Local News

ရွေးကောက်ပွဲ နှစ်ပတ်လည် နေ့မှာ လုံခြုံရေး ကောင်စီ ‌မြန်မာ အရေး ‌ဆွေးနွေးပြီ

ရွေးကောက်ပွဲ နှစ်ပတ်လည် နေ့မှာ လုံခြုံရေး ကောင်စီ ‌မြန်မာ အရေး ‌ဆွေးနွေးပြီ

ကုလ သမဂ္ဂ အကူအညီ ‌ပေးရေး ဆိုင်ရာ အကြီးအကဲ မာတင် ဂရစ်ဖစ်မှ နိုင်ငံ အတွင်း လူသုံးသန်း ကျော်ခန့်သည် ပြည်တွင်း ပဋိပက္ခ များ နှင့် ပျက်ပြားလာနေသော စီးပွားရေး ကြောင့် အသက်အန္တရာယ် ထိခိုက်နိုင် လောက်သည့် အခြေအနေများ ရင်ဆိုင်နေရ၍ လူသားချင်း စာနာထောက်ထားသည့် အကူ အညီများ ပေးရန် အရေးတကြီး လိုအပ်လာနေပြီဟု သတိပေးလိုက်ပြီ ဖြစ်သည်။

ထို့အပြင် ၎င်းတို့၏ လုပ်ရပ်များကို ကမ္ဘာကြီးက စောင့်ကြည့်နေပြီ ဖြစ်သည်ဟု အာဏာသိမ်း အဖွဲ့ကို အမည်တပ်၍ သတိပေးလိုက်ပြန်သည်။

ထို့အတွက် ဗြိတိန်၏ တောင်းဆိုမှု ဖြင့် ကုလ လုံခြုံရေး ကောင်စီမှ တနင်္လာနေ့ တွင် မြန်မာအရေး အပေါ် တံခါးပိတ် ဆွေးနွေးနေပြီ
ဖြစ်သည်။ ထူးခြားသည်မှာ အမျိုးသား ဒီမိုကရေစီ အစိုးရအား ပြည်သူတရပ်လုံးနီးနီးက ပြန်လည်၍ အာဏာ အပ်နှင်းခဲ့သည့် နှစ်ပတ်လည် နေ့နှင့် တိုက်ဆိုင်နေသည်ဟု ရိုက်တာ သတင်းတွင် ဖေါ်ပြထားသည်။

ဗြိတိန်က လက်ရှိ စစ်တပ်၏ လုပ်ရပ် များသည်
၂၀၁၇ ခုနှစ် အတွင်း ရိုဟင်ဂျာ များ အပေါ် ကျုးလွန်ခဲ့ပုံမျိုး နှင့် တဖြေးဖြေး ဆင်တူလာနေမှုအပေါ် စိုးရိမ်မကင်း ဖြစ်လာ၍ ဟု ဗြိတိန်၏ လက်ထောက် ကုလ သံအမတ် ဂျိမ်း ကီရီ‌ ရောကီ က ဆိုသည်။

အထူးသဖြင့် ချင်းပြည်နယ်၊ မကွေး နှင့် စစ်ကိုင်းတိုင်း ဒေသများ အတွင်း လူထု ကာကွယ်ရေး တပ်များ နှင့် စစ်တပ်အကြား တိုက်ပွဲများ ဖြစ်ပွားလာနေမှု အပေါ် “လွန်စွာ စိုးရိမ်မကင်း ဖြစ်လာနေသည်” ဟု ဆိုသည်။

မြန်မာအရေး အပေါ် မိမိတို့ အဖ္ဓဲ့ဝင် အားလုံး ညီညွတ်စွာ တသံတည်း ထွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အဖွဲ့ဝင် ဖြစ်သည့် အိုင်ယာလန် သံအမတ်ကြီးက ပြောပြန်သည်။

မည်သို့မျှ ခိုင်လုံသော အကြောင်းပြချက် မရှိပဲ လက်နက် အားကိုးဖြင့် တိုင်းပြည်အာဏာကို အတင်းအဓမ္မ သိမ်းယူကာ ပြည်သူပြည်သားများ အပေါ် နိုင့်ထက် စီးနင်း သတ်ဖြတ်နေသည့် လုပ်ရပ်များကို ယဉ်ကျေး သော နှစ်ဆယ်တရာစု လူ့ အသိုက်အဝန်းကြီး က မည်သို့မျှ လက်ပိုက်ကြည့်နေ နိုင်ကြမည် မဟုတ်ပေ၊ အနှေးနှင့် အမြန်ဆိုသလို ဒဏ်ခတ်ခဲ့ကြသည့် သာဓက များကလည်း ရှေ့တွင်ရှိနေပြီး ဖြစ်သည်။

ကြာလာသည်နှင့် အမျှ နိုင်ငံတကာ မှ ပူညံပူညံ ဖြစ်လာမည့် အရေးကို စစ်ခေါင်းဆောင်များက ကြိုတင် တွက်ဆထားပြီး ဖြစ်၍ ပြည်သူတို့၏ ခုခံတွန်းလှန်စစ်ကို အမြန်ဆုံး အပြီးအပြတ် ချေမှုန်းနိုင်ရန် ကြိုးစားလာခဲ့သော်လည်း စိတ်ဓါတ်ရေးရာ အရ လွန်စွာ သာလွန်သော PDF တပ်များက အောင်ပွဲခံ လာနေသည် နှင့် အတူ ၎င်းတို့ လွန်စွာ စိုးရိမ်နေသည့်အတိုင်း အခြေအနေများက ရှေ့မတိုး နောက်မဆုပ် ဖြစ်လာနေသည် နှင့် အမျှ နိုင်ငံတကာ ၏ တုန့်ပြန် မှုများ နှင့် ရင်ဆိုင်လာနေရပြီ ဖြစ်သည်။

ယခုအခါ ရွေးကောက်ပွဲ တနှစ်ပြည့်အဖြစ် အမေရိကန်၊ နော်ဝေး၊ ကနေဒါ အပါအဝင် နိုင်ငံ အသီးသီးက အာဏာ သိမ်းမှု အား ရှုတ်ချလာကြပြီ ဖြစ်သည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ အတွင်း ကျင်းပခဲ့တဲ့
ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သည် စစ်တပ် မှ တွက်ဆထားသလို ပွတ်ကာသီကာပင် မဟုတ်ပဲ စံချိန်ချိုးကာ သောင်ပြိူကမ်းပြို အနိုင်ရရှိသွားခဲ့ပေသည်။

ကြိမ်းသေပေါက် ညွှန်ပေါင်း အစိုးရ ပုံစံမျိုး ထွက်ပေါ် လာလိမ့်မည်ဟု အပိုင်တွက်ဆထားသည့် ထိုအချိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့သူ မင်းအောင်လှိုင်က ပြည်သူ့ ဆန္ဒကို လက်ခံရပေမည် ဟု ကမ္ဘာသိ ပြောဆိုလာခဲ့သည်။

ထိုသို့ ပြောဆိုပြီး သုံးလ အကြာတွင် ပြည်သူ့လွှတ်တော် အစည်း အဝေး စတင် ကျင်းပမည့် နေမတိုင်မီ ဗြောင်ကျကျ ပင် အာဏာသိမ်းခဲ့သည်မှာ အားလုံး အသိပင်။

အကြောင်းပြချက် ဖြစ်သည့် ရွေးကောက်ပွဲ မသမာမှုများကြောင့် ဆိုသည်ကို ပြည်တွင်း ပြည်ပ က မည်သို့မျှ လက်ခံ ယုံကြည်ကြခြင်း မရှိပေ။

ထိုအထဲတွင် ရွေးကောက်ပွဲ တနှစ် ပြည့် အထိမ်းအမှတ်အဖြစ် ဥရောပ ရှိ နိူင်ငံ ၂၇ နိုင်ငံ နှင့် ဖွဲ့စည်းထားသော အီးယူ မှ စစ်တပ်အား ရှုတ်ချကြောင်း ထုတ်ပြန်လာသည့် ကြေညာချက် ထူးခြားသော ဝိသေသ လက္ခဏာများ ပါရှိလာခဲ့သည်။

အီးယူ၏ နိုင်ငံခြားရေးရာ မူဝါဒ အကြီးအကဲ ဖြစ်သူ ဂျိုးစက် ဘော်ရဲလ်က မြန်မာပြည်သူများ၏ ဆန္ဒ နှင့်အညီ ရွေးချယ်တင်မြှောက်ခဲ့သည့် အရပ်သား အစိုးရ အား ဖြုတ်ချပစ်ခြင်းသည် ပြည်သူဆန္ဒကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လိုက်ခြင်း ဖြစ်ပြီး ယင်းနှင့် အတူ ပြောပြ၍ မရနိုင်လောက်အောင် ဆိုးဝါးလှသည့် လူမှုရေး၊ စီးပွားရေး နှင့် လူ့အခွင့်အရေး ဆုံးရှုံးမှုကြီးများ ထွက်ပေါ် လာခဲ့ရသည်ဟု ပြောလာခဲ့သည်။

ချင်းပြည်နယ် အတွင်းရှိ ကျေးရွာများကို မြန်မာ စစ်တပ်က တိုက်ခိုက်နေမှု မိမိတို့ မှ အပြင်းထန်ဆုံး အတိုင်းအတာ ဖြင့် ရှုတ်ချသည်ဟု လည်း ဆိုသည်။

အိုးအိမ် စွန်ခွာထွက်ပြေး နေရသူ စုစုပေါင်း ၃၇,၀၀၀ ခန့် ရှိလာနေပြီဟု ပြီးခဲ့သည့် အပတ်အတွင်း ကုလ အတွင်းရေးမှုး ချုပ် ကိုယ်တိုင် ထုတ်ဖေါ်ပြောဆိုခဲ့ပြီး ဖြစ်သည်။

အီးယူ ၏ ကြေညာချက်ထဲတွင် စစ်တပ်၏ အကြမ်းဖက် လုပ်ရပ်များကြောင့် နိုင်ငံအတွင်း နေရပ်စွန့်ခွာ ထွက်ပြေး ပုန်းအောင်းနေရသူ များအား လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်ရန် safe passage ‌ခေါ် လုံခြုံစွာ သွားလာနိုင်သည့် လမ်းကြောင်း ဖွင့်ပေးရန် တောင်းဆိုလာမှု သည် ထူးခြားပြီး လေးနက်သည့် သဘော ဆောင်နေပေသည်။

ရစ်ချတ်ဆန်ကလည်း ထိုကိစ္စ အတွက် လာရောက်ဆွေးနွေးသည် ဆိုကတည်းက ပေါ့သေးသေး တွက်ဆ၍ မရတော့၊ အမေရိကန် အစိုးရ၏ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များ ဆိုကာ အလွတ်သဘော ခြိမ်းချောက်မှုများလည်း ပါလာ နိုင်သည်။ လောလောဆယ်တွင်တော့ ဝ‌ဏ္ဏမောင်လွင် က ဖိတ်၍ လာရပါသည်ဟု ဆိုလာသောကြောင့် အာဏာသိမ်း အဖွဲ့အား အသိအမှတ်ပြုသည့် သဘော သက်ဝင်နေသဖြင့် အပြင်းအထန် ဝေဖန် ရှုတ်ချခံနေရပြီ ဖြစ်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ၂၀၁၈ တွင် ဖွဲ့စည်းပေးထားသည် လွတ်လပ်သော စုံစမ်းရေး အဖွဲ့ Independent Investigative Mechanism for Myanmar ၏ အကြီးအကဲ နီကိုလပ်စ် ကွန်ဂျီယန်က အာဏာသိမ်းပြီး နောက်ပိုင်း စတင် စုဆောင်းခဲ့သည့် သက်သေ အထောက်အထားများ အရ မြန်မာ စစ်တပ်သည် နိုင်ငံသားများ အပေါ် စစ်ရာဇဝတ်မှု များ ကျူးလွန်နေကြောင်း အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်သည်။

ကွမ်းခြံကုန်း မြို့နယ် အင်ဂလုံး ကျေးရွာအနီး စစ်ထရပ်ကား တစီးကို PDF တပ်များ ခြုံခို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးသွားခဲ့သည်၊ အဆိုပါ တိုက် ခိုက်မှု အား အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန၏ တိုက်ရိုက်ကွပ်ကဲမှု ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနောင်း မှ NUG ၏ ရန်ကုန်တိုင်း စစ်ဌာနချုပ် ပြန်ကြားရေး နှင့် စိတ်ဓါတ် စစ်ဆင်ရေး ဌာန တာဝန်ခံ ၏ ပြောကြားချက်အား ကိုးကား ဖေါ်ပြထားသည်။

လုံခြုံရေး ကောင်စီသည် အီရတ် ဝန်ကြီးချုပ် အား ဒရုန်း သုံးစင်းနှင့် ပစ်ခတ် ပြီး လုပ်ကြံရန် ကြံစည်ခဲ့မှု အပေါ် အပြင်းထန်ဆုံး စကားလုံးများ သုံး၍ အဖွဲ့ဝင် နိုင်ငံ ၁၅ နိုင်ငံ စလုံးက တညီတညွတ်တည်း ရှုတ်ချခဲ့သော်လည်း မြန်မာ စစ်တပ်မှ အပြစ်မဲ့ ပြည်သူများအား လက်နက်ကြီးများဖြင့် တိုက်ခိုက်နေမှု ကို မည်သို့ ဆုံးဖြတ်မည်ကို စောင့်ကြည့်ရမည်သာ ဖြစ်ပေသည်။

တော်လှန်ရေး မုချ အောင်ရမည်!!!

About the author

admin

Add Comment

Click here to post a comment