Local News

မိုင်နှစ်ထောင်ကျော်ဝေးတဲ့ အိမ်‌ပြောင်းလာတာ လမ်းမှာ နှင်းမုန်တိုင်းနဲ့ တိုးတာ မသေလို့သာ ဒီစာရေးခွင့်ရတယ် မှတ်

မိုင်နှစ်ထောင်ကျော်ဝေးတဲ့ အိမ်‌ပြောင်းလာတာ လမ်းမှာ နှင်းမုန်တိုင်းနဲ့ တိုးတာ မသေလို့သာ ဒီစာရေးခွင့်ရတယ် မှတ်

ဒီကာလတွေထဲ တဇောက်ကန်း မိုက်ရူးရဲတွေ အတော်များများ လုပ်ပစ်ခဲ့တယ်။ ဒီတစ်ခေါက်ကတော့ အတော်Risk ကြီးပြီး အတော်ဒုက္ခများတဲ့ အခေါက်ပဲ။

ကိုယ်နေတဲ့ Wisconsin State ကနေ California ကို ပြောင်းလာဖို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ်နေခဲ့တဲ့ မြို့လေးက ကိုယ့်အတွက် အတော်အဆင်ပြေပါတယ်။ အရမ်းနွေးထွေးကူညီကြတယ်။ မိသားစုတွေလို အထီးမကျန်ဘဲ နေခွင့်ရတယ်။

ကိုယ်ဘာလိုအပ်တယ်ဆိုရင် မျက်နှာမညိုတမ်း ကူညီပေးကြတဲ့ မြန်မာမိသားစုတွေ ရှိတယ်။ ရာသီဥတု အေးလွန်းပြီး နှင်းတွေကျ၊ စိတ်ဓါတ်တွေကျနဲ့မို့သာ ပြောင်းဖို့ ဆုံးဖြတ်လိုက်ရတာ။

အတိုပြောရရင် ဆောင်းတွင်းကြီး မိုင်နှစ်ထောင်ကျော်ဝေးတဲ့ California ကို မိသားစုလိုက် ကားနဲ့ Road Trip ပြောင်းလာတာ။ မိတ်ဆွေတွေက ဆောင်းတွင်းကြီး အန္တရာယ်များပါတယ်၊ ကားနဲ့မသွားပါနဲ့ဆိုတာကို ကလန်ကဆန်လုပ်ခဲ့တာ။ အခု မသေလို့သာ ဒီစာရေးခွင့်ရတယ် မှတ်ရတယ်။

လမ်းမှာ နှင်းမုန်တိုင်းနဲ့ တိုးတာ။ အန္တရာယ်များလို့ သွားနေတဲ့ လမ်းမကြီးက ပိတ်သွားပြီ။ အမှန်တကယ်က ရောက်ရာနေရာမှာ ရပ်ပြီး နီးစပ်ရာဟိုတယ်ရှာပြီး ညအိပ်ရမှာကို မအိပ်ဘဲ မပိတ်တဲ့လမ်းက ဆက်မောင်းတာ။

တောင်ကြားလမ်းထဲမှာ နှင်းတွေက အသားကုန်ကျ၊ လမ်းလည်း မမြင်ရ၊ ရပ်ထားပြန်ရင်လည်း Heater ဖွင့်မှ ရမယ့်အအေးဓါတ်မို့ စက်သတ်ထားလို့လည်းမရ။ ဆီထည့်မယ့်ဆိုင်က ဘယ်ဆီနေမှန်းမသိဆိုတော့ ကားဆီကုန်သွားရင် နှင်းမုန်တိုင်းထဲ အေးခဲကုန်မှာတွေးပြီး ရပ်မထားရဲ။ လမ်းကို မမြင်ရဘဲ လမ်းဘေးက တိုင်လေးတွေကို ကြည့်ပြီး ရမ်းမောင်းရတာ။

အင်တာနက်လိုင်း၊ ဖုန်းလိုင်းကလည်း လုံးဝမမိတော့။ တစ်ခုခုဆို အကူအညီတောင်းဖို့တောင် မလွယ်တော့တဲ့ အခြေအနေ။ ဖြတ်လာတဲ့ လမ်းဘေးတောက်လျှောက်မှာ လမ်းဘေး တုံးလုံးလဲနေတဲ့ကားရော၊ မိုးပေါ် ဘီးလေးလုံး ထောင်နေတဲ့ကားရော၊ လမ်းဘေးက နှင်းပုံကြီးပေါ် ခေါင်းစိုက်နေတဲ့ကားရော အစုံပဲ။

မြင်ကွင်းတွေ ရှုခင်းတွေလှချက်ကတော့ ပက်စက်တယ်။ ဒါပေမယ့် လုံးဝကို မခံစားအားတော့ဘူး။ မိဘတွေရော ကလေးရောဆိုတော့ စိတ်က ပိုပူပန်ရတယ်။

ဘဝမှာ သွားခဲ့ဖူးသမျှ ခရီးထဲ အကြမ်းတမ်းဆုံးလို့တောင် ပြောလို့ရတယ်။ ရန်ကုန်ကနေ နယ်စပ်ရှောင်ရတုန်းက ခရီးမှာက စိတ်ပင်ပန်းရတာ။ ဒီကာလတွေထဲ ကိုယ်ဟာ မိုက်မိုက်မဲမဲ လုပ်ချင်တာတွေ လုပ်ပစ်ခဲ့တာ။ ကံကောင်းထောက်မလို့ အခုထိ ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့သေးတာ။

ဒီခရီးရဲ့ အမြတ်ကတော့ ငှါးထားတဲ့ အိမ်အသစ်လေးမှာ သမီးလေးက စိတ်အားတက်ကြွ ပျော်ရွှင်နေတာပါပဲ။ နေရောင်ခြည်များများစားစားရတဲ့ ပြည်နယ်ဆိုတော့ နေရထိုင်ရ စိတ်တက်ကြွလာတယ်။ နေစားရိတ်စားစားရိတ်ကြီးမြင့်တဲ့အတွက် ပိုရုန်းကန်ရဖို့တော့ ရှိမယ်ထင်တယ်။

ခိုနားခဲ့ရတဲ့ မြို့လေးကိုလည်း ကျေးဇူးတင်တယ်။ရာသီဥတုအေးသလောက် စိတ်ပိုင်းဆိုင်ရာ နွေးထွေးပေးခဲ့ကြသူတွေလည်း အမြဲအမှတ်ရနေဖြစ်လိမ့်ဦးမယ်။ ဒီနှစ်ပိုင်းမှာ ခွဲခွါရခြင်းတွေဟာ ခဏခဏပါပဲ။ ပတ်ဝန်းကျင်သစ်မှာ နေသားကျဖို့ ထပ်ကြိုးစားရတာလည်း အခါခါပဲဆိုတော့ ယဉ်ပါးသလိုတောင် ဖြစ်နေခဲ့ပြီ။

နှင်းမုန်တိုင်းထဲ ဘာမှမမြင်ရတဲ့လမ်းပေါ်မှာ မှန်းဆသွားခဲ့ရသလို ဒီကာလတွေမှာ ဘာတွေဖြစ်မယ်မှန်းမသိ မှန်းဆလျှောက်ခဲ့ရတာပါပဲ။ ဒီ့ထက်ဆိုးစရာ ဘာမှမရှိတော့ဘူး တွေးဖြစ်ပြီးတဲ့နောက် ဒုက္ခတွေဟာလည်း ရယ်ရယ်မောမော ပြောပြနိုင်စရာ ဖြစ်လာမှာပါပဲ။

မသေသေးဘူးလား မမေးနဲ့။ စစ်ခွေးနဲ့ ဘောမတို့ ပို့သသော မေတ္တာအားဖြင့် နေကောင်းကျန်းမာ အီးပုံမှန်ပါလျက်ပါပဲရှန်လို့။

😌