အချေအတင်အငြင်းပွားမှုများဖြစ်ပေါ်ခဲ့တဲ့ ကြံ့ဖွံ့ထိပ်သီးအစည်းအဝေး

အချေအတင်အငြင်းပွားမှုများဖြစ်ပေါ်ခဲ့တဲ့ ကြံ့ဖွံ့ထိပ်သီးအစည်းအဝေး

စစ်ဗိုလ်ချုပ်ဟောင်းများဦးဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရှိရာ နေပြည်တော်၌ နှစ်ရက်တာကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးမှာ မကျေလည်မှုများဖြင့် အဆုံးသတ်ခဲ့ကြောင်း သိရသည်။

ကာလကြာရှည် လူမြင်ကွင်းမှ ပျောက်ကွယ်နေသူ ဗိုလ်ချုပ်ဟောင်းများအပါအဝင် ဗဟိုကော်မတီဝင် အစုံအလင်တက်ရောက်ခဲ့သော ထိပ်သီးအစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပတ်သက်၍ အချေအတင် အငြင်းပွားမှုများရှိခဲ့ကြောင်း ပါတီနှင့် နီးစပ်သူများက ဆိုသည်။

ငါးနှစ်ဟု ကန့်သတ်ထားသော ပါတီဥက္ကဋ္ဌသက်တမ်းကို ဆွဲဆန့်ရန် ဦးသန်းဌေးက ပါတီစည်းမျဉ်းတချို့ ပြင်ဆင်မှုအပေါ် မကျေနပ်ချက်များ ထွက်ပေါ်လာကာ ပွဲဆူခဲ့ကြောင်း သိရသည်။

ဘူးလက်လှဆွေဟု လူသိများသည့် ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ဦးလှဆွေ ဦးဆောင်ကာ ယမန်နေ့အစည်းအဝေးတွင် တင်းတင်းမာမာ ကန့်ကွက်ခဲ့သဖြင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဦးသိန်းအောင် ဝင်ထိန်းခဲ့ရသည်ဟု ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောဆိုကြောင်း Myanmar Now သတင်းမှာဖော်ပြထားပါတယ်။

“ ကလိမ်ကကျစ်နဲ့ (သက်တမ်း) ဆက်တဲ့ ပုံစံမျိုး ဖြစ်သွားတာပေါ့။ အမှန်မှာက ကိုယ့်ဖဲကိုယ်ချိုးသလို ဖြစ်တာပေါ့။ သူ (ဦးသန်းဌေး) နည်းနည်း အရှက်ကွဲသွားတာပေါ့ ” ဟု အမည်မဖော်လိုသည့် ထိုနီးစပ်သူက ပြောသည်။

ယမန်နေ့က အစည်းအဝေးအတွင်း အချေအတင်ဖြစ်ခဲ့သည်ကို အသေးစိတ်သိရှိနိုင်ရန် ဘူးလက်လှဆွေကို ဆက်သွယ်မေးမြန်းရာတွင် မဖြေလိုကြောင်း တုံ့ပြန်သည်။​

သို့သော် BBC သတင်းဌာနနှင့် အင်တာဗျူးတွင် ဦးလှဆွေက “ ထောက်ပြတာတော့ရှိတယ်။ ဒါက ငါးနှစ်သက်တမ်းဖြစ်တယ်။ နောက်ထပ်သက်တမ်းထပ်ယူမယ်ဆိုရင် ပါတီညီလာခံခေါ်ရမယ်။ ပါတီညီလာခံခေါ်လို့ရှိရင် ဗဟိုအလုပ်အမှုဆောင်တွေ ပြန်ရွေးဖို့တော့သင့်တယ်။ သင်းဖွဲ့စည်းမျဉ်း၊ စည်းကမ်းတွေအတိုင်း ဆောင်ရွက်ဖို့ဆိုပြီးတော့ ဆွေးနွေးကြတာရှိတယ် ” ဟု ဖြေကြားထားသည်။

ပါတီစည်းမျဉ်းအရ ပါတီဥက္ကဋ္ဌသက်တမ်း ငါးနှစ်သာဖြစ်သော်လည်း ဦးသန်းဌေးမှာ စစ်တပ်ကျောထောက်နောက်ခံပါတီ အကြီးအကဲနေရာကို ၂၀၁၆ ခုနှစ်ကတည်းက ရယူထားခြင်းဖြစ်သည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ၂၀၂၁ ခုနှစ်တွင် ပါတီညီလာခံကျင်းပနိုင်ခြင်း မရှိသဖြင့် ပြင်ဆင်ဖြည့်စွက်ထားသည့် ပါတီအခြေခံစည်းမျဉ်းကို ဦးသန်းဌေးက တင်ပြကာ အတည်ပြုပေးရန်လည်း အဖွင့်မိန့်ခွန်းပြောစဉ် တောင်းဆိုသည်။

ပါတီဥက္ကဋ္ဌသက်တမ်းဆက်ရန် ထိုအခြေခံစည်းမျဉ်းများကို ဦးသန်းဌေးက သူ့သဘောနှင့်သူ ပြင်ဆင်ခြင်းဖြစ်သည်ဆိုကာ အငြင်းပွားမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

မည်သည့်အချက်များ ပြင်ဆင်၊ ဖြည့်စွက်ထားသည်ကို တိတိပပ မသိရသေးသော်လည်း ကမောက်ကမဖြစ်သောအခြေအနေများကြောင့် ဗဟိုကော်မတီအစည်းအဝေးတွင် အတည်မပြုနိုင်ဘဲ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့(CEC) အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီ၏ အရေးပေါ် CEC အစည်းအဝေးကို ယနေ့ (ဇွန် ၁၀) ကျင်းပနေပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲဖြစ်ဖွယ်ရှိသည့် ပါတီညီလာခံကိုမူ မကြာခင်လများအတွင်း ပြုလုပ်နိုင်ခြေရှိသည်ဟု နီးစပ်သူများက ပြောသည်။

လက်ရှိတွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကြံ့ခိုင်ရေးပါတီခေါင်းဆောင်အချို့တို့ ဆက်ဆံရေးမပြေမလည်ဖြစ်နေကြောင်း အငြိမ်းစားဒုတိယဗိုလ်မှူးကြီးတစ်ဦးက ပြောဆိုကြောင်း Myanmar Now သတင်းမှာဖော်ပြထားပါတယ်။

” လက်ရှိတပ်ချုပ်နဲ့ ပြည်ခိုင်ဖြိုးခေါင်းဆောင်တွေနဲ့ တော်တော်လေး အတိုက်အခံဖြစ်နေတယ်လို့ ကြားရတယ်။ အဲဒါလေးတော့ Confirm (အတည်) ဖြစ်တယ်” ဟု စစ်ကောင်စီအဖွဲ့ဝင်အချို့နှင့် ရင်းနှီးမှုရှိသည့် ယင်းဒုတိယဗိုလ်မှူးကြီး(ငြိမ်း) က ပြောသည်။

“ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ နိုင်ခဲ့မယ်ဆိုရင် နိုင်ငံတော်သမ္မတအနေနဲ့ ဦးသန်းဌေးကို လုံးဝ ဦးညွှတ်နိုင်စရာအကြောင်းမရှိဘူးလို့ ကျွန်တော်မြင်တယ်”

လက်ရှိ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များအနက် မင်းအောင်လှိုင်နှင့် အဆင်ပြေသူများမှာ ဦးသောင်းအေး၊ မင်းကင်းမောင်မြင့်တို့ဖြစ်ပြီး စစ်ကောင်စီအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် လဝကဝန်ကြီးဖြစ်သူ ပါတီဒုတိယဥက္ကဋ္ဌ ဦးခင်ရီတို့သည်လည်း စစ်ခေါင်းဆောင်ကို လိုလားသူများဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက ကျင်းပပေးမည်ဆိုသော ရွေးကောက်ပွဲအပေါ် ကြံ့ခိုင်ရေးပါတီခေါင်ဆောင်များ အလွန်အမင်းတက်ကြွနေသည်ဟု သုံးသပ်မှုများရှိသည့်နည်းတူ ပါတီပြောခွင့်ရ ဒေါ်ယဉ်မင်းမြင့်ဆွေကလည်း ထိပ်သီးအစည်းအဝေးပြုလုပ်သော ရည်ရွယ်ချက်များတွင် ရွေးကောက်ပွဲအောင်နိုင်ရေး ပါဝင်သည်ဟု ထုတ်ဖော်ပြောဆိုသည်။

၂၀၂၃ ဩဂုတ်လတွင် အထွေထွေရွေးကောက်ပွဲကျင်းပပေးမည်ဟု စစ်ကောင်စီက လေသံပစ်ထားပြီး ကျင်းပဖြစ်ပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မပါဝင်သော ၂၀၁၀ အတိုင်း ကြံ့ခိုင်ရေးပါတီကသာ အသာစီးရလိမ့်မည်ဟု ခန့်မှန်းမှုများလည်းရှိသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီ ကျင်းပပေးမည့် ရွေးကောက်ပွဲကို ကြံ့ခိုင်ရေးပါတီက အများကြီးမျှော်လင့်နေကြောင်း၊

သို့သော် သမ္မတရူးရူးနေသည့် မင်းအောင်လှိုင်အနေဖြင့် ကြံ့ခိုင်ရေးခေါင်းဆောင်တစ်ဦးဦးကို သမ္မတတာဝန် လုံးဝပေးလိမ့်မည်မဟုတ်ကြောင်း မှတ်ချက်ပြုသည်။

” မင်းအောင်လှိုင်က သမ္မတလုပ်ချင်တာ၊ သမ္မတဖြစ်အောင်လုပ်မှာ။ အဲဒါအတွက် နိုင်ငံရေးကုလားဖန်ထိုးမှုတွေ အမျိုးမျိုးကို လုပ်လိမ့်မယ်။ လာမဲ့ရွေးကောက်ပွဲ ကျင်းပဖြစ်လို့ရှိရင်

အဲဒီရွေးကောက်ပွဲက တင်မြှောက်မဲ့ သမ္မတဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလွဲရင် တခြားသူ ဘယ်သူမှမဖြစ်နိုင်ပါဘူးလို့ ကျွန်တော် ဟောကိန်းထုတ်လိုက်ပါတယ် ” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

Myanmar Now

Leave a Reply

Your email address will not be published.