Local News

လေးကေ့ကော် ဖြစ်စဉ်အပေါ် KNU/KNLA-PC နှင့် DKBA တို့ လက်မခံနိုင်ကြောင်းဆို

လေးကေ့ကော် ဖြစ်စဉ်အပေါ် KNU/KNLA-PC နှင့် DKBA တို့ လက်မခံနိုင်ကြောင်းဆို

ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ

လတ်တလော လေးကေ့ကော်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ နှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့အကြား တိုက်ပွဲများ ပြင်းထန်လာသည့်အပေါ် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA )တို့ အနေဖြင့် လက်မခံနိုင်ကြောင်း ပြောဆိုသည်။

ကရင်ပြည်နယ်၏ KNU ထိန်းချုပ်နယ်မြေအများစုတွင် နေ့စဉ်ရက်ဆက် နှစ်ဖက် ထိတွေ့ တိုက်ပွဲများ ရှိနေသလို ယခုရက်ပိုင်းအတွင်းတွင်လည်း KNU တပ်မဟာ (၆) နယ်မြေတွင် စစ်ကောင်စီဘက်မှ လေယာဉ်များပါ အသုံးပြု၍ တိုက်ခိုက်လာသည့်အပေါ် ၎င်းတို့အနေဖြင့် လက်ခံနိုင်ဖွယ်မရှိကြောင်း KNU ငြိမ်းချမ်းရေးကောင်စီ၏ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောကျော်ညွန့်က ယခုလို ပြောသည်။

၎င်းက “ဒီကိစ္စ(လေးကေ့ကော်ဖြစ်စဉ်)က မဖြစ်သင့်ဘူးလို့ မြင်တယ်။ ကျနော်တို့လည်း မဖြစ်စေချင်ပါဘူး။ ဒါကိုတော့ ဆန့်ကျင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်အာဏာရှင်တွေရဲ့ ဒီလုပ်ရပ်အပေါ်မှာတော့ ကျနော်တို့ မထောက်ခံပါဘူး။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်ပြည်သူတွေအားလုံး ခံစားနေရသလို ကျနော်တို့လည်း ထပ်တူ ခံစားရ ပါတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လာသည့်အပေါ် ကရင်လူထု အသိုင်းအဝိုင်းမှ ဝိုင်းဝန်းရှုတ်ချနေကြသလို KNU မှ ခွဲထွက်သွားသည့် ကရင့်လက်နက်ကိုင် အဖွဲ့အစည်း များကိုလည်း ပြန်လည်ပေါင်းစည်းကြရန် တောင်းဆိုမှုများလည်း ပြုလုပ်ခဲ့ကြသည့်အပေါ်တွင် လည်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ယခုလို ဆက်ပြောသည်။

“တိုက်ပွဲဖြစ်တာကိုတော့ ကျနော်တို့ အနေနဲ့ မလိုလားပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက်တော့ လုပ်ရမှာပဲလေ။ အခုဖြစ်နေတဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီး ကရင်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဘာလုပ်နေလဲဆို တာတော့ အကုန်ပြောလို့ မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကရင့်လက်နက်ကိုင် ညီညွတ်ရေးကော်မတီအောက်ကနေ အဖွဲ့အစည်းကြားမှာတော့ ပြောဆိုဆွေးနွေးတာတွေတော့ ရှိနေပါတယ်” ဟု ပြောသည်။

စစ်ကောင်စီဘက်မှ လေယာဉ်နှင့် လက်နက်ကြီးများစွာ အသုံးပြု၍ အပြင်းအထန် တိုက်ခိုက်နေသည့် လေးကေ့ ကော်ဒေသနှင့် အနီးဝန်းကျင်ဒေသများတွင် KNU အပြင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA ၏ ထိန်းချုပ်နယ်မြေတစ်စိတ်တစ်ပိုင်းနှင့် ထိစပ်နယ်မြေများဖြစ်၍ ၎င်းဒေသတွင် တည်ငြိမ်းမှု မရှိသည့်အပေါ် လက်မခံနိုင်ကြောင်းလည်း DKBA က ပြောသည်။

DKBA ဗဟို စစ်ဦးစီးမှူး ဒုတိယတန်း ဗိုလ်မှူး စောဖားဘလက်က “ကျနော်တစ်ယောက်အမြင်အနေနဲ့ ကျနော်တို့ ရန်သူဘက်က လုပ်တဲ့အပေါ်မှာတော့ ဘာမှမပြောလိုပေမဲ့ ကျနော်တို့ ပြည်သူတွေ နေအိမ်၊ လုပ်ကိုင်စား သောက်တဲ့ နေရာတွေကို ထိခိုက်ပျက်စီးတာတော့ လက်ခံလို့ မရပါဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် DKBA ၏ ငြိမ်းချမ်းရေး လမ်းစဉ်သည် ပြည်သူလူထု ဖြစ်သည့်အတွက် လက်ရှိ ပြည်သူများ ပြေးလွှားရှောင်ပုန်းနေရသည့်အပေါ် လက်မခံနိုင်သလို လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေကို လည်း မလိုလာကြောင်း နှင့် အကောင်းဆုံး ရင်ဆိုင်သွားရမှာဖြစ်ကြောင်းလည်း ဗိုလ်မှူး စောဖားဘလက်က ဆက် ပြောသည်။

ဆက်လက်ပြီး လက်ရှိ ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူလူထုများအ တွက်ငဲ့ကွက်ပြီး နှစ်ဖက်ခေါင်းဆောင်များအကြား ညှိနှိုင်းဆွေးနွေး၍ အခြားသော နည်းလမ်းကောင်းများကို ရှာဖွေ သွားသင့်ကြောင်းလည်း DKBA ဗဟို စစ်ဦးစီးမှူး ဒုတိယတန်းက တိုက်တွန်းပြောဆိုခဲ့သည်။

လက်ရှိ ဖြစ်ပေါ်နေသည့် လေးကေ့ကော် ကိစ္စရပ်အပြင် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်မှု နှင့် ဒေသခံ ကရင်လူထုသောင်းနှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်နေရမှုအပေါ် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများ ကရင်လူထုများမှ ဝိုင်းဝန်း ရှုတ်ချကန့်ကွက်ကြသလို သဘောထား အသီးသီးထုတ်ပြန်တောင်းဆိုကြသော် လည်း KNU မှလွဲ၍ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများမှ တရားဝင် စာထုတ်ပြန် ရှုတ်ချခြင်းမျိုး မရှိကြောင်း တွေ့ရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ဖြစ်ပေါ်ခဲ့သည့် လေးကေ့ကော် ဖြစ်စဉ်တွင် စစ်ကောင်စီ ဘက်မှ စစ်အင်အား အလုံးအရင်းအပြင် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးကျည်ပေါင်းရာနှင့်ချီ အသုံးပြု၍ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး သောင်းနှင့်ချီသည့် ပြည်သူလူထုများ ဘေးလွတ်ရာ တစ်ဖက် ထိုင်းနိုင်ငံထဲသို့ ထွက် ပြေးတိမ်းရှောင်နေကြရသည်။

ထို့အပြင် နေ့စဉ် ရက်ဆက်ပစ်ခတ်နေသည့် စစ်ကောင်စီ၏ လက်နက်ကြီးကျည်များသည်လည်း တစ်ဖက် ထိုင်းနိုင်ငံအတွင်းသို့ ကျရောက်ပေါက်ကွဲမှုများရှိသလို လူနေအိမ်အချို့လည်း ထိမှန်ပျက်စီးခဲ့ပြီး ၎င်းအခြေအနေ ကို ပြန်လည် တုန့်ပြန်ရန် ထိုင်း-မြန်မာနယ်ခြားတွင်လည်း ထိုင်းတော်ဝင် စစ်တပ်များကို ချထားကြောင်း တွေ့ ရသည်။

DKBA၊ KNU/KNLA-PC နှစ်ဖွဲ့သည် လွန်ခဲ့သည့် ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို KNU-ကရင်အမျိုးသားအစည်းအရုံးနှင့်အတူ လက်မှတ်ရေးထိုးခဲ့ကြသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည်။
#KIC
Photo_KIC, KNU/KNLA

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.