Local News

စစ်အုပ်စုနဲ့ဗဟိုဘဏ် ဘယ်လမ်းကိုသွား​နေတာလဲ …?

စစ်အုပ်စုနဲ့ဗဟိုဘဏ် ဘယ်လမ်းကိုသွား​နေတာလဲ

DeltaNewsAgency(ဆောင်းပါး)

အကြမ်းဖက်စစ်အုပ်စုရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေတဲ့ ဗဟိုဘဏ်ဟာ ငွေသားထုတ်မပေးနိုင်တဲ့ ဘဏ်လုပ်ငန်းတွေအတွက် အခြေပစ္စည်းတွေနဲ့ ကုန်စည်အရောင်းအဝယ် ဝန်ဆောင်မှုတွေမှာ ငွေသားပေးချေမှုကို ကျပ်သိန်း ၂၀၀အထိသာအသုံးပြုပြီးနောက် လိုအပ်ငွေကို အခြားနည်းလမ်းတွေနဲ့ ပေးချေဖို့ ညွှန်ကြားစာတစ်စောင်ကို မနေ့က နိုဝင်ဘာလ ၃ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အခြေပစ္စည်းဆိုတာဟာ အိမ်၊ ခြံ၊မြေ၊ မော်တော်ယာဉ်၊ လုပ်ငန်းအတွက် စက်ကရိယာ စတာတွေကိုဆိုလိုပြီး ကုန်ပစ္စည်းကတော့ ထုတ်ကုန်တွေနဲ့ လုပ်ငန်းရဲ့ ဝန်ဆောင်မှုထုတ်ကုန်တွေကို ဆိုလိုပါတယ်။
အရောင်းအဝယ်လုပ်ဆောင်မှုအတွက် တစ်ကြိမ်မှာ ငွေသားကို သိန်း ၂၀၀အထိသာ ပေးချေစေပြီး၊ လိုအပ်ငွေကို Mobile Banking၊ Internet Banking ၊

ATMကတ်၊ ချက်လက်မှတ်၊ ငွေပေးအမိန့်လွှာ POနဲ့ ငွေစာရင်းပြောင်း ပေးသွင်းရမယ်လို့ ဆိုထားပါတယ်။ ဒါကိုမှ မလိုက်နာရင် တည်ဆဲဥပဒေ တစ်ရပ်ရပ်နဲ့ အရေးယူမယ်လို့ ဆိုပြန်ပါတယ်။

Mobile Bankingကနေ တစ်ကြိမ်မှာ ငွေသားလွှဲပြောင်းမှု ဘယ်လောက်လုပ်လို့ရသလဲ၊ ATMကတ်ဆိုရအောင် ATMစက်တွေရဲ့ အရှေ့က မြက်ပင်တွေတောင် အတော်ကိုကြီးနေပါပြီ၊ ချက်လက်မှတ်အတွက်က ဘဏ်ကိုသွားရောက်စစ်ဆေးရမှာရှိနေတယ်၊ ငွေပေးအမိန့်လွှာနဲ့ ငွေစာရင်းပြောင်းတွေအတွက်ကလည်း ဘဏ်တွေကို မဖြစ်မနေကို သွားရမဲ့ လုပ်ငန်းတစ်ခု ဖြစ်နေပါတယ်။

ယဲ့ယဲ့သာကျန်တော့တဲ့ လုပ်ငန်းတွေအကုန် လည်ပတ်မှုပိုမိုနှောင့်နှေးစေမဲ့ အပြုအမူပါပဲ။ဘဏ်တွေကနေ ငွေသားထုတ်ပေးနိုင်ခြင်းမရှိတာကို ကာကွယ်ဖို့အတွက် ဖိအားပေးလုပ်ဆောင်နေတဲ့ ညွှန်ကြားချက်တွေကြောင့် ပြည်သူတွေဟာ ဘဏ်တွေကို ပိုမိုအယုံကြည်မဲ့စေပြီး ငွေသား သက်သက်ကိုသာ ပိုမိုကိုင်တွယ်လာလိုနေကြပါတယ်။

“အဓိကဘဏ်ကနေ ငွေသားကို တလုံးတခဲထဲ မထုတ်ပေးနိုင်ရင်တောင် ATMစက်တွေကို အရင်လို ပြန်ပြီးလည်ပတ်အောင် လုပ်ပေးရမယ်၊ အရင်လို တစ်နေ့တာသတ်မှတ်ငွေကို အချိန်မရွေး ထုတ်နိုင်အောင် လုပ်ပေးရင် ယုံကြည်မှု အနည်းငယ် ပြန်တက်လာမယ်၊ ထိတ်ပိုင်းလုပ်ငန်းရှင်တွေက ဘဏ်ငွေထုတ်တာကို သိပ်စိတ်မဝင်စားဘူး ငွေသားကနေ အခြားပြောင်းဖို့လောက်ပဲ၊ ငွေသားကို အိမ်မှာ အရှုပ်ခံသိမ်းချင်တဲ့ လုပ်ငန်းရှင်ရယ်လို့မရှိဘူး၊

အချိန်မရွေး ငွေထုတ်လို့ရရင် ဘယ်သူမှ အိမ်မှာအပူခံသိမ်းမနေဘူး၊ ဒါကို စကစက နားလည်ရမယ်၊ သေချာတာ အခုငွေစက္ကူဟာ စကစမှာ မရှိတော့ဘူး”လို့ စျေးကွက်ပညာရှင်တစ်ဦးကဆိုပါတယ်။

ဘဏ်အကောင့်တွေကို အကြောင်းပြချက်မရှိဘဲ မလိုရင်မလိုပိတ်တာဟာလည်း အလတ်စား လုပ်ငန်းရှင်တွေ အတွက် ထိတ်လန့်စရာဖြစ်လာတာကြောင့် အခုလို ဘဏ်အတွင်း ငွေသားမထားလိုတဲ့ ဖြစ်စဉ်ပါပဲ။
“စကစကိုက ခေါင်းမရှိတာ၊ ယုံကြည်အောင် မတည်ဆောက်ဘဲ လုပ်ချင်ရာလျှောက်လုပ်နေတဲ့နောက် ဘယ်သူက သူနဲ့ပက်သက်တာတွေကို ယုံမလဲ ၊ တစ်ခုခုစွပ်စွဲပြီး ဘဏ့်အကောင့်အပိတ်ခံရရင် ဘယ်လိုလုပ်မလဲဆိုတာ ပြသနာဖြစ်နေပြီ၊

အခုအိမ်တွေ လုပ်ငန်းတွေပါ ချိတ်ပိတ်တယ်လို့ ဆိုလာတယ်၊ ငွေသားလက်ထဲထားပြီး ယူပြေးတာက အကောင်းဆုံးပဲဆိုတာမျိုး ခေါင်းထဲဝင်အောင် လုပ်တော့ ပိုဆိုးကုန်တာ”လို့ စျေးကွက်ပညာရှင်က ဆိုပါတယ်။

ဘဏ်တွေကို ယုံကြည်မှုမရှိ ပြည်တွင်းကျပ်ငွေတန်ဖိုးလည်း အယုံကြည်မဲ့လာသူတွေဟာ ဒေါ်လာငွေကို ပြောင်းစုတာမို့ ဒေါ်လာစျေးအမြင့်ဆုံးရောက်ခဲ့တာကိုလည်း စစ်အုပ်စုက ရှင်းမနိုင်သေးပါဘူး။

စစ်အုပ်စုက အာဏာသိမ်းအပြီး ဖေဖေါ်ဝါရီလကနေ အောက်တိုဘာလကုန်အထိ ဗဟိုဘဏ်ကနေ အမေရိကန်ဒေါ်လာ ၂၉၄ဒသမ ၈သန်းအထိ ထုတ်ရောင်းပြီးဖြစ်ပါတယ်။

ဖေဖေါ်ဝါရီလမှာ ၆ဒသမ၈သန်း၊ ဧပြီလမှာ ၁၂သန်း၊ မေလမှာ ၂၄သန်း၊ ဇွန်လမှာ ၁၂သန်း၊ ဇူလိုင်လမှာ ၃၉သန်း၊ ဩဂုတ်လမှာ ၂၈သန်း၊ စက်တင်ဘာလမှာ ၆၃နဲ့ အောက်တိုဘာလမှာ ၁၁၀သန်းအထိ ရောင်းချခဲ့တာပါ။

လအလိုက်ရောင်းချမှုတွေကို ကြည့်ရရင် ဒေါ်လာစျေး စံချိန်တင်မြင့်တက်ခဲ့တဲ့ စက်တင်ဘာနဲ့ အောက် တိုဘာလတွေမှာ စျေးနှုန်းပြန်ကျ ဗဟိုဘဏ်က အလျှင်လိုနေတယ်ဆိုတာ သိသာခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်လာထုတ်ရောင်းခြင်းတွေသာမက ပို့ကုန်သမားတွေအတွက် ပြန်လည်ဝင်ရောက်လာတဲ့ နိုင်ငံ ခြားငွေကို ရက်ပေါင်း ၃၀အတွင်း သတ်မှတ်ရာ ဘဏ်နဲ့ နိုင်ငံခြားငွေ ရောင်းဝယ်ရေး ဌာနတွေမှာ မဖြစ်မနေ ပြန်လည်ရောင်းချရမယ်လို့ အမိန့်ညွှန်ကြားချက်ပါ ဆက်တိုက်ထုတ်ပြန်ခဲ့ပါတယ်။

ရက်ပေါင်း ၉၀အဖြစ် သတ်မှတ်ရာကနေ ရက်ပေါင်း ၃၀လို့ ထပ်မံလျှော့ချသတ်မှတ်လိုက်တာဟာ ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက်ပါပဲ။

ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်အရ နိုဝင်ဘာလ ဒုတိယလပတ်ကနေစပြီး ပို့ကုန်သမားတွေဟာ သတ်မှတ်ရက်ပြည့်ဖို့ နီးကပ်ပြီမို့ မဖြစ်မနေကို ပြန်လည်ရောင်းချရပါတော့မယ်။ ဗဟိုဘဏ်အတွင်းကို ဒေါ်လာငွေ ပြန်လည်ဝင်ရောက်လာပြီး စျေးနှုန်းကို ထိန်းနိုင်ဖို့ စစ်အုပ်စုရဲ့ အကြံအစည်ပါ။

ဒီအကြံစည်ကရော အောင်မြင်နိုင်ပါ့မလားလို့ဆိုရင် Noလို့ဖြေရပါမယ်။ပို့ကုန်တစ်ခုထဲကနေ မှီခိုရရှိနိုင်ခြေရှိတဲ့ ဒေါ်လာငွေဟာ မများပြားပါဘူး။ သွင်းကုန်အတွက် မဖြစ်မနေကို ပြန်လည်အသုံးပြုရမှာမို့ နှစ်လအတွင်း ဒေါ်လာစျေးနှုန်းပြန်ပြီး မြင့်တက်ရုံသာမက ဒေါ်လာငွေလည်း လွယ်လွယ်ဝယ်မရ၊

ရွှေစျေးကွက်ကိုလည်း ရွှေစက္ကူအဖြစ် ပြောင်းလဲ ထိန်းချုပ်ဖို့လာတဲ့ စစ်အုပ်စုကို မယုံ မြန်မာကျပ်ငွေနဲ့ ဘဏ်ဝန်ဆောင်မှုကို မယုံကြည်တော့တဲ့ ပြည်သူတွေကြောင့် အိမ် ခြံ မြေ၊ မော်တော်ယာဉ်လိုမျိုး ရင်းနှီးမြုပ်နှံမှုမှာ စျေးတက်သွားနိုင်ပါတယ်။

ပို့ကုန်ပြန်လည်ဝင်ရောက်လာငွေကို ပြန်လည်ရောင်းချပေးခြင်းမရှိတဲ့ လုပ်ငန်းပေါင်းဟာ အခုချိန်ထိ စာရင်းအချက်အလက်တွေအရ ကုမ္ပဏီပေါင်း ၆၆၃ခုထိ ရှိနေပါတယ်။ ဒီကုမ္ပဏီတွေထဲမှာ စစ်အုပ်စုရဲ့ အကျိုးတော်ဆောင်တွေပါ ပါဝင်နေတာဟာ ဗဟိုဘဏ်ဘာလဲ ဘယ်လဲဆိုတာကို စောင့်ကြည့်နေရတဲ့ အခြေအနေတစ်ခုပါပဲ။

နောက်ထပ် နိုင်ငံခြားငွေရလမ်းတစ်ခုဖြစ်တဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှာတော့ စစ်အုပ်စုဟာသဘာဝဓာတ်ငွေ့၊ ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ လုပ်ငန်းအချို့ကလွဲပြီး မရှိတော့ပါဘူး။ ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ အချက်အလက်တွေအရ စစ်အုပ်စုကို အယုံအကြည်မရှိတော့ ပြည်ပရင်းနှီးမြုပ်နှံမှု လုပ်ငန်းပေါင်း ၁၈၇၃ခုအထိ ရုပ်သိမ်းသွားကြပါပြီ။

သွေးရူးသွေးတန်းနဲ့ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်များစွာဟာ အနာတလွဲ ဆေးတလွဲ ခြေထောက်ကိုက်တာကို ခေါင်းပရုပ်ဆီလူးတာနဲ့ အတူတူပါပဲ။စစ်အုပ်စုနဲ့ ဗဟိုဘဏ်အနေနဲ့ အဓိကထားလုပ်ရမှာက ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ အရင်လို ပြန်လည် လည်ပတ်နိုင်ရေးနဲ့ ပြည်ပရင်းနှီးမြုပ်နှံမှု၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆက်ဆံနိုင်မှုပါပဲ။

ဒါကလည်း စစ်အုပ်စုရဲ့ လက်ရှိလုပ်ဆောင်နေမှုတွေအရ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အနေအထားတွေကြောင့် ဒီဇာတ်လမ်းဟာ “ဒင်းတို့မရှိမှအေးမယ်”ဆိုတဲ့ ဇာတ်လမ်းပါပဲ။

ဆိုးထက်ခိုင်

About the author

admin

Add Comment

Click here to post a comment