Local News

လေးကေ့ကော်နှင့် နှမ်းခါးရွာကို စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်မှု တရားမဲ့ ကျူးလွန်မှုဖြစ်၍ နိုင်ငံတကာနှင့်ပူးပေါင်းအရေးယူမည်ဟု NUG ထုတ်ပြန်

လေးကေ့ကော်နှင့် နှမ်းခါးရွာကို စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်မှု တရားမဲ့ ကျူးလွန်မှုဖြစ်၍ နိုင်ငံတကာနှင့်ပူးပေါင်းအရေးယူမည်ဟု NUG ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်အတွင်းရှိ လေးကေ့ကော်မြို့သစ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ နှမ်းခါးရွာတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စနစ်တကျ အင်အားသုံး တိုက်ခိုက်ခြင်းသည် လူသားချင်း စာနာမှု ကင်းမဲ့သည့် တရားမဲ့ ကျူးလွန်မှုမြောက်ကြောင်း NUG နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၄ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်အတွင်းရှိ လေးကေ့ကော်မြို့သစ်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဒီဇင်ဘာလ ၁၄ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး၊ အရပ်သား ပြည်သူများအား ဖမ်းဆီးခဲ့သည့် အချိန်မှ စ၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့်

အကြမ်းဖက် စစ်တပ်တို့ ထိတွေတိုက်ပွဲ (၆)ရက် ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ၂၃ရက်နေ့ ညပိုင်းက စတင်ကာ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့် အင်အား အလွန်အကံျွ အသုံးပြု ပစ်ခတ်ခဲ့ခြင်းကြောင့်

လေးကေ့ကော်မြို့သစ်နှင့် အနီးတစ်ဝိုက်ရွာရှိ ပြည်သူများ ဘေးကင်းရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ကျေးရွာသား တစ်ဝက် ခန့်သည် ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်းသို့ ဖြတ်ကျော် တိမ်းရှောင်ခဲ့ရပါသည်။

အလားတူ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ နှမ်းခါးရွာကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကျေရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့သဖြင့်

ထိခိုက်ဒဏ်ရာရမှုများရှိကာ သေဆုံးသူ လူဦးရေသည် တစ်ဒါဒင်မက ရှိခဲ့ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ အင်အားအလွန်အကျွံ့အသုံးပြု၍ ပစ်ခတ် နှိမ်နင်းမှုကြောင့် နှမ်းခါးရွာနှင့် အနီးတစ်ဝိုက် ရွာများရှိ ရွာသူရွာသားများသည် နေအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ထိုသို့ လေးကေ့ကော်မြို့သစ်နှင့် နှမ်းခါးရွာရှိ ပြည်သူများကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက စနစ်တကျ အင်အားသုံး၍ တိုက်ခိုက်မှုသည် လူသားချင်းစာနာမှုကင်းမဲ့သည့် တရားမဲ့ကျူးလွန်မှုမြောက်ပြီး

မြန်မာနိုင်ငံ၌ မတရားအာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်အုပ်စုသည် နိုင်ငံတကာဥပဒေများ၏ အခြေခံကျသည့် လိုက်နာရမည့် စံနှုန်းထားများကို ဆက်တိုက် ချိုးဖောက်လျက် ရှိသည်မှာ ငြင်းဖွယ်ရာမရှိပါ။ စစ်အုပ်စု၏ ယင်းသို့ နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာခြင်းမရှိဘဲ

ကိုယ်ကျိုးတစ်ခုတည်း ကိုရှေ့ရှုကာ ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများပြုနေခြင်း၏ ဇစ်မြစ်မှာ နှစ်ပေါင်းများစွာ ကတည်းက ၎င်းတို့၏ တရားမဲ့ အနိုင်ကျင့်နှိပ်စက်မှုများ၊ ဥပဒေမဲ့‌ဆောင်ရွက်ခဲ့မှုများကို ထိရောက် စွာအရေးယူခြင်းမပြုခဲ့ရာမှ အမြစ်တွယ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို အကြမ်းဖက် စစ်ကောင်စီ၏ မတရား အာဏာသိမ်းယူထားရှိမှုအား အဆုံးသတ်ရန်နှင့် ယခုကဲ့သို့ ဥပဒေမဲ့ အနိုင်ကျင့်ဖိနှိပ်ကျူးလွန်မှုများကို ထိရောက်စွာ အရေးယူသွားနိုင်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် သံတမန်နည်းလမ်းမှတဆင့်

ကုလသမဂ္ဂနှင့် ယင်း၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ အာဆီယံအဖွဲ့ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ယခင်ထက် ပိုမို ကျယ်ပြန့် သည့် ပူးပေါင်းမှုများ ပြုလုပ်၍ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်ဟု ပါရှိသည်။

About the author

admin

Add Comment

Click here to post a comment