
လူဦးနှောက်ကိုစားတဲ့ အမီးဘားရောဂါပိုး
#RichardMyoThant
အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်က ရေကန်ကမ်းခြေကိုယာယီပိတ်လိုက်တာနဲ့ပတ်သက်ပြီး လူတွေအလန့်တကြားနည်းနည်းဖြစ်ကုန်ပါတယ်။
ဖြစ်ပုံက အိုင်အိုဝါပြည်နယ် မီးသုံးပွင့်ရေကန် (Lake of Three Fires) မှာရေကူးခဲ့တဲ့လူတစ်ယောက်မှာ အဲ့ဒီဦးနှောက်ကိုစားတဲ့ အမီးဘား (amoeba) ကိုတွေ့ခဲ့ပါတယ်။
မီးသုံးပွင့်ကန်ဆိုတာ အဲ့ဒီမှာအရင်နေခဲ့တဲ့ ဌာနေတိုင်းရင်းသား Pottawatomie တွေကို ဂုဏ်ပြုပြီးခေါ်တာ။
အဲ့မှာ Pottawatomie တွေက Ojibway ရယ် Ottawa တွေရယ်နဲ့ပေါင်းပြီး Three Fires Council မီးသုံးပွင့်ကောင်စီမဟာမိတ်ဖွဲ့ခဲ့တယ်။
အမီးဘားဆိုတာ ရေမြောင်းတွေ၊ ရေအိုင်တွေထဲမှာနေထိုင်တဲ့ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ အကောင်ငယ်လေးတွေပါ။
ကျနော်တို့ ၉ တန်းတုန်းက ဇီဝဗေဒဘာသာမှာပထမဦးဆုံးသင်ရတဲ့ သက်ရှိအသေးစားလေးတွေပါ။
အမီးဘားအမျိုးမျိုးရှိပြီး ကျနော်တို့ဝမ်းဗိုက်နာတာဟာ သူတို့ကကျနော်တို့အူကိုဒုက္ခပေးလို့လည်းဖြစ်တတ်ပါတယ်။
အခုလူဦးနှောက်ကိုစားတဲ့ အမီးဘားမျိုးက PAM (Primary amebic meningoencephalitis) ကိုဖြစ်စေတဲ့အမျိုးပါ။
PAM ဖြစ်တာရှားပါးပြီး ဖြစ်လို့ရှိရင်လည်း အသက်အန္တရာယ်စိုးရိမ်ရပါတယ်။
ဒီဦးနှောက်ကိုစားတဲ့အမီးဘားဟာ ပူနွေးတဲ့ရေချိုဒေသမှာနေထိုင်ပြီး ရေကူးသူရဲ့ကိုယ်ခန္ဓာထဲကို #နှာခေါင်းကတဆင့်ဝင်ရောက်ပြီး ဦးနှောက်ထဲအထိရောက်ရှိကာ ရောဂါရစေပါတယ်။
သို့သော်ဒီအကောင်ပါတဲ့ရေကိုသောက်မိလို့ PAM ရောဂါမဖြစ်ပါ။ ရေကိုပါးစပ်ကသောက်မိရင် ဦးနှောက်ထဲကိုဝင်နိုင်ခြေနည်းလို့ပါ။
ဒီရောဂါဖြစ်နိုင်ခြေလည်းနည်းပါတယ်။ ၁၉၆၂ ခုနှစ်ကစဖြစ်ထားတာ ဖြစ်တဲ့သူ အမေရိကန်မှာ (၁၅၄) ယောက်ပဲ သိရသေးတယ်လို့ဆိုပါတယ်။
မတော်တဆ ဒီအမီးဘားဟာ နှာခေါင်းထဲကနေဦးနှောက်ထဲဝင်ရောက်သွားရင် လူအသက်သေဆုံးလောက်အောင် ရောဂါပြင်းထန်ပါတယ်။
အခုထိ ဒီရောဂါဖြစ်ပြီးအသက်ရှင်သူ အမေရိကန်မှာ (၅) ယောက်ပဲရှိပါသေးတယ်။
ဒီရောဂါဖြစ်ခဲ့ရင် ရောဂါအစပိုင်းမှာ ခေါင်းအရှေ့ခြမ်းကအပြင်းအထန်ကိုက်မယ်၊ ကိုယ်ပူချိန်တက်မယ်၊ မူးဝေမယ်၊ အန်မယ်။
ဒါကအစပဲရှိသေးပြီး နောက်ပိုင်းမှာ လည်ပင်းလှုပ်မရအောင်တောင့်နေမယ်၊ စိတ်အခြေအနေတွေပြောင်းကုန်မယ်၊ မေ့မျောတတ်မယ်၊ အာရုံတွေထွေပြားပြီး မရှိတာတွေမြင်မယ်၊ မရှိတာတွေကြားမယ်၊ ကိုမာရသွားမယ်။
အမေရိကန်တောင်ပိုင်းက ပူနွေးတဲ့ရေချိုရေကန်တွေထဲမှာ တွေ့ရတတ်တယ်။ တက္ကဆက်ပြည်နယ်မှာ အယောက် (၄၀)၊ ဖလောရီဒါမှာ (၃၆) ယောက်နဲ့ ကလီဖိုးနီးယားမှာ (၁၀) ယောက်၊ မစ်ဇူရီမှာ (၁) ယောက်စသဖြင့်တွေ့ဖူးတယ်။
အကယ်လို့အထက်ပါရောဂါလက္ခဏာတွေ့ရတယ်ဆိုရင် #အတတ်နိုင်ဆုံးစောစောဆေးကုသမှုခံယူဖို့လိုတယ်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲပြီး ကမ္ဘာကြီးပူနွေးလာခြင်းဟာ အခုလို ဦးနှောက်ကိုစားတဲ့အမီးဘားတွေပွားများလာရခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်။
ဒီလိုရာသီဥတုပြောင်းလဲမှုကြောင့် အမေရိကန်နိုင်ငံမြောက်ပိုင်းမှာ ဒီ PAM ရောဂါကိုတွေ့ရလာတာဖြစ်တယ်လို့ အမေရိကန်ကူးစက်ရောဂါဌာန CDC ကအကြံပြုထားတယ်။
အဲ့ဒီတော့ ကမ္ဘာကြီးပိုပူနွေးလာရင်ပိုဆိုးလာမယ်။
#RichardMyoThant
16-July-2022