှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းတို့ကို စစ်အုပ်ချုပ်ရေးကောင်စီဘက်က အဲဒီဥပဒေတွေနဲ့ ငြိစွန်းတယ်လို့ စွပ်စွဲဆုံးဖြတ်ကာ ထောင်ဒဏ်တွေ အသီးသီး ချမှတ်ထားပါတယ်။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.