Local News

သားတစ်ယောက်ကိုဆုံးရှုံးခဲ့ရတဲ့ မိခင်တစ်ယောက် အနေနဲ့ ​ကြေကွဲမှတ်တမ်းလေးတင်ပါရစေနော်

သားတစ်ယောက်ကိုဆုံးရှုံးခဲ့ရတဲ့ မိခင်တစ်ယောက် အနေနဲ့ ​ကြေကွဲမှတ်တမ်းလေးတင်ပါရစေနော်

သားအကြီးဆုံးမို့ သားအငယ်နဲ့သမီးလေးထက် အရင်
အစစအရာရာ ဦးစားပေးချစ်ခဲ့ရတဲ့သား

အမေဓမ္မစကူးလ်ဆရာမဆို သားကဓမ္မစကူးလ်ဆရာ
အမေကင်းထောက်ဆို သားကကင်းထောက်ဆရာ
အမေဆရာမဆို သားက guideအမေစျေးရောင်းရင် သားက modelအမေ့အဝန်းအဝိုင်းလေးကို အား​​ဖြည့်ဂုဏ်တက်စေသူ

ဘယ်အဖွဲ့အစည်းမှာဘဲရောက်ရောက်လိုက်လျော ညီထွေ ချစ်ခင်အောင်နေတတ်ပြီးအများအတွက် ကူညီဆောင်ရွက်ပေးသူဝါဆိုလပြည့်နေ့ရဲ့လမင်းကြီးနဲ့အတူ
အမေ့ဘဝထဲဝင်လာပြီး တော်သလင်းလပြည့်နေ့ရဲ့
လမင်းကြီးနဲ့အတူ အမေ့ကိုချန်ထားပြီး

နုတ်မဆက်ဘဲထွက်သွားသူ သူနဲ့ဆက်စပ်ရာပတ်ဝန်းကျင်ကလူတွေကို လမင်းကြီးပမာ အေးမြမှုတွေ ပေးစွမ်းခဲ့သူအသက်(၂၂) နှစ်တောင်မပြည့်သေးတဲ့ အမေ့သားကအာဇာနည်သူရဲကောင်း…တဲ့လား

ကြွေကျတာတောင် လင်းလက်နေတဲ့ကြယ်ပွင့်..တဲ့လားတောထဲတောင်ထဲ ဘယ်သူမှမသိတဲ့နေရာမှာ Db တောင်မရဘဲ သေဆုံးခဲ့တာတောင်ပြည်တွင်း၊ပြည်ပ မီဒီယာ​တွေကနေဖော်ပြပေးတဲ့အထိသားရဲ့ကျဆုံးမှုကို အသိအမှတ်ပြုခံစေရတဲ့သား

”စိုင်းဘုန်းမင်းသန့်မေမေလား…ကိုစိုင်း ရှေ့တန်းမှာ
လက်နက်ကြီးထိပြီး ကျဆုံးပါတယ်..” လို့ ဝင်လာတဲ့ဖုန်းထဲက စ​ကားသံ ခုထိ နားထဲက မထွက်ပါဘူး

ရုတ်တရက် အသက်ရူတာရပ်သွားသလို ”မဟုတ်ဘူး၊မယုံဘူး၊မဖြစ်နိုင်ဘူး”လို့ ပါးစပ်က ငြင်းဆန်နေရပေမယ့် မတ်တတ်ရပ်နိုင်စွမ်းတောင်မရှိအောင် ပြိုလဲခဲ့ရတာပါ

ဖြစ်စဥ်ကို ကိုယ်ကိုတိုင် သိချင်လို့ ခန ခနဖုန်းဆက်မေးနေပေမယ့် ဒီအဖြေကို ကိုယ်တိုင်ပြန်နားထောင်ဖို့ကို သတ္တိမရှိအောင်ကြောက်နေခဲ့တယ်

”သားလေးကို ထားခဲ့ရတယ်…”လို့ ပြောကြပေမယ့်
ကူညီမယ့်သူတော်ကောင်းနဲ့တွေ့ပြီး ကယ်တင်စောင့်ရှောက်ပေးထားပါစေ…တနေရာရာမှာအသက်ရှင်နေပါဆိုတဲ့…ဆုတောင်းတွေမပြည့်ခဲ့ပါဘူး

သူ့လူတွေ….လို့ သူအမြဲပြောနေတဲ့ သူတွေအတွက်
နေဖို့နေရာဆို Air con , Wifi ,Water cooler အပြည့်အစုံ သွားမလား ကားအဆင်သင့်၊စားချင်တာပြောဦးမလား ဒီအမေချက်တာတစ်မျိုး၊ ဆိုင်ကဝယ်ကျွေးတာ မျိုးစုံ မထပ်စေရဘူးဒဏ်ရာရနေလား ဆေးကုပေးမယ်၊

နေကောင်းတဲ့အထိပြုစုပေးပြီး အိမ်တိုင်ရာရောက်
ကားနဲ့လိုက်ပို့ပေးမယ်သူများကို ကူညီပြီဆို တအားကိုလုပ်ပေးတတ်လို့အမေကပြောတိုင်း..…”မေရယ် ဒါရဲဘော်ရဲဘက်တွေလေလုပ်ပေးရမှာပေါ့.. ” တဲ့ တခြားသောကူညီပေးမှုတွေ ချရေးလို့ မကုန်ပါဘူး

ဒီလောက်ကူညီတတ်တဲ့ ငါ့သား​လေးကူညီကယ်တင်မယ့်သူ မပြောနဲ့ ခုထိ db တောင်ယူလို့မရသေးဘူး…တဲ့လားလပြည့်ညရဲ့ လမင်းကြီးအောက်မှာ တစ်ယောက် တည်းကျန်ခဲ့တယ်…တဲ့လား ကံကြမ္မာရယ် ရက်စက်လွန်းခဲ့တယ်

”သားပြန်လာမယ်နော်.. လို့”အမေ့ကိုကန်တော့ရင်း သားကိုယ်တိုင်ကတိ​ပေးခဲ့တာ..မကြာသေးပါဘူးနော်

အမေငိုတော့ အမေ့ကိုပွေ့ဖက်နှစ်သိမ့်ပေးပြီးကျောကိုသပ်လို့ အမေ့ပါးကိုနမ်းခဲ့တာခုတော့ နောက်ဆုံး အနမ်းတဲ့လား သားရယ်အမေ့အလှည့်ကျမှ သားကိုနောက်ဆုံးနုတ်ဆက်နမ်းဖို့Db တောင်မရဘူး…တဲ့လား

ပညာရေးတပိုင်းတစနဲ့ သားအိပ်မက်တွေအကောင် အထည်မဖော်နိုင်သေးခင်ထွက်သွားရတာအမေ တကယ်စိတ်မကောင်းပါဘူး သားရယ်

သားရဲ့ယုံကြည်ချက်အတိုင်းလျှောက်လှမ်းခဲ့မှုအတွက်
သားရဲ့ကျဆုံးမှုကို တိုင်းသိပြည်သိ ဂုဏ်ပြုနေကြပါပြီ

နောက်ဘဝမှာ လူ့အသက်ကိုတန်ဖိုးထားတဲ့တိုင်းပြည်မှာလူပြန်ဖြစ်ပါစေ၊ လူ့ဘဝရပါစေ သားရေ…

အမေ့ထက်ပိုချစ်ပေးမယ့် အမေနဲ့ ဆုံဆည်းနိုင်ပါစေ
အမေ့ထက်ပြည့်စုံအောင်ထားပေးမယ့် မိဘနဲ့တွေ့ဆုံပါစေသားအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပြီး
မကြွေခင်မှာ လင်းလက်တောက်ပတဲ့ ကြယ်ပွင့်အဖြစ် လောကအကျိုးကိုဆောင်နိုင်ပါစေ

ဝမ်းနည်းကြေကွဲရနေရပေမယ့် ဂုဏ်ယူပါတယ်သား
လူသာသေတယ် နာမည်မသေခဲ့ပါဘူးအမေ့ရင်ထဲမှာတော့ ထာဝရ ရှင်သန်နေမယ့်သားပါအမေအမြဲချစ်နေမှာပါ အမေ မမေ့ဘူးနော်သားကို

လွတ်လပ်စွာ ပျံသန်းလိုက်ပါသားအမေတို့မိသားစုက ဝမ်းနည်းကြေကွဲခြင်း များစွားဖြင့် ဂုဏ်ယူလိုက်ပါတယ်သားရယ်….