Local News

ရတနာလုပ်ငန်းတွေ နဲ့ အစရှိတဲ့လုပ်ငန်းတွေ ကမ်းလှမ်းလာပေမယ့် တိုင်းပြည်ဒုက္ခရောက်ချိန်မှာ စီးပွါးရေးလုပ်နေတယ်ဆိုတာမျိုး မဖြစ်ချင်

ရတနာလုပ်ငန်းတွေ နဲ့ အစရှိတဲ့လုပ်ငန်းတွေ ကမ်းလှမ်းလာပေမယ့် တိုင်းပြည်ဒုက္ခရောက်ချိန်မှာ စီးပွါးရေးလုပ်နေတယ်ဆိုတာမျိုး မဖြစ်ချင်

ကိုယ် ဒီနိုင်ငံကို ရောက်လာတဲ့အချိန်မှာ ဒီနိုင်ငံက မြန်မာလူမျိုးအချို့က ဆက်သွယ်ကမ်းလှမ်းလာကြတယ်။ ကိုယ့်ကို အလုပ်ပေးတဲ့ သဘောမျိုးပေါ့။

ကိုယ့်ရဲ့ မုန့်ဟင်းခါးTrend အရမ်းခေတ်စားနေချိန်မှာ စားသောက်ကုန်လုပ်ငန်းတစ်ခုက ဆက်သွယ်တယ်။ ပန်ဆယ်လိုနာမည်နဲ့ မုန့်ဟင်းခါးအပါအဝင် စားသောက်ကုန် ထုတ်လုပ်ဖို့ပေါ့။ အတိုချုပ်ပြောရရင် အစစအရာရာ သူတို့လုပ်မယ်။ ကိုယ်က နာမည်ခံရုံပဲ။ လစာတစ်ခု၊ အကျိုးအမြတ်တစ်ခု ပေးမယ်ပေါ့။

ကိုယ်ငြင်းဖြစ်ခဲ့တယ်။ အမှန်တကယ်ဆိုရင် မြန်မာပြည်မှာ အောင်မြင်တဲ့ စီးပွါးရေးလုပ်ငန်းသုံးခု Run ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဖြစ်တည်မှုဟာ ဒီကာလမှာ အိပ်မက်ဖြစ်သွားခဲ့ပြီ။ ပြည်ပမှာရှာရတဲ့ ဝင်ငွေမျိုးကို ပြည်တွင်းမှာ သမ္မာအာဇီဝကျကျ ရှာနိုင်ခဲ့တဲ့ ကိုယ်ဟာ Feb 1 ကစပြီး Income က Zero ပဲ။ ဘဝကို Struggle လုပ်နိုင်ဖို့ ပြန်လည်ရုန်းကန်ရမယ်ဆိုတာ ကိုယ်ပြည့်ပြည့်ဝဝ သိပါတယ်။ ဒါပေမယ့် ကိုယ်ငြင်းဆန်ဖြစ်ခဲ့တယ်။

အလုပ်တစ်ခု ဝင်လုပ်သင့်ပြီဆိုတာ ကိုယ်သိပါတယ်။ ဒါပေမယ့် မြန်မာပြည်အချိန်အတိုင်း လိုက်နေပြီး စာရေးနေ၊ ထောက်ပံ့ရေးကိစ္စ စီမံခန့်ခွဲနေရတဲ့ ကိုယ်ဟာ တစ်နေ့ ၈ နာရီ အလုပ်ဝင်လုပ်ရင် သေဖို့ပဲ ရှိမယ်။ အလုပ်ဝင်ပြီဆိုတာနဲ့ ဒီဘက်ခြမ်းက အလုပ်တွေကို ကိုယ်လုံးဝနီးပါး ရပ်တန့်ရတော့မယ်ဆိုတာ ကိုယ်သိနေပြန်တယ်။

အမေရိကားဟာ နိုင်ငံရေးသင်္ချိုင်းလို့ စီနီယာကြီးတွေက ပြောကြတာ ကြားဖူးတယ်။ အရင်ကတော့ နားမလည်ခဲ့ဘူး။ အခုတော့ ကိုယ်နားလည်နိုင်ခဲ့ပြီ။ ဒီကိုရောက်လာတဲ့လူတစ်ယောက်ဟာ အသက်ရှင်ရပ်တည်ဖို့ မိုးလင်းမိုးချုပ် အလုပ်လုပ်ကြရတော့တယ်။ နိုင်ငံရေးနဲ့ ဝေးကွာလာမယ်။ Activity တွေ ပျောက်လာမယ်။ နောက်ဆုံး သူ့ကို လုံးဝ မေ့သွားကြတော့မယ်။ အဆုံးသတ်မှာတော့ သူဟာ အမေရိကားရောက်တာနဲ့ တိုင်းပြည်အရေးကို လုံးဝကျောခိုင်းတဲ့ သစ္စာဖောက် အခွင့်အရေးသမားအဖြစ် သတ်မှတ်ခံလိုက်ရတော့တယ်။

ကိုယ်ကရော ဒီလမ်းကြောင်းအတိုင်း ဖြစ်သွားတော့မလား။ လက်ရှိအချိန်ထိတော့ ကိုယ်တောင့်ခံထားနိုင်ဆဲပဲ။ အဖေနဲ့ အမေကတော့ သူတို့ အလုပ်ထွက်လုပ်မယ်လို့ ပြောတယ်။ အဖေနဲ့အမေကို ကိုယ်အလုပ်လုပ်ခွင့်မပေးတော့ဘဲ အနားယူခိုင်းထားတာ ၇နှစ်မက ကြာခဲ့ပြီ။ အခုလို အသက်၆၀ နီးမှ အလုပ်ထွက်လုပ်ရမှာကိုလည်း ရင်ထဲ မကောင်းလှပေမယ့် ဒီနိုင်ငံအနေအထားအရ ငွေအတွက်မဟုတ်တောင် အလုပ်Credit တို့ Credit Score တို့လို ရေရှည်တည်ဆောက်ရမယ့် အရာတွေအတွက်တော့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာ လက်ခံလိုက်ရတယ်။

အိမ်ထောင်ဖက်ဆီက လက်ဖြန့်တောင်းမသုံးဘူး မာနကြီးတခွဲသားနဲ့ အလုပ်လုပ်ခဲ့တဲ့၊ အသက်၁၉ နှစ်ကတည်းက မိဘဆီက မုန့်ဖိုးမယူဘဲ အကြောတင်းခဲ့တဲ့၊ ကိုယ်စီးပွါးရေး စအခြေတည်ကတည်းက မိဘကို အလုပ်မလုပ်ဘဲနေခိုင်းပြီး ဂုဏ်ယူခဲ့တဲ့ ထက်မြက်သော မိန်းမကြီးဖြစ်ချင်ခဲ့တဲ့ကိုယ်ဟာ ကိုယ်ကတော့ အခုအချိန်မှာ အိမ်ထောင်ဖက်၊ မိဘတွေကို အခြေပျက်စေပြီး အလုပ်လုပ်ရှာကျွေးတာ ထိုင်စားရမယ့် သမီးမိုက်ကြီးပေါ့။ ဘဝဟာ အပြောင်းအလဲ မြန်လွန်းလှတယ်။

အမေရိကားမှာ ရတနာဆိုင်လုပ်ငန်းဆက်လုပ်ဖို့ အကြံပေးကြသူတွေနဲ့၊ ငွေရှယ်ယာထည့်မယ် အရင်းမလိုဘူး ကမ်းလှမ်းသူနဲ့၊ Fully Investment လုပ်မယ် ရတနာလုပ်ငန်းပြန်လုပ်ဖို့ ကမ်းလှမ်းသူနဲ့။ ဒါပေမယ့် ကိုယ်ဟာ ပါလာတဲ့ အရင်လုပ်ငန်းလက်ကျန် ရတနာပစ္စည်းလေး ထုခွဲရောင်းချရတာတောင်မှ ရှက်ရွံ့အားနာနေမိဆဲ။

ကိုယ်က အခုလို တိုင်းပြည်ဒုက္ခရောက်ချိန်မှာ စီးပွါးရေးလုပ်နေတယ်ဆိုတာမျိုး မဖြစ်ချင်စိတ် သီးသန့်ပဲ။ ဘော်ဒါရင်းတွေဆို မိပန်ရေ… နင်က ဖေ့စ်ဘုတ်မှာသာ လူလည်မကြီး။ တကယ်တမ်းက နင့်လောက်နုံတာမမြင်ဖူးဘူးဆိုပြီး အော်အော်ရယ်တာ။ မချိတရိ သွားလေးအဖြဲသား လုပ်နေရုံအပြင် ကိုယ့်မှာ အဖြေမရှိ။

ငါက ဘာတွေ မတရား ရယူထားဖူးလို့ ဘာတွေလိပ်ပြာသန့်နိုင်ဖို့ ကြိုးစားနေဖြစ်တာလဲ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိရင် အဖြေမရှိ။ နင့်မရှိတော့ ဘယ်သူလာကျွေးမှာမို့ ဘယ်သူ့ကို ဂရုစိုက်နေတာလဲ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိရင် အဖြေမရှိ။ ဘယ်တုန်းက သူတပါးအမြင်တွေကို ဂရုစိုက်တတ်သွားလဲ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိရင် အဖြေမရှိ။

ငွေရှာဖို့ မပြောနဲ့၊ နွေဦးတော်လှန်ရေး Fund Raising အတွက် မြို့တွေက ဖိတ်လို့ သွားမိတဲ့အခါ မြို့ခံတွေက အထင်ကရနေရာတွေ လိုက်ပို့ရင်တောင် မသွားချင်ခဲ့ဘူး။ ဘက်ဖလိုမြို့ကဖိတ်လို့ ၆ လလောက် နယ်စပ်အခန်းထဲ ပိတ်နေခဲ့ရတဲ့ သမီးအပါအဝင် မိသားစုကို နိုင်ရာဂရာရေတံခွန် နေ့တစ်ပိုင်း လိုက်ပို့မိတာတောင် အပြစ်ရှိနေသလို ခံစားမိတဲ့အထိ။ ပျော်ရွှင်စရာတွေ ဘာတစ်ခုမှ မရှိတော့တာ ရက်ပေါင်း၂၀၀ ကျော်ခဲ့ပြီ။

အမေရိကားက Land of Freedom, Land of Opportunity တဲ့။ ကိုယ့်စိတ်ကတော့ မြန်မာပြည် မလွတ်မြောက်သရွေ့ တမင်ကြီးကို မလွတ်မြောက်အောင် ချုပ်နှောင်ထားမိပြီး ဘာအခွင့်အလမ်းကိုမှ မဖမ်းဆုပ်နိုင်တော့အောင် ဘယ်လောက်ထိ ဆက်ညံ့ဖျင်းနေမိမလဲ မသိနိုင်သေး။

စိတ်ထဲ မွန်းကြပ်လွန်းလို့ ချရေးမိတာပါ။ အမေရိကားကနေ ညည်းပြသလို ဖြစ်သွားရင်လည်း ဆောရီးပါ။ ပေးဆပ်အနစ်နာခံရတာလည်း လုံးဝမဟုတ်သလို အဲ့လိုသက်ရောက်သွားရင်လည်း အဲ့လိုရည်ရွယ်တာ မဟုတ်ကြောင်းပါ။ ဘဝပေးအခြေအနေအရပါပဲ။

တကယ်ပေးဆပ်အနစ်နာခံနေရတဲ့ တောထဲက ရဲဘော်တွေ၊ ထောင်ထဲက ရဲဘော်တွေအတွက် တစ်ကိုယ်စာ နိုင်တာထက်ပိုပြီး ကူညီနိုင်အောင်၊ နွေဦးတော်လှန်ရေး အောင်မြင်ပြီးဆုံးတဲ့အထိ ပါဝင်နိုင်အောင် ကြိုးစားမယ်လို့ ကတိပေးပါတယ်။

ဘာအခက်အခဲကြုံကြုံ၊ လမ်းသွားရင်း ခလုတ်တိုက်မိတာကအစ MaALoe မင်းအောင်လှိုင်ကြောင့်အပြင် အခြားမရှိ။

ပန်ဆယ်လို

About the author

admin

Add Comment

Click here to post a comment