Local News

ယာယီသတ်မှတ်ထားသည့် စာရင်းတွင် မြန်မာသံအမတ်ကြီးမှ နိုင်ငံကိုယ်စားပြုမိန့်ခွန်း ပြောကြားမည်

ယာယီသတ်မှတ်ထားသည့် စာရင်းတွင် မြန်မာသံအမတ်ကြီးမှ နိုင်ငံကိုယ်စားပြုမိန့်ခွန်း ပြောကြားမည်

တရုတ် နှင့် အမေရိကန် တို့ ကြိတ်ဝိုင်းဖွဲ့ကာ သဘောတူညီမှု တခု ရယူ နိုင်ခဲ့သည့် အစဉ်အလာ တခု တည်ဆောက်ပြလိုက်ခြင်းကို သဘောပေါက်သွားသည့် အတွက် စကစ မျက်ကလူး ဆန်ပြာ ဖြစ်ရသည်။

(၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပိတ်ပွဲအစည်းအဝေး နှင့် (၇၆) ကြိမ်မြောက်၊ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဖွင့်ပွဲ နှင့် ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးများသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန်သည် ရှေ့လျောက် တရုတ် နှင့် အတူ ယှဉ်တွဲနေထိုင်သွားရေး ခြေလှမ်းပြင်လာသည့် သဘောဟုပင် ယူဆစရာ ဖြစ်လာနေသည်။ စစ်ကောင်စီ အား လာမည့် ကုလ ညီလာခံတွင်တက်ရောက်ခွင့် မပေးရန် တရုတ်- အမေရိကန်သာ မက ရုရှား၊ အာဆီယံ နှင့် အီးယူ နိုင်ငံများကပါ ထောက်ခံခဲ့ကြ ပြန်သည်။

တရုတ်သည် အိန္ဒိယကဲ့သို့ ဒေသတွင်း အင်အားကြီး နိုင်ငံ အဆင့်မျိုး မဟုတ်တော့ ကမ္ဘာတွင် နိူင်ငံငယ်များ လေးစားခံရသည့် အင်အားကြီး နိူင်ငံတခု အဖြစ် အမေရိကန်နှင့် ပုခုံးချင်း ယှဉ်နိုင်ရန် ကြံစည်နေရာ အရေးအကြောင်း ဖြစ်လာက တကမ္ဘာလုံး နှင့် တယောက် ဖြစ်နေသော အာဏာသိမ်း အဖွဲ့ဖက်က အဘယ်သို့များ ရော‌ယောင် ရပ်တည်၍ ရပေမည်နည်း။

တရုတ်သည် ၎င်းတို့ကို ကျော်၍ ရုရှား နှင့် လိုသည်ထက် ပို၍ ဖက်လှဲတကင်း လုပ်နေခြင်းကို မနှစ်မြို့ကြောင်း သွယ်ဝိုက်၍ သတိပေးလိုက်ခြင်းလည်းဖြစ်ပုံရသည်။ ထိုအတွက် တရုတ်ဖက်က လက်ရှိ အနေအထားကို အမေရိကန်နှင့် အပေးအယူလုပ်လာခြင်းပင် ဖြစ်သည်။

ထို အနေအထားသည် အခြားသော လုံခြုံရေး ကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်များ အထိပါ ကူးစက် လာနိုင်သည်ကို စစ်ကောင်စီက ရိပ်စားမိလာပြီ ဖြစ်သည်။

တရုတ် အထူး သံတမန် ဆွန်ဂေါရှန်သည် ဩဂုတ်လကုန်ပိုင်း မြန်မာပြည်သို့ တပတ်ကြာ လူမသိ သူမသိရောက်ရှိလာစဉ် အတွင်း မင်းအောင်လှိုင် အား ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန်၊ NLD အား ဖျက်သိမ်းခြင်း မပြုရန် တိုက်တွန်းသွားသည်ဟု ဧရာဝတီ သတင်းတွင် ရေးသားထားသည်။

ယနေ့သတင်းအရ NLD ၏ ငွေစာရင်းနှင့် ပိုင်ဆိုင်မှုများ အား စစ်ဆေးရန် အစီအစဉ်မရှိ‌သေးဟု မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ ကော်မရှင် မှ အသံထွက်လာသည်။

ကုလ ညီလာခံ၏ မိန့်ခွန်း ပြောဆိုမည့်သူများ ယာယီသတ်မှတ်ထားသည့် စာရင်းတွင် မြန်မာသံအမတ်ကြီးမှ နိုင်ငံကိုယ်စားပြု ပြောကြားမည်ဟု ပါရှိနေပြီး ဖြစ်သည်။ အကယ်၍သာ ဦးကျော်မိုးထွန်း မိန့်ခွန်း ပြောခွင့်မရက အဆိုပါ သဘောတူညီချက်သည် အပြည့်အဝ အဓိပ္ပါယ် ရှိတော့မည် မဟုတ်၊ ကိုယ်စားလှယ် စီစစ်ရေး အဖွဲ့သည်လည်း နိုဝင်ဘာထဲတွင် သာ စ၍ အစည်းအဝေး ထိုင်ရန် စီစဉ်ထားပြီး ဖြစ်သည်။

ကိုယ်စားလှယ် အငြင်းပွားမှု ရှိက အထွေ‌ ထွေ ညီလာခံ စည်းမျဉ်းအရ လက်ရှိ သံအမတ်သည်သာ ဆုံးဖြတ်ချက် မချမခြင်း ဆက်နေခွင့် ရှိပြီး ဖြစ်သည်။ ဝဏ္ဍ မောင်လွင် က သံအမတ် အငြင်းပွားမှု သည် တကဏ္ဍ၊ ညီလာခံသို့ မြန်မာအား ဖိတ်ကြားရမည်၊ ထိုအခါ သူက နိုင်ငံခြားရေး ဝန်ကြီး အဆင့်ဖြင့် တက်၍ မိန့်ခွန်းပြောပြီး ရောကြိတ်ရန် ကြံစည်ထားမှု ပျက်ပြားသွားခြင်း သာ ပြည်သူများ အတွက် အမြတ် ထွက်သွားခဲ့ရသည်။

Foreign Policy မဂ္ဂဇင်း အဆိုရ ကုလသမဂ္ဂ အစည်း အဝေး သို့ သံအမတ်ကြီး ဖြစ်သူ ဦးကျော်မိုးထွန်း အား တက်ရောက်ရန် ကို တရုတ် နှင့် ရုရှား တို့က သဘောတူထားသော်လည်း ယခုလ နိုင်ငံခေါင်းဆောင်များ တက်ရောက်မည့် အစည်းအဝေး ကာလ ဖြစ်သည့် စက်တင်ဘာ ၂၁ ရက်အထိ ထိန်းထိန်းသိမ်းသိမ်း နှင့် စစ်ကောင်စီ အား ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခြင်း မပြုရန်တော့ တောင်းဆိုထားသည်ဟု ဆိုသည်။

ဤသည်က နှစ်ဖက် အပေးအယူ လုပ်ထားခြင်း ဖြစ်ပြီး ကိုယ်စားလှယ် စီစစ် ရွေးချယ်ရေး အဖွဲ့က လည်း ဆုံးဖြတ်ချက်အား နိုဝင်ဘာလ အထိ ရွှေ့ဆိုင်းပေးထားရန် အဆိုကို အလွတ်သဘော ထောက်ခံမှု ကိုလည်း ရရှိထားပြီး ဖြစ်သည်။

နယူးယောက် စံတော်ချိန် ညနေ ၃ နာရီ တွင် စတင် မည့် ၇၆ ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေ ညီလာခံကြီးတွင် ညီလာခံ ဥက္ကဌ မှ ဖွင့်လှစ်ပေးခြင်း၊ ကိုယ်စားလှယ်များ တမိနစ်ခန့် တိတ်ဆိတ်ငြိမ်သက်စွာ နေပေးခြင်း၊ နှင့် တတိယ မြောက် အစီအစဉ်အဖြစ် ကိုယ်စားလှယ် စီစစ်ရေး ကော်မတီ အဖွဲ့ဝင်များ ခန့်အပ်ခြင်း၊ အဖွဲ့ဟောင်း၏ အစီရင်ခံစာ တင်သွင်းခြင်း တို့ နှင့် ပွဲဦးထွက် စတင်ထားသည်ကို တွေ့ရသည်။

ဦးကျော်မိုးထွန်း အား ကုလတွင် ရှိနေခွင့် နှင့် စစ်ကောင်စီကို တတ်နိုင်သမျှ နိုင်ငံတကာ စင်မြင့်သို့ ရောက်မလာစေရန် မဖြစ်ဖြစ်အောင် လုပ်သွားမည်ဟုလည်း အနောက်အုပ်စု က ပြောလာသည်။

သို့သော် မိမိတို့ အရေး ကို မိမိတို့ဘာသာ ဖြေရှင်း ရတော့မည် ဖြစ်ပြီး နိုင်ငံကြီးများက ခုတုံးလုပ် အသုံးချကာ တပည့်မွေး တပည့်ခံ ပုံစံမျိုး ချိုးလာသည်ကို သိမြင်လာသဖြင့် NUG မှ နိုင်ငံအနှံ “ပြည်သူတို့၏ ခုခံစစ်” ကို စတင်တော့မည်ဟု အသိပေးပြီးနောက် ပထမဆုံး ထုတ်ပြန်သည် ကြေညာချက်တွင်

နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် မြန်မာပြည်သူတို့ အသက် အိုးအိမ်စည်းစိမ် ကို လုံခြုံအောင် ကာကွယ်ပေးနိုင်စွမ်း မရှိသည့်အပြင် ဒီမိုကရေစီ အရေး အတွက် လည်း ကြားဝင် ပေးနိုင်စွမ်း မရှိသည့် အတွက် အားကိုး၍ မရနိုင်ကြောင်း၊ ပြည်သူတို့၏ စုပေါင်း ညီညွတ်မှု အင်အားဖြင့်သာ စစ်တပ်၏အာဏာသိမ်း လုပ်ရပ်နှင့် အတူ ပေါ်ပေါက်လာသော အဖျက်အမှောင့် လုပ်ရပ်များ ကို အဆုံးသတ် နိုင်မည် ဖြစ်သည်ဟု ပြတ်သားစွာ အသိပေးလိုက်ပြီ ဖြစ်သည်။

စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း မှ NUG ၏တိုက်ပွဲခေါ်သံကို ပျက်ရယ် ပြုခဲ့သော်လည်း လက်တွေ့တွင် မူ ပြည်သူ့ကာကွယ်ရေး တပ်များကို လက်နက်ကြီး များ သုံး၍ အလုံးအရင်း နှင့် ထိုးစစ်ဆင်လာ‌ နေရပြီး ရွာများကို မီးရှို့ ဖျက်ဆီး ပစ်နေရသည့် အကြမ်းဖက် တပ်များ ဖြစ်လာနေပြီ ဟု နယူးယောက်တိုင်း သတင်းစာ တွင်ပင်တိုင်ဆောင်းပါးရှင် ဟာနန် ဘိခ်ျ က ရေးသားထားသည်။

စစ်အာဏာရှင် တွန်းလှန် စစ်က တဖြေးဖြေး နှင့် နိုင်ငံ အနှံ ပျံ့ နှံ့လာနေပြီ ဖြစ်သည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soewai