Local News

မြန်မာနဲ့ နိုင်ငံတကာအရေး ဆွေးနွေးမယ့် G7 ဝန်ကြီးအစည်းအဝေး စတင်

မြန်မာနဲ့ နိုင်ငံတကာအရေး ဆွေးနွေးမယ့် G7 ဝန်ကြီးအစည်းအဝေး စတင်

မြန်မာ့စစ်အာဏာသိမ်းမှု အရေးကိုလည်း ဆွေးနွေးမယ်လို့ ပြောဆိုထားတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံလည်း ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ဖို့ ရှိနေပါတယ်။

စနေနေ့က ကျင်းပတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများရဲ့ ဗြိတိန်နိုင်ငံ လီဗာပူးမှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာတော့ အာဏာရှင်အစိုးရ စနစ်တွေကို စည်းလုံးညီညွတ်စွာ တိုက်ဖျက်ရေး ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

ဗြိတိန်နိုင်ငံ လီဗာပူးမှာ စနေနေ့က စတင်လိုက်တဲ့ စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G7 နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken လည်း တက်ရောက်ခဲ့ပြီး

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Liz Truss ကတော့ အာဏာရှင်အစိုးရ စနစ်တွေကို တိုက်ဖျက်ရေးမှာ စည်းလုံးညီညွတ်ရေးအတွက် တိုက်တွန်းခဲ့ပါတယ်။

ယူကရိန်းနယ်စပ်မှာ ရုရှားဘက်က စစ်အင်အား တိုးမြှင့် တည်ဆောက်နေမှု၊ အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေကို ထိန်းချုပ်ရေးနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအရေး ဖြေရှင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြမယ့်

G7 ကမ္ဘာ့အချမ်းသာဆုံး ဒီမိုကရေစီ နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးပွဲမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

“လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ကန့်သတ် ထိန်းချုပ်နိုင်ရေး ကြိုးစားနေကြတဲ့ တိုက်ခိုက်သူတွေကို အတူတကွ ခိုင်ခိုင်မာမာ ရပ်တည် ရင်ဆိုင်ကြဖို့ လိုအပ်ပါတယ်။” လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ၂ ရက်ကြာ အစည်းအဝေးကို စတင်တဲ့ စနေနေ့မှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောဆိုပေမယ့်လည်း နိုင်ငံတွေကိုတော့ နာမည်တပ်ပြီး ရည်ညွှန်းပြောဆိုမှု မရှိပါဘူး။

G7 နိုင်ငံခြားရေးနဲ့ ဖွံ့ဖြိုးရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို တက်ရောက်ဖို့ အာဆီယံကို ဗြိတိန်ဘက်က ဖိတ်ကြားထားကြောင်း၊ လူကိုယ်တိုင် တက်ရောက်မယ့် ဆွေးနွေးပွဲကို မြန်မာစစ်ကောင်စီကို ဗြိတိန်ဘက်က ဖိတ်ကြားမထားကြောင်း ဗြိတိန်ရဲ့ အာရှဆိုင်ရာဝန်ကြီး Amanda Milling က အောက်တိုဘာလ ၁၉ ရက်နေ့မှာ စာနဲ့ ရေးသား ဖြေဆိုထားပါတယ်။

ဒါပေမယ့်လည်း မြန်မာစစ်ကောင်စီဘက်က အွန်လိုင်းကနေ တက်ရောက်လာနိုင်တယ်လို့လည်း မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK ဘက်က ထောက်ပြ ပြောဆိုထားပါတယ်။

G7 ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဗြိတိန်နိုင်ငံ လီဗာပူးမြို့ကို ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ယာ)။ (ဒီဇင်ဘာ ၁၀၊ ၂၀၂၁)

SEE ALSO:
G7 နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး မြန်မာအကျပ်အတည်း ဆွေးနွေးမည်
ဗြိတိန်နိုင်ငံ လီဗာပူးမှာ ကျင်းပနေတဲ့ G7 နိုင်ငံခြားရေးနဲ့ ဖွံ့ဖြိုးရေး ဝန်ကြီးများ အစည်းအဝေးကို အာဆီယံနိုင်ငံတွေ တက်ရောက်တာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဘက်ကတော့ မကြာခင်ကပဲ မြန်မာစစ်ကောင်စီက ခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပြီးခဲ့တဲ့အင်္ဂါနေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း မြန်မာနိုင်ငံကို သွားမယ်လို့ ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး မူလအခြေအနေ ပြန်ရောက်ဖို့ တခုတည်းသော နည်းလမ်းမှာ သက်ဆိုင်သူများအကြား

ဆွေးနွေးညှိနှိုင်းမှုများနှင့် ရင်ကြားစေ့ရေးဖြစ်ပြီး တနည်းနည်းနဲ့ စတင် ဆောင်ရွက်ရမယ်လို့ စနေနေ့မှာပဲ မြန်မာဆိုင်ရာ ကမ္ဘောဒီးယားသံရုံးရဲ့ လူမှုကွန်ရက် Facebook မှာ ပြောဆိုထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်ကို သောကြာနေ့က ခေတ္တသွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet ကတော့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့

မြန်မာ အာဏာသိမ်းစစ်ကောင်စီကို အလျှော့ပေး လိုက်လျောတာမျိုး မလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဘယ်လို ထိတွေ့ဆက်ဆံမှုမျိုးမဆို စစ်ကောင်စီကို လိုက်လျောရုံလောက် မဟုတ်ဘဲ တကယ်တမ်း ရလဒ်ထွက်လာဖို့ မျှော်လင့်တယ်လို့ အကြံပေးပုဂ္ဂိုလ် Chollet က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken ရဲ့ ဒီဇင်ဘာလ ၉ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ခရီးစဉ်အတွင်းမှာတော့ အင်ဒိုနီးရှား၊ မလေးရှား၊

ထိုင်းနဲ့ ဟာဝိုင်အီ တို့ကိုလည်း သွားရောက်မှာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင် နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့လည်း လူချင်းတွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။

လာမယ့် သီတင်းပတ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken ရဲ့ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာခရီးစဉ် အတွင်းမှာလည်း အင်ဒို-ပစိဖိတ် ဒေသရဲ့ အရေးပါမှုနဲ့ အမေရိကန်နဲ့ အင်ဒိုနီးရှား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အရေးပါမှုကို အလေးထားပြောဆိုဖို့ ရှိနေပါတယ်။

ဒီနောက်မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာတော့ မြန်မာနိုင်ငံတွင်း ပိုပြီး ဆိုးရွားလာနေတဲ့ ပဋိပက္ခတွေ အရေးကိုလည်း ဝန်ကြီး Blinken ဆွေးနွေးမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။