Local News

သဘာဝဘေးပုဒ်မနဲ့စွဲဆိုခံထားရတဲ့အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သက်သေထွက်ဆို

သဘာဝဘေးပုဒ်မနဲ့စွဲဆိုခံထားရတဲ့အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သက်သေထွက်ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်စွဲဆိုခံထားရတဲ့အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မတို့အတွက် ဒီကနေ့ နိုဝင်ဘာ ၁ရက် က နေပြည်တော်အထူးတရားရုံးမှာကြားနာစစ်ဆေးခဲ့ပါတယ်။

တရားခွင်မစခင်မှာ ပုံမှန်အတိုင်းရှေ့နေအဖွဲ့နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံခွင့်ရခဲ့ပြီး သဘာဝဘေးပုဒ်မနဲ့စွဲဆိုခံထားရတဲ့အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သက်သေ ထွက်ဆိုဖို့ဆွေးနွေးခဲ့ကြတယ်လို့ ကြားသိရကြောင်း ရှေ့နေအသိုင်းအဝိုင်းမှာပြောဆိုနေကြပါတယ်။

တရားခွင်စတင်ချိန်မှာတော့ ပို့ကုန်သွင်းကုန်ပုဒ်မနဲ့ဆက်သွယ်ရေးပုဒ်မတွေနဲ့စွဲဆိုထားတဲ့အမှုတွေကို စတင်စစ်ဆေးခဲ့ပြီး ပြီးခဲ့တဲ့အပတ်က စွဲချက်တင်ခဲ့ပြီဖြစ်လို့ ဒီကနေ့မှာတော့ အမှုရဲ့ ပြန်ခေါ်သက်သေ(၅)ဦးကိုစစ်ဆေးခဲ့ပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကဒေါ်အောင်ဆန်းစုကြည်ရဲ့ မြနန်းဘုံသာလမ်းနေအိမ်ကိုဝင်ရောက်ရှာဖွေရာမှာ တရားမဝင်စကားပြောစက် (၁၀)လုံး နဲ့ Jammer တစ်စုံ တွေ့လို့ ဆိုပြီး ဆက်သွယ်ရေးဥပဒေနဲ့ စွဲဆိုတာဟာ ပထမဆုံးအမှုဖြစ်ပါတယ်။ဒီစကားပြောစက်တွေတွေ့တဲ့ အမှုနဲ့ပဲ မတ်လမှာ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ တရားထပ်စွဲခဲ့တာပါ။

အဲဒီပြန်ခေါ်သက်သေတွေထဲမှာဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးနှစ်ဦး ၊ တပ်ကြပ်ကြီးတစ်ဦးနဲ့ ရဲမှူးကြီးတစ်ဦးတို့ပါဝင်တယ်လို့သိရကြောင်း တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။

အခုပြန်ခေါ်သက်သေ(၅)ဦးဟာ ဒေါ်အောင်ဆန်းစုကြည်ကို စတင်ထိန်းသိမ်းတဲ့ဖေဖော်ဝါရီ (၁) အာဏာသိမ်းတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ဝင်ရောက် ရှာဖွေခဲ့တဲ့ သူတွေဖြစ်တယ်လို့သိရကြောင်း နီးစပ်သူတွေကပြောပါတယ်။

ပြန်ခေါ်သက်သေတွေကိုစစ်ဆေးပြီးနောက်မှာတော့ သဘာဝဘေးစီမံပုဒ်မနဲ့စွဲဆိုခံထားရတဲ့ အမှုအတွက် ကိုယ်တိုင်သက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ကျမ်းကျိန်ထွက်ဆိုခဲ့ပါတယ်။ ဒီကနေ့ ကြားနာတဲ့ အမှု ၃ မှုလုံးအတွက် ဆက်လက်စစ်ဆေးမှုကို လာမယ့် နိုဝင်ဘာ ၈ ရက် နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။

ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ – Getty Images

About the author

admin

Add Comment

Click here to post a comment