မှတ်ပုံတင်ရမယ်ဆိုတာ ဟုတ်တယ်၊ လုပ်ရတဲ့ အကြောင်းအရင်းက…see more

မှတ်ပုံတင်ရမယ်ဆိုတာ ဟုတ်တယ်၊ လုပ်ရတဲ့ အကြောင်းအရင်းက…see more

ပြည်တွင်းမှာ အသုံးပြုနေတဲ့ လက်ကိုင်ဖုန်းတွေရဲ့ IMEI နံပါတ်တွေကို မှတ်ပုံတင်ပြီးမှသာ အသုံးပြုခွင့်ရတော့မယ် ဆိုတဲ့ သတင်းစကားတွေ မေလ တတိယအပတ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်‌ပေါ်နေပါတယ်။

ဒီသတင်းဟာ အခြေအမြစ်ရှိပြီး ဖြစ်နိုင်ခြေရှိတယ်လို့ ပြည်တွင်းက အင်တာနက်ဝန်ဆောင်မူပေးနေတဲ့ ကုမ္ပဏီရဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေရဲ့ ဖောက်သည်တွေဟာ PDF နဲ့ NUG တို့နဲ့ဆက်စပ်တဲ့ အင်တာနက်စာမျက်နှာတွေ သုံးတာတွေ့ရင် ဖြတ်တောက်ရမယ်၊ သတင်းပို့ရမယ်ဆိုပြီး စစ်ကောင်စီဘက်က စာထုတ်ခဲ့သေးတယ်လို့ သူက ပြောပါတယ်။

အဲ့ဒီညွှန်ကြားချက်နဲ့ ပတ်သက်လို့ ပြည်တွင်းအင်တာနက်သုံးသူတွေဟာ VPN သုံးပြီး ကျော်ကြည့်နေကြတော့ ဒီဟာလုပ်ဖို့ကလည်း မလွယ်ဖူးလို့ အချို့ ဝန်ဆောင်မှုကုမ္ပဏီတွေက အကြောင်းပြန်ကြသလို့ အချို့ကုမ္ပဏီတွေကကလည်း သတင်းပို့ပါမယ်ဆိုပြီး အကြောင်းပြန်ကြသူတွေရှိတယ်လို့ သူက ရှင်းပြပါတယ်။

စစ်ကောင်စီဘက်က IMEI နံပါတ် မှတ်ပုံတင်ခိုင်းဖို့ ဆောင်ရွက်နေသလားဆိုတာကို ဘီဘီစီက ဆက်သွယ်မေးမြန်းပေမဲ့ စစ်ကောင်စီဘက်က ပြန်လည် ဖြေကြားခြင်း မရှိသေးပါဘူး။

(မေလ ၁၇ ရက်နေ့ စစ်ကောင်စီဘက်က IMEI နံပါတ်တွေကို မှတ်ပုံတင်ရမယ်ဆိုတဲ့ သတင်းကို ဘီဘီစီက ထပ်မံအတည်ပြုချက်ရရှိပြီး သတင်းကို ထပ်မံ ဖြည့်စွက်ထားပါတယ်)

ကနဦးအဆင့်အနေနဲ့ ဟန်းဆက်တွေရဲ့ IMEI နံပါတ်တွေကို မှတ်ပုံတင်ခိုင်းဖို့ စစ်ကောင်စီက စီစဥ်နေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို မေလ ၁၇ ရက်နေ့မှာ အတည်ပြုပါတယ်။

အခွန်ရှောင်ထားပြီး မှတ်ပုံမတင်တဲ့ ဟန်းဆက်တွေကို ဆင်းကတ် ထည့်သုံးလို့မရအောင်လုပ်မယ်လို့ စစ်ကောင်စီကပြောပါတယ်။

ဟန်းဆက်တွေ တရားမဝင်တင်သွင်းတာကို ကာကွယ်ဖို့ရော ဟန်းဆက်တွေကနေ အခွန်ရဖို့ပါ ရည်ရွယ်ပြီး စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ဆက်သွယ်ရေး ဌာနတွေ ပေါင်းထားတဲ့ ပူးပေါင်းအဖွဲ့ကို ပြီးခဲ့တဲ့လမှာ စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြီးတဲ့နောက် အခုလိုစီစဥ်လာတာလို့လည်း ဆိုပါတယ်။

“မှတ်ပုံတင်ရမယ်ဆိုတာ ဟုတ်တယ် လုပ်ရတဲ့ အကြောင်းအရင်းက အခွန်မဆောင်ဘဲ သွင်းတဲ့ဖုန်းတွေ များလာလို့ဖြစ်တယ် အဲ့ဒါကြောင့် နောက်ပိုင်းသွင်းတဲ့ ဖုန်းတွေအားလုံး စီးပွားကူးသန်းမှာ မှတ်ပုံတင်ရမယ် အခွန်ဆောင်ပြီးတဲ့ဟာတွေကို ထုတ်ပေးလိုက်မယ်၊ မှောင်ခိုသွင်းလာတဲ့ ဖုန်းတွေဆိုရင်တော့ပိတ်မယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ စီစဥ်နေတဲ့အကြောင်းသာ ကနဦး ထုတ်ပြန်တာဖြစ်ပြီး မှတ်ပုံတင်ရမယ့် အသေးစိတ် အချက်အလက်တွေကို အများပြည်သူကို ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဒါပေမဲ့ လုံခြုံရေးအတွက် စစ်ကောင်စီက မိုဘိုင်းဖုန်းတွေကို နည်းပညာသုံး ခြေရာခံနေတယ်လို့ အင်တာနက်ဝန်ဆောင်မူပေးနေတဲ့ ကုမ္ပဏီတွေဘက်က သိရပါတယ်။

“ငွေလွှဲတဲ့ အကောင့်တွေ အပိတ်ခံရတာကို ကြည့်လေ သူတို့ခြေရာခံတာတွေလုပ်နေတယ် “လို့လည်း စစ်ကောင်စီကို ဆန့်ကျင်လှုပ်ရှားနေသူတစ်ဦးက ပြောပါတယ်။

ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာ ဆိုက်ဘာလုံခြုံရေးဌာနဆိုတာရှိပြီး အဲ့ဒီဌာနက အခုလို သူတို့ သံသယရှိသူတွေကို ခြေရာခံတာ စောင့်ကြည့်တာတွေ လုပ်နေတယ်လို့လည်း နည်းပညာကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒီ IMEI နံပါတ်တွေသာ စစ်ကောင်စီကို မှတ်ပုံတင်လိုက်ရရင် မိမိအသုံးပြုနေတဲ့ လက်ကိုင်ဖုန်းအတွင်းက ဒေတာတွေ အကုန်လုံးကို စစ်ကောင်စီက ထိန်းချုပ်သွားနိုင်မလားဆိုပြီး ပြည်သူတွေအကြား စိုးရိမ်မှု တွေလည်း ရှိနေကြပါတယ်။

IMEI ရဲ့အရှည်ကောက်ကတော့ International Mobile Equipment Identity လို့ခေါ်ပါတယ်။ လက်ကိုင်ဖုန်းတိုင်းမှာ သူတို့ရဲ့ IMEI နံပါတ်တစ်ခုစီရှိပြီး ဒီနံပါတ်တစ်ခုမှာ ကိန်းဂဏန်း ၁၅လုံး(နမူနာ -၁၂၃၄၅၆၇၈၉၉၉၁၂၆၅) ပါဝင်ပါတယ်။ မိမိဖုန်းရဲ့ IMEI နံပါတ်ကိုသိချင်ရင်တော့ ဖုန်းခေါ်ဆိုရတဲ့နေရာမှာ *#06# ကိုနှိပ်ပြီး စစ်ဆေးနိုင်ပါတယ်။

ဆင်းကတ် နှစ်ကတ် အသုံးပြုလို့ရတဲ့ လက်ကိုင်ဖုန်းတွေမှာတော့ IMEI နံပါတ်နှစ်ခု ပါရှိမှာ ဖြစ်ပါတယ်။

တကယ်လို့သာ တရားဝင် မှတ်ပုံတင်ရမယ်ဆိုရင်တော့ ဆင်းကတ် ထည့်သွင်းအသုံးပြုရတဲ့ လက်ကိုင်ဖုန်းတွေသာမက တက်ပလက် (tablet)၊ sim router တွေပါ မှတ်ပုံတင် ရနိုင်ခြေရှိလာလိမ့်မယ်လို့ ထောက်ပြကြပါတယ်။

IMEI ဘာအတွက် သုံးသလဲ
IMEI နံပါတ်ကို အဓိကအားဖြင့် လက်ကိုင်ဖုန်းတွေ ပျောက်သွားတဲ့အခါ၊ လက်ကိုင်ဖုန်းတွေကနေတစ်ဆင့် တည်နေရာသိရှိနိုင်ဖို့ IMEI နံပါတ်တွေကို အသုံးပြုကြတယ်လို့ အိုင်တီပညာရှင်တွေက ပြောပါတယ်။

ဒီနေရာမှာ လက်ကိုင်ဖုန်းကတစ်ဆင့် လူတစ်ယောက်ရဲ့ တည်နေရာအတိအကျကို လွယ်လွယ်ကူကူ မသိရှိနိုင်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် IMEI နံပါတ်ကနေလည်း မိမိရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေနဲ့ လက်ကိုင်ဖုန်းကနေ ဘာတွေအသုံးပြုနေလည်းဆိုတာ အလွယ်တကူ ခြေရာမခံနိုင်ဘူးလို့ အိုင်တီပညာရှင်တွေက ထောက်ပြကြပါတယ်။

“သေချာတာက ဒီလို မှတ်ပုံတင်ခိုင်းလိုက်လို့ စစ်ကောင်စီကနေ ကိုယ့်ရဲ့ ဖုန်းထဲက ဘာ ဝက်ဆိုက်တွေ၊ ဘယ်လို အက်ပလီကေးရှင်းတွေ၊ ဘာတွေ ရှာဖွေကြည့်လေ့ရှိလဲ ဆိုပြီး ဖုန်းတစ်လုံးကို အလွယ်တကူထိန်းချုပ်မရပါဘူး” လို့ အိုင်တီပညာရှင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

IMEI နံပါတ်ကိုသိခဲ့ရင် ဘာတွေလုပ်နိုင်လဲ
Cellular Network (ဆယ်လူလာ နက်ဝက်)လို့ခေါ်တဲ့ ဆင်းကတ်ကို အသုံးပြုပြီး ဖုန်းခေါ်ဆိုတာ၊ စာပို့ဆက်သွယ်တာတွေ၊ ဆင်းကတ်နဲ့အင်တာနက်အသုံးပြုတာတွေကိုတော့ ဒီ IMEI နံပါတ်ကတစ်ဆင့် ထိန်းချုပ်နိုင်ပါတယ်။

whitelist သဘော(ခွင့်ပြုပေးမယ့်သူတွေ) ကို ထုတ်ပြန်ပြီး ကျန်သူတွေကို ပိတ်ဆို့တာတွေ လုပ်နိုင်တယ်လို့ ပြောပါတယ်။

“ရှင်းအောင်ပြောရရင် ဖုန်းတစ်လုံးရဲ့ IMEI နံပါတ်ပေးပြီး ဒီဖုန်းမှာ cellular network လို့ခေါ်တဲ့ ဆင်းကတ်ကို အသုံးပြုလို့မရအောင် ဖုန်းအော်ပရေတာတွေကို ပိတ်ခိုင်းလို့ရတယ်။ ဒီလိုပိတ်ရင် အဲ့ဖုန်းမှာ ဘာဆင်းကတ်မှ ထည့်သုံးလို့မရတော့ဘူး။ တခြားသုံးတာတွေက သုံးလို့ရဦးမယ်” လို့ အိုင်တီပညာရှင် တစ်ဦးက ဆက်ရှင်းပြပါတယ်။

နောက်ထပ်နည်းလမ်းကတော့ location access တည်နေရာဖော်ပြတဲ့ အက်ပလီကေးရှင်းတွေက တစ်ဆင့် IMEI နံပါတ်ကို သိနိုင်သလို ၊ IMEI နံပါတ်သိထားသူဟာ အက်ပလီကေးရှင်းပိုင်ရှင် အဖွဲ့အစည်းတွေဆီကနေ လက်ကိုင်ဖုန်းသုံးစွဲသူရဲ့ တည်နေရာ အနီးစပ်ဆုံးကို ရယူနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒါတွေဟာ IMEI နံပါတ်တစ်ခု ရလာခဲ့ရင် လက်ကိုင်ဖုန်း အသုံးပြုသူတွေကို ဘာတွေ ဆက်လုပ်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး အိုင်တီပညာရှင်တွေက ခန့်မှန်း တွက်ဆချက်တွေ ဖြစ်ပါတယ်။

၂၀၁၉ခုနှစ် နှောင်းပိုင်းကစပြီး တစ်နိုင်ငံလုံးက အိမ်ထောင်စုတွေရဲ့ ၈၆ရာခိုင်နှုန်းမှာ မိုဘိုင်းလ်ဖုန်းရှိကြပြီး ခရိုင်အားလုံးမှာ မိုဘိုင်းလ်ဖုန်း ပိုင်ဆိုင်တဲ့ အိမ်ထောင်စု ၆၀ရာခိုင်နှုန်းအထက် ရှိတယ်လို့ Myanmar Information Management Unit (MIMU) ရဲ့ စာရင်းအရ သိရပါတယ်။

မြန်မာနိုင်ငံ လူဦးရေ ၅၄သန်းနဲ့ ပြန်တွက်ဆကြည့်မယ်ဆိုရင် သန်း ၄၀ကျော်ဟာ မိုဘိုင်းလ်ဖုန်းအသုံးပြုနေကြတဲ့ အခြေအနေဖြစ်ပါတယ်။

ဒါကြောင့် လက်ဝယ်ရှိထားတဲ့ လက်ကိုင်ဖုန်းတွေရဲ့ IMEI နံပါတ်ကို မှတ်ပုံတင်ခိုင်းဖို့ အခက်အခဲရှိပြီး အသစ်ဝယ်ယူတဲ့ ဖုန်းတွေကို မှတ်ပုံတင်ခိုင်းတာတွေ လုပ်လာနိုင်တယ်လို့ ပြောကြပါတယ်။

“သူတို့ ဘာတွေ လုပ်မလဲမသိနိုင်ဘူး၊ သေချာတာက လက်ဝယ်ရှိထားတဲ့ ဖုန်းတိုင်းရဲ့ IMEI နံပါတ်သိရဖို့ စာရင်းကောက်ယူဖို့က မလွယ်ဘူး။ resource နည်းတယ်၊ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် နည်းပညာပိုင်းမှာ လည်း ပြည်ပအကူအညီတွေ၊ ပြည်ပကုမ္ပဏီတွေ ငှားရမ်းလုပ်ကိုင်တာတွေနဲ့မှ လုပ်နိုင်မယ့်အပိုင်းတွေ ရှိတယ်” လို့ အိုင်တီပညာရှင်တစ်ဦးက သူ့အတွေ့အကြုံအရ သုံးသပ်ပြောဆိုပါတယ်။

ပြည်သူတွေက ဘာတွေသတိထားဖို့လိုမလဲ
လက်ရှိအချိန်မှာ ဒီ IMEI နံပါတ်တွေ စစ်‌ကောင်စီကို မှတ်ပုံတင်လိုက်ရင် မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေ သိရှိသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်နဲ့ ဒီ IMEI နံပါတ်ကို ပြောင်းလဲဖို့ဆိုပြီး တခြားနည်းပညာတွေ အသုံးမပြုကြဖို့ အိုင်တီပညာရှင်တွေဘက်က သတိပေးနေပါတယ်။

လက်ကိုင်ဖုန်းတစ်လုံးမှာပါတဲ့ IMEI နံပါတ်တွေကို အက်ပလီကေးရှင်း (App) တွေ အသုံးပြုပြီး နံပါတ်ပြောင်းလဲလို့မရသလို IMEI နံပါတ် အတုအယောင်တွေ အသုံးပြုနိုင်တယ်ဆိုတာဟာလည်း လက်ရှိ ပြည်တွင်းနည်းပညာ အားနည်းမှု အခြေအနေမှာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

“ဒီနံပါတ်တွေက ဘယ်တော့မှ ပြောင်းလို့မရဘူးဗျ။ ပြောင်းလို့ရပါတယ်ဆိုတဲ့ အက်ပလီကေးရှင်း (app) တွေကို location access တည်နေရာ ကြည့်ခွင့်ပေးပြီး ဒေါင်းလော့ခ် (download) ဆွဲလိုက်တာနဲ့ ကိုယ့်ရဲ့ အချက်အလက်တွေ အကုန်လုံးဟာ တခြားသူကြည့်ခွင့်ရသွားလိမ့်မယ်” လို့ အိုင်တီပညာရှင်တစ်ဦးက ပြည်သူတွေ စိုးရိမ်စိတ်လွန်ကဲပြီး ဒီလို အက်ပလီကေးရှင်းတွေ အသုံးမပြုကြဖို့ သတိပေးခဲ့တာဖြစ်ပါတယ်။

ဒီလို ပုဂ္ဂလိက အချက်အလက်တွေ သိရှိခဲ့ရင် ခြိမ်းခြောက်ခံရတာ၊ အချက်အလက် ရောင်းစားခံရတာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“လူတိုင်းကိုတော့ လုပ်နိုင်မှာမဟုတ်ဘူး။ နာမည်ကြီးပုဂ္ဂိုလ်တွေ၊ ပစ်မှတ် ဖြစ်နိုင်ဖွယ်လူတွေဟာ ဒီလို အခြေအနေတွေကို သတိထားဖို့လိုလိမ့်မယ်” လို့ အိုင်တီပညာရှင်က ဆက်ပြောပါတယ်။

လက်ရှိမှာလည်း ကိုယ်ရေးအချက်အလက် ပေးထားတဲ့နေရာတွေ ဘဏ်အကောင့်တွေ အပိတ်ခံရပြီးတဲ့ နောက်ပိုင်း ဖမ်းဆီးခံရတာတွေ ဆက်တိုက်ကြုံနေရချိန်မှာ ဒီလို IMEI နံပါတ်နဲ့ ခြေရာခံလိုက်လာနိုင်တဲ့ အခြေအနေတစ်ခုကိုပါ သတိထားဖို့လိုတယ်လို့ ပြောနေကြတာပါ။

ဒါကြောင့် ပြည်သူတွေအနေနဲ့ အခုချိန်မှာ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖော်ပြတာကအစ အသုံးပြုနေတဲ့ အက်ပလီကေးရှင်း (app) တွေကို တည်နေရာသိရှိခွင့်ပြုတာ အပါအဝင် အချက်အလက် ခွင့်ပြုပေးတာတွေကိုပါ ဂရုတစိုက် လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published.