ဒီရက်ထဲ တွေးမိနေတဲ့ အတွေးအပိုင်းအစလေးတွေကို စိတ်မကောင်းစွာပြောလာတဲ့ပန်ဆယ်လို

ဒီရက်ထဲ တွေးမိနေတဲ့ အတွေးအပိုင်းအစလေးတွေကို စိတ်မကောင်းစွာပြောလာတဲ့ပန်ဆယ်လို

ဒီရက်ထဲ တွေးမိနေတဲ့ အတွေးတစပါ။ မနှစ်က ဒီအချိန် အမေစုမွေးနေ့ပွဲ New York မှာ တက်ခဲ့တဲ့အချိန်က ကိုယ် အမေရိကားရောက်သွားလို့ တော်လှန်ရေးကိုသစ္စာဖောက်သူ၊

စစ်တပ်ရဲ့ဒလန်ဖြစ်နိုင်တယ် စသဖြင့် စွတ်စွဲချက်တွေ၊ စကားအတင်းဆိုမှုတွေ၊ အမြင်လွဲမှုတွေ အတော်များများ ရင်ဆိုင်ခဲ့ရတယ်။

အသက်ဘေးက လွတ်မြောက်လာလို့ ဝမ်းသာပေးကြသူတွေရှိသလို စစ်ခွေးတွေလက်မှာ မသေခဲ့တာပဲ တာဝန်မကျေတဲ့လူလိုလို ဆက်ဆံခံရတယ်။

ကိုယ့်ကို ဖိတ်ကြားသူတွေကိုကအစ တိုက်ခိုက်တာမျိုး မကောင်းပြောတာမျိုးတွေ ကြုံရတယ်။ မယုံဘူးဆိုသူတွေကလည်း တမျိုးတဖုံပေါ့။

ပြေးရကောင်းလားလို့ လှောင်ကြသူတွေ၊ သရော်ကြတဲ့ဒဏ်တွေကို လှိမ့်နေအောင် ခံခဲ့ရတယ်။

ကိုယ်ကတော့ အဲ့အချိန်ကတည်းက ထုံပေပေ ပါပဲ။ ကိုယ် ဘယ်လိုဖြတ်သန်းခဲ့ရလဲ ကိုယ့်ကိုယ်ကိုယ် သိခဲ့တာပဲ။

နာကြင်ကြေမွရလွန်းလို့ ထုံခဲနေတဲ့ ခံစားချက်မျိုးနဲ့ ဘာကိုမှ ထူးထွေမနာကျင်မိတော့သလိုမျိုး။

တစ်နှစ်တာကာလမှာ ကိုယ်ဟာ လုံးဝရပ်တန့်မနေခဲ့ဘူး။ ကိုယ် ခရီးတွေ ဆက်တိုက်သွားတယ်။ တော်လှန်ရေးအတွက် ထောက်ပို့အလုပ်တွေ တစိုက်မတ်မတ် လုပ်တယ်။

NUG အတွက် ဘွန်းရောင်းငွေရှာပို့တယ်။ Online Campaign တွေ ဆက်တိုက်လုပ်တယ်။ တစ်နှစ်တာကာလလုံး ကိုယ့်ခွန်ကိုယ့်အား အားလုံးဟာ ဒီတော်လှန်ရေးကနေ ကင်းလွတ်မနေအောင် နေခဲ့တယ်။

ဒါဟာ ဘယ်သူ့ရဲ့လက်ခုတ်သံအတွက်မှ မျှော်လင့်လုပ်ခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် တစ်နှစ်တာကာလအတွင်းမှာ ကိုယ်ဟာ တော်လှန်ရေးကနေ

ရှောင်ပြေးချင်လို့ ထွက်ပြေးခဲ့သူမဟုတ်ကြောင်း၊ တော်လှန်ရေးကို စွန့်ခွါသစ္စာဖောက်ခဲ့သူ မဟုတ်ကြောင်းတော့ ပြသနိုင်ခဲ့တယ် ထင်ပါရဲ့။

လူတွေရဲ့ ကဲ့ရဲ့ခြင်း၊ ချီးကျူးခြင်းတွေဟာ တကယ့်တကယ်တမ်းတော့ အရေးပါလှတယ် မဟုတ်ပါဘူး။ ကိုယ်လျှောက်တဲ့လမ်းကို ကိုယ်ယုံကြည်ဖို့ပါပဲ။

ကဲ့ရဲ့ခြင်းလောကဓံကို ထုံပေပေ ရင်ဆိုင်ခဲ့ပြီးနောက်မှာ ချီးကျူးခြင်းလောကဓံကိုလည်း ဘဝင်မတွေ့ဘဲ ထုံပေပေရင်ဆိုင်နိုင်ဖို့ ဆက်ကြိုးစားရမှာပါပဲ။

မမြဲတဲ့သဘောတွေပါ။ပြီးတော့လည်း ပြီးသွားတာပါပဲ။

မင်းအောင်လှိုင်စစ်တပ် မမြဲဘဲ ပြီးသွားဖို့က အရေးအကြီးဆုံးပဲ မဟုတ်လား။

Leave a Reply

Your email address will not be published.