Local News

အဂတိအမှုနှင့်ပတ်သက်သည့် သက်သေများ၏ ထွက်ဆိုချက် ဒေါ်အောင်ဆန်းစုကြည်ပြန်လည် ခြေပ…

အဂတိအမှုနှင့်ပတ်သက်သည့် သက်သေများ၏ ထွက်ဆိုချက် ဒေါ်အောင်ဆန်းစုကြည်ပြန်လည် ခြေပ…

ပြီးခဲ့တဲ့ သောကြာနေ့က နေပြည်တော်သီးသန့်တရားရုံးမှာပြုလုပ်ခဲ့တဲ့ အဂတိအမှုတရားခွင်အတွင်း အဂတိအမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေရဲ့ ထွက်ချက်များ အခြေအမြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ရှေ့နေများနှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ALL Absurd” လို့ သူ့ရဲ့သဘောထားကို အင်္ဂလိပ်လို့တစ်ခွန်းတည်းပြောခဲ့တာပါ။

“ “ALL Absurd” လို့ အင်္ဂလိပ်လို နှစ်လုံးတည်းပဲပြောတာ။ ဒီစကားလုံးကတော့ ပြောရရင် အခြေအမြစ်မရှိဘူး။ ဖရိုဖရဲပဲလို့ ပြောရမှာပေါ့။ “You Know Who” ဆိုတာဘယ်သူ့ကိုပြောတာလဲ ခင်ဗျားတို့သိမယ်ထင်ပါတယ်။

ပြီးခဲ့တဲ့အပတ်က အမှုတစ်ခုရဲ့ သက်သေထွက်ဆိုချက်တွေက အုံးအုံးကျွတ်ကျွတ်ဖြစ်သွားတယ်လေ။” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဦးခင်မောင်ဇော်က ဆိုပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်သောကြာနေ့က နေပြည်တော်သီးသန့်တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုတရားစွဲထားတဲ့ အဂတိအမှုလေးမှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်ခဲ့ပြီး

တရားလိုပြသက်သေအဖြစ် အဂတိအမှု နံပါတ် ၂ အတွက် ဦးဖြိုးမင်းသိန်း၊ နံပါတ် (၅)အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးတို့က လာရောက်ထွက်ဆိုခဲ့ပါတယ်။

ဦးဖြိုးမင်းသိန်းကတော့ ရွှေ ၇ ပိဿာနဲ့ အမေရိကန်ဒေါ်လာ ၆ သိန်းကို ဒေါ်အောင်ဆန်းစုကြည်ကိုပေးခဲ့တယ်လို့ ထွက်ဆိုခဲ့တာပါ။

ယနေ့ နေပြည်တော်က သီးသန့်တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အမှုများဖြစ်တဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ တို့နဲ့ပတ်သက်ပြီး စစ်ဆေးခဲ့ပါတယ်။

ပထမဦးဆုံး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇တို့နဲ့ ပတ်သက်ပြီး ယခင်တစ်ပတ်က တရားလိုပြသက်သေအားလုံးကို စစ်မေးပြီးသွားပြီဖြစ်တဲ့အတွက်

ယနေ့မှာ နှစ်ဖက်ရှေ့နေတွေက စွဲချက်လျှောက်လဲ ချက်တင်ခဲ့ပါတယ်။ ဒီစွဲချက်လျှောက်လဲချက်တွေနဲ့ပတ်သက်ပြီး နောက်တစ်ပတ်ရုံးချိန်းမှာ စွဲချက်တင်သင့်မတင်သင့်အမိန့်ချမှာဖြစ်ပါတယ်။

နောက်ပြီး ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ပတ်သက်ပြီး တရားလိုဘက်က နောက်တိုးသက်သေတစ်ဦးထပ်တိုးဖို့ တင်ပြထားတဲ့ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေများက ယခင်တစ်ပတ်တုန်းက ကန့်ကွက်ထားပေမယ့် တရားသူကြီးက ယနေ့ရုံးချိန်းမှာ ထပ်တိုးခွင့်ပြုပေးခဲ့ပါတယ်။

ယနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးအရ ရုံးချိန်းတွေကို တစ်ပတ်ခြားရွှေ့ဆိုင်းပြီးပြုလုပ်ပေးဖို့ လျှောက်လွှာကိုယ်တိုင်ရေးပြီး တရားရုံးကို တင်ပြခဲ့ပါတယ်။

ဒါပေမယ့် အစိုးရရှေ့နေတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ တင်ပြချက်ကို ကန့်ကွက်ခဲ့ပြီး တရားသူကြီးကလည်း နောက်တစ်ပတ်ကျမှ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်မယ်လို့ အမိန့်ချခဲ့ပါတယ်။

Burma Associated Press
Photo – BAP