Local News

အထင်နှင့် အမြင် ပါစင်အောင် လွဲခဲ့ရရှာတဲ့ အာဆီယံ အတွက် မှားခြင်း

အထင်နှင့် အမြင် ပါစင်အောင် လွဲခဲ့ရရှာတဲ့ အာဆီယံ အတွက် မှားခြင်း

မြန်မာ စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံ မှ ထုတ်ပယ်ရန် ကိုးနိုင်ငံ ခေါင်းဆောင်များ အနေနှင့် အတော် စဉ်းစားယူခဲ့ကြရသည်။ အပြီး သတ် ဆွေးနွေးပွဲတွင်ပင် နှစ်နာရီခွဲ ကြာ ဆွေးနွေးခဲ့ကြရသည်။

စကားလုံးများ ကို အသေအချာ စီစစ် ရွေးချယ်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ရရှာသည်။အဓိက အ ကြောင်းသည်ကား အာဏာသိမ်း အဖွဲ့သည် မိုက်ရူးရဲများ ဖြစ်၍ စိတ်ဆိုး မာန်ဆိုး ဖြင့် အဖွဲ့ကြီးမှ နှုတ် ထွက်သွားမည်ကို စိုးရိမ်နေကြသောကြောင့် ဖြစ်သည်။

ယခုတော့ အထင်နှင့် အမြင် ပါစင်အောင် လွဲခဲ့ရရှာလေပြီ။ အာဆီယံ က သတ်မှတ်ပေးထားသော နိုင်ငံရေးနှင့် မဆိုင်သည့် ပုဂ္ဂိုလ်နေရာ အတွက် ရွေးချယ်ရန် စစ်တပ်သည် အပူတပြင်း ရှာဖွေလျှက် ရှိနေပြီ ဖြစ်သည်။ နိုင်ငံရေး ဆို၍ မိမိတို့ စစ်ဖက်မှ တယောက်ယောက် လွှတ်နိုင်ရန်ပင် ဈေးဆစ်နေကြသည်။

ပြင်ပမှ ဩဇာ လွှမ်းမိုးသည် ဆိုသော အပြောများကြောင့် သတိရသွားမိခဲ့သည်မှာ ၁၉၇၉ ခုနှစ် စက်တင်ဘာလ အတွင်း ကျူးဘား နိုင်ငံ ဟာဗာနား တွင် ပြုလုပ်သော ဘက်မလိုက် နိုင်ငံများ ထိပ်သီး အစည်းအဝေးတွင်

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးမြင့်မောင်က ဘက်မလိုက် နိုင်ငံများ အဖွဲ့ကြီးသည် ပြည်ပ အင်အားကြီး နိုင်ငံများ၏ ဩဇာ လွှမ်းမိုးမှု ရောက်နေ၍ အဖွဲ့၏ ပဋိညာဉ်များကို ပြန်လည် ရေးဆွဲရန်၊ ထိုသို့ မဟုတ်က မိမိတို့အနေဖြင့် အဖွဲ့ကြီး မှ နှုတ်ထွက် ရမည် ဖြစ်သည်ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားပြီး အသိပေးလိုက်သည်။

ဤကဲ့သို့ ပြောဆိုခဲ့ခြင်းမှာလည်း မြန်မာ သည် ထိုစဉ်က ဝန်ကြီးချုပ် ဖြစ်သူ ဦးနု၊ အိန္ဒိယ ဝန်ကြီးချုပ် နေရူး၊ အင်ဒိုနီရှား သမ္မတ ဆူကာနို၊ အီဂျစ် သမ္မတ နာဆာ၊ သီဟို နှင့် ပါကစ္စတန် တို့ကဲ့သို့ တတိယ ကမ္ဘာနိုင်ငံများ အကြားတွင် ဩဇာ တက္ကိမ ရှိသူများ ဦးဆောင်၍

အင်ဒိုနီရှား နိုင်ငံ ဘန်ဒေါင်း မြို့တွင် ၁၉၅၅ ဧပြီလ တွင် တွေ့ဆုံကာ ဘက်မလိုက် မူဝါဒများကို မူ ငါးချက်ဖြင့် စတင်မျိုးစေ့ချပေးခဲ့ရာတွင် ပါဝင်ခဲ့သည့် အရှိန်ဖြင့် အမောက်ထောင်ပြလိုက်ခြင်း ဖြစ်သည်။ သို့သော် မိမိနိုင်ငံသည် ကမ္ဘာအလယ်တွင် အပယ်ခံ ဘဝ ရောက်နေရ သည်ကို ရိပ်စားမိခဲ့ခြင်း မရှိသောကြောင့်လည်း ဖြစ်မည်။

ပြန်လည် ရေးဆွဲဖို့ အသာထားဘိဦး၊ ဦးမြင့်မောင်၏ အဆိုကို မည်သို့မျှ အရေးအရာလုပ် ဆွေးနွေး ပြောဆိုခဲ့ ကြခြင်း မရှိ၍ ကိုယ့်စကား နှင့် ကိုယ် ပြန်ပတ်ကာ စက်တင်ဘာ ၂၈ ရက်နေ့တွင် ကုလ သမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းတွင် မြန်မာသည်

ဘက်မလိုက် အဖွဲ့ကြီးမှ နှုတ်ထွက်ကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့ရသည်။ ထိုအကြောင်းကို နယူးယောက်တိုင်း အပါအဝင် ကမ္ဘာသတင်းစာကြီးများက အပိုဒ် နှစ်ပိုဒ်သာ ပါသော သတင်း တိုလေးဖြင့် ဖေါ်ပြခဲ့ကြသည်။

ဦးမြင့်မောင်လည်း ပြည်တော်ပြန် ခရီး အပြီး မကြာမီမှာပင် ထိုအခြေအနေအထိ ဖြစ်ခဲ့ရမှုကို ဗိုလ်နေဝင်းက ရှက်ရမ်း ရမ်းကာ ရာထူးမှ ဖြုတ်ခြင်းခံရပေတော့သည်။

လက်ရှိ စစ်အာဏာရှင် များ အဖို့ ထွက်ဖို့ ခြိမ်းခြောက်သည့် စကားပင် မဟရဲ သည့်အပြင် မလာနဲ့ ဆိုလည်း မလာပါ၊ ပြောတဲ့လူကို လွှတ်ပေးပါမည့် အနေအထားသို့ ရောက်ရှိသွားခဲ့ရသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ပြည်ပ အစိုးရများ ဗြောင်ကျကျ ဆွေးနွေးနေသည်ကို သွယ်ဝိုက်၍ သာ သတိပေးနေရသော်လည်း မည်သည့် သံအမတ်ကြီးကိုမျှ ခေါ်ယူ ကြိမ်းမောင်းခြင်း သို့မဟုတ် မကျေနပ်ကြောင်း ပြသနိုင်ရန် အငယ်တန်း သံအရာရှိ တဦးတလေကို တိုင်းပြည်မှ နှင်ထုတ်ခြင်းမျိုး မလုပ်ရဲကြပေ။

ပြည်တွင်း တွင်သာ ဘာမဆို လုပ်ရဲသည် ဆိုကာ လက်နက်အားကိုး ဖြင့် ဗိုလ်ကျရဲ၊ မပြောသင့်သည့် စကားများ ပြောဆိုရဲ၊ ကြသော်လည်း ပြည်ပ တွင်မူ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ပမာ နေထိုင်ရဲကြသူများ သာ ဖြစ်ပေ တော့သည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soe Wai

About the author

admin

Add Comment

Click here to post a comment