Local News

“သူငယ်ချင်းနှစ်ယောက်ကို တိုက်ပွဲတစ်ခုတည်းမှာပဲ တစ်ပြိုင်နက်ဆုံးရှုံးခဲ့ရတယ်”

“သူငယ်ချင်းနှစ်ယောက်ကို တိုက်ပွဲတစ်ခုတည်းမှာပဲ တစ်ပြိုင်နက်ဆုံးရှုံးခဲ့ရတယ်”

စစ်ကိုင်းတိုင်း ရေဦးမြို့ကနေထွက်လာခဲ့ပြီး အထက်မြန်မာပြည် PDF တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့တဲ့ ကိုဇွဲဝေယံစိုးက အသက် ၂၀ ပဲရှိ ပါသေးတယ်။

တက္ကသိုလ်ဝင်တန်းအောင်ပြီးတဲ့နောက် Hotel & Tourism သင်တန်းတက်ပြီး အလုပ်ဝင်ခဲ့ပေမယ့် ကိုဗစ်တွေစဖြစ်တဲ့အချိန်မှာ ကိုဗစ်ကူညီရေးဘော်လန်တီယာလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ဇာတိမြေရေဦးကိုပြန်ခဲ့ပါတယ်။

ဒါပေမယ့် အာဏာသိမ်းချိန်ကစလို့ မြို့ပေါ်ဆန္ဒပြပွဲတွေတလျောက် အခြားလူငယ်တွေလိုပဲပါဝင်ခဲ့ပြီးတော့ နောက်ဆုံးမှာ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့သူပါ။

ကိုဇွဲဝေယံစိုးက တိုက်ပွဲတစ်ခုမှာ ချစ်ခင်ရတဲ့သူငယ်ချင်းရဲဘော်နှစ်ယောက်ကို ရုတ်တရက်ဆုံးရှုံးခဲ့ရသူဖြစ်ပြီး တော့ လူငယ်တွေရဲ့ တော်လှန်ရေးရဲဘော်ဘဝဖြတ်သန်းမှုတွေနဲ့ သူတို့ရဲ့ တည်ကြည်ခိုင်မာတဲ့ဆုံးဖြတ် ချက်တွေကိုလည်း ဒီအင်တာဗျုးမှာ သူက မျှဝေထားပါတယ်။

❈ တောထဲကို ထွက်လာတာ ဘယ်လောက်ရှိပြီလဲ။ မြို့ပေါ်မှာ ဆန္ဒပြပွဲတွေကနေ လက်နက်ကိုင်တော်လှန်ရေး လုပ်ဖို့ဘယ်လိုဆုံးဖြတ်ဖြစ်ခဲ့တယ်ဆိုတာ အရင်ဆုံးပြောပြပေးပါဦး။

ကျွန်တော်လည်းစိတ်အားတအားထက်သန်တယ်။ ကျွန်တော်တို့ရေးဦးမြို့ပေါ်မှ ဘာမှမဖြစ်ပေမယ့် တခြားမြို့တွေမှာ အခြေအနေတွေ တအားဆိုးဝါးနေတယ်ပေါ့။

မတ်လ ၁၄ ရက် လောက်မှာ ကျွန်တော်ကိုလည်း ရေဦးကလွှတ်တော်အမတ်တွေနဲ့ရောပြီးတော့ ဝရမ်းထုတ်တယ်။ ၅၀၅ က ထုတ်ခံရတယ်။ ထုတ်ခံရတော့ ကျွန်တော်လည်း သိပ်ပေါ်ပေါ်ထင်ထင်လုပ်လို့မရတော့ဘူး။

ဒါပေမယ့် ကျွန်တော် ရရင် ရသလိုလုပ်တယ်။ ညနေခင်းသပိတ်တွေလည်းထွက်တယ်။ ကျွန်တော်တို့သိတာက မတ်လ စလောက်က တည်းက ဒီလိုဆန္ဒပြယုံနဲ့မပြီးနိုင်လောက်ဘူး။

လက်နက်ကိုင်လမ်းစဥ်လိုက်ရလိမ့်မယ်လို့ တွေးခဲ့တာပေါ့။ မတ်လ ၂၉ လောက်မှာ ကျွန်တော့မြို့ကနေထွက်သွားပြီး လွတ်မြောက်နယ်မြေမှာ စစ်ပညာ သင်ခဲ့တာပေါ့။

❈ လွတ်မြောက်နယ်မြေမှာ စစ်ပညာသင်ခဲ့တာ ၈ လကြာခဲ့ပြီဆိုတော့ တိုက်ပွဲတွေဘယ်လောက်ထွက်ပြီးပြီလဲ။ ပထမဆုံးတိုက်ပွဲအတွေ့အကြုံကို ကိုဇွဲဝေယံစိုး ပြောပြလို့ရလား။

တိုက်ပွဲကတော့ အခု နှစ်ပွဲပေါ့ဗျာ။ ပထမပွဲကတော့ ကျွန်တော်တို့အထိအခိုက်မရှိဘူး။ ကျွန်တော်တို့ PDF တွေ တစ်ခု ချီးကျူးဖို့ကောင်းတာက တစ်လ၊ နှစ်လ သင်တန်းဆင်းလေးတွေပဲဗျာ။

သေနတ်ပစ်ရတယ်ဆိုတာကလည်း လေ့ကျင့်ရေးဝင်မှ အများဆုံး ၆ ချက်၊ ၃ ချက် ပဲ ပစ်ရတယ်ဆိုတော့ ကိုယ်ပိုင်လက်နက်သာပေးထားတယ် ကျွန်တော်တို့က အမြဲတမ်းက အထိအတွေ့ကမရှိဘူး။

ဒါပေမယ့် ကျွန်တော်တို့ PDF တွေက တစ်ယောက်မှ ကြောက်လန့်ပြီး သွေးပျက်မသွားဘူး။ တိုက်ပွဲစဖြစ်တာနဲ့ သူ့ဟာနဲ့သူ လုပ်ကြတယ်။

ဥာဏ်စွမ်း ကိုယ်စွမ်းနဲ့ယှဥ်ပြီး လုပ်ကြတယ်။ ကျွန်တော်ကတော့ ၂ ပွဲပေါ့။ တစ်ပွဲကတော့ လောလောဆယ် ကျွန်တော့သူငယ်ချင်းတွေကျ တဲ့ပွဲပေါ့။

အဲဒီပွဲကတော့ အကြီးဆုံးပေါ့ဗျာ။ ရှေ့ပွဲကတော့ ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲဖြစ်ခဲ့တယ်။ ဒီပင်လယ်ဘူးတိုက်ပွဲက တော့ ၁ နာရီလောက်ကြာသွားတယ်။

❈ အဲဒီတိုက်ပွဲကြီးမှာ ရေဦးကနေအတူလာခဲ့တဲ့ ချစ်ခင်ရတဲ့သူငယ်ချင်းရဲဘော်နှစ်ဦးကို ဆုံးရှုံးခဲ့ရတာနော်။ ကျဆုံးသွားတဲ့ သူငယ်ချင်းတွေအကြောင်းလည်းပြောပြပါဦး။

ကျွန်တော်တို့ ရေဦးကလာကြတာဗျ။ တစ်ယောက်က ကျွန်တော်နဲ့ရေဦးမှာ ဘော်လန်တီယာလုပ်တန်းကရော ပါတီအောင်နိုင်ရေးတွေလုပ်တော့ရော အတူတူလုပ်ခဲ့တဲ့ ပါတီလူငယ်။ ကျွန်တော့ သူငယ်ချင်းပါ။

သင်တန်းတက် တုန်းက အတူတူမဟုတ်ပေမယ့် တိုက်ပွဲတွေမှာတော့ အတူတူပါခဲ့ကြတယ်။ ဦးရဲ ကတော့ ရေဦးကနေ လွတ်မြောက်နယ်မြေသွားမှ ရင်းနှီးကြတာ။ သင်တန်းမှာလည်းအတူတူနေခဲ့ရတယ်။

တိုက်ပွဲသွားတော့ ကျွန်တော်နဲ့ ဦးရဲကတပ်စိတ်တစ်စိတ်၊ သူငယ်ချင်းက တပ်စိတ်တစ်စိတ် ကွဲသွားတာ။ သူငယ်ချင်းကတော့ တိုက်ပွဲက ပြန်ရောက်ကြလို့ သူပါမလာမှဘဲ ကျဆုံးတာသိရတယ်။

သူ့ကို မတွေ့လိုက်ရဘူး။ သူ့မိသားစုကို ဆက်သွယ်ပြီး အသိပေးခဲ့ရတယ်။ ကျွန်တော်တို့ ဦးရဲက စိတ်ရင်းအရမ်းကောင်းတယ်။ ကျွန်တော်တို့စိတ်ဓာတ်ကျရင် နားလည်အောင်စီကာပတ်ကုံး သေချာပြောပြတတ်တယ်။

ကျွန်တော်တို့အထဲမှာ ဘယ်သူမဆို သူ့ကိုမချစ်တဲ့သူမရှိဘူး။ ဦးရဲနဲ့က အတူတူလာခဲ့တာဆိုတော့ ကျွန်တော်ဆို အခုထိ အိပ်လို့မပျော်ဘူး။ ကျွန်တော်တို့လာခဲ့တာမှဗျာ ဘယ်နှစ်ယောက်မှ မရှိဘူး။ သူဆိုရင် ရဲကနေ CDM ဝင်ထားတဲ့သူ။

CDM နဲ့တင်တာဝန်ကျေနေပြီပြောလို့ရ တယ်။ ဒီလိုမျိုးအထိအသက်ပေးသွားတော့ ဝမ်းနည်းတာပေါ့ဗျာ။ ကျွန်တော်တို့မှာ ကျွန်တော်တို့ပဲ ရှိတာကိုး။ ဘယ်သူမှ ဘာမှမဖြစ်စေချင်ဘူး။

သူ့မိဘကိုဆက်သွယ်အကြောင်းကြားရတော့လည်း ကျွန်တော်ဘာပြောလို့ ပြောရမှန်း မသိပါဘူးဗျာ။ တာဝန်မကျေသလိုခံစားရတယ်။ တိုက်ပွဲဖြစ်နေတဲ့ကြားကပဲ ရအောင်သယ်ထုတ်ပြီး ဘုန်းကြီး ပင့်ပြီးအတတ်နိုင်ဆုံးလုပ်ပေးခဲ့လိုက်တယ်။

ဦးရဲက အသက် ၂၆ ပဲရှိသေးတယ်။ သူကလေ အမြဲပြုံးနေတာပဲ ဗျ။ ဘယ်လောက်ခက်ခဲခက်ခဲ ဘယ်လောက်ပင်ပန်းပင်ပန်း…။

❈ ချစ်ခင်ရတဲ့ရဲဘော်တွေကျဆုံးသွားပြီးတဲ့နောက် ခွင့်ခဏယူထားရတယ်လို့ သိရတယ်။ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တွေဘယ်လိုရှိလဲ။

ကျွန်တော်တို့က အထူးတပ်ဖွဲ့ တပ်သားတွေပေါ့။ ကျွန်တော်တို့က အခြေခံပဲတက်ထားသူတွေမဟုတ်ဘူး။ အထက်မြန်မာပြည် PDF ရဲ့ ကွန်မန်ဒိုပေါ့။

ဦးရဲကို ထမ်းပြီးစခန်းဆီသယ်ခဲ့တာက ကျွန်တော့သူငယ်ချင်း
ရဲဘော်ပေါ့ဗျာ။ သူက ရေဦးကတော့မဟုတ်ဘူးအခြားမြို့က။ သူကတော့ ကျွန်တော့ထက်ပိုပြီးစိတ်ထိခိုက်မှာပေါ့။ သူလည်း နားနေရတယ်။

စစ်သားဆိုတာ အဲလိုမဖြစ်ရဘူးဆိုပေမယ့် ကျွန်တော်တို့က ကျောင်းသားတွေပဲ ပြည်သူပဲ လေဗျာ။ ကျွန်တော်တို့မှာ လက်နက်ကိုင်ဖူးတာမဟုတ်ဘူး။

ကိုယ်နဲ့နေလာခဲ့တဲ့ သူငယ်ချင်း ဒီလို ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီးဖြစ်သွားတာကို ကိုယ်တိုင်မြေမြုပ်ပေးခဲ့ရတော့ ကျွန်တော်တို့မှ လွယ်လွယ်နဲ့ မဖြေနိုင်ဘူး။

စစ်သားအနေနဲ့ကြုံတွေ့ရမယ့် ကိစ္စတွေပဲ ဆိုပေမယ့် ကျွန်တော်တို့အတွက်တော့ နဲနဲလေးတော့ အချိန်ယူရမယ်ဗျ။ တိုက်ပွဲပြန်ဝင်ဖို့ စိတ်ကအချိန်နဲနဲပြန်ယူရတဲ့သဘောပါ။ လုပ်စရာရှိတာတွေဆက်လုပ် မှာပါ။

❈ တောထဲကို ထွက်မလာခင်၊ လက်နက်ကိုင်တော်လှန်ရေးတပ်သားဘဝကို ရွေးချယ်မယ်ဆိုတော့ မျှော်မှန်းထားတဲ့ ခက်ခဲကြမ်းတမ်းမှုတွေက ခုလက်တွေ့မှာ ဘာကွာခြားလဲ။ မျှော်လင့်ထားတာထက် ပိုခက်ခဲကြမ်းတမ်းလား။

ခုကျွန်တော်ကြုံတွေ့ရတဲ့အခက်အခဲတွေကတော့ ကျွန်တော်တစ်ခါမှ မတွေးထားဖူးတဲ့အခက်အခဲတွေပဲ။ ရေဦးက စထွက်လာတော့ ကျွန်တော်တို့ ဒီမှာ စစ်ပညာသင်မယ်။

ကိုယ့်နယ်ပြန်ပြီး စစ်ပညာသင်ပေးမယ်။ အဲဒီရည်ရွယ် ချက်နဲ့ လာခဲ့တာ။ ဒါပေမယ့် သင်တန်းပြီးတော့ ကွန်မန်ဒိုဆက်တက်ဖို့ ရွေးခံရတော့ ကျွန်တော်တို့နှစ်ဖွဲ့ခွဲပြီး ဆက်နေခဲ့တယ်။

လွတ်မြောက်နယ်မြေမှာတုန်းကတော့ အနေအစားအရမ်းမဆင်းရဲဖူးပေါ့။ ရှေ့တန်းထွက်ရတဲ့အခါ ကျတော့ ကြုံရာရေသောက်၊ ခြုံရှင်း တဲထိုးအိပ်၊ တစ်ခါမှတွေးမကြည့်ဖူးတာတွေပေါ့။

ကိုယ့်ဟာကိုယ်ဒီလောက်ထိ ခံနိုင်ရည်ရှိမယ်လို့လည်း မထင်ဘူး။ ခု မိုးရာသီပြီးတော့ ဆောင်းရောက်တော့ ပိုဆိုးလာတယ်။ ရှေ့တန်းကို အနွေးထည်တွေစောင်တွေပို့ဖို့က မလွယ်ဘူး။ ယူနီဖောင်းနဲ့ နွေးအောင်နေရတာ။ ကျွန်တော်က ခုခွင့်နဲ့ခဏနားနေရပေမယ့် ကျန်တဲ့ရဲဘော်တွေက တော့ ရှေ့တန်းမှာ။

❈ အခုလို အခက်ခဲကြမ်းတမ်းမှုတွေကြားက ကိုဇွဲဝေယံစိုးတို့လူငယ်တော်လှန်ရေးသမားတွေအတွက် ရှားရှား ပါးပါး စိတ်အားတက်ကြွ ပျော်ရွှင်ရတဲ့ အခိုက်အတန့်မျိုးတွေရှိရင်လည်း ပြောပြပါဦး။

အင်တာနက်ရလို့ လိုင်းပေါ်တက်ကြည့်တဲ့အခါ စိတ်ဓာတ်ကျတာတော့ရှိတာပေါ့လေ။ ဒါပေမယ့် ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ ရွာတွေရောက်တဲ့အခါကျ ပန်းတွေဘာတွနဲ့ကြိုတယ်။ အအေးတွေတိုက်တယ်။

မုန့်ဆိုင် တွေဘာတွဝင်လည်း ယူသွား၊ ရဲဘော်တို့လိုတာအကုန်ယူသွားဆိုတော့ ပြည်သူတွေရဲ့ မေတ္တစေတနာတွေကို တွေ့ရတဲ့ အခါမှာတော့ အမောတွေကတော့ ပြေတာပေါ့ဗျာ။ တစ်ချို့ရွာတွေရာက်ရင် နေပါဦးပေါ့။

ထမင်းကျွေး ချင်လို့ပါတို့ ဘာတို့ကြုံရတဲ့အခါမှာ ငါတို့ကိုမျှော်နေတဲ့ပြည်သူတွေအများကြီးရှိပါလားဆိုတဲ့စိတ်နဲ့ ပြန် အားတင်းပြီးတော့ အမောတွေကပြေသွားတာပါပဲ။

❈ တိုက်ပွဲမရှိတဲ့ရက်တွေမှာဆိုရင် ရဲဘော်တွေဘာတွလုပ်ကြလဲ။

စခန်းဌာနချုပ်မှာ အားတဲ့အချိန်တွေဆိုရင်တော့ တီးကြ ဆိုကြ၊ ကဗျာတွေရွတ်ကြပေါ့။ ရှေ့တန်းရောက်သွားတဲ့အချိန်က လုပ်စရာတာဝန်တွေက အမြဲရှိနေတာ လွတ်မြောက်နယ်မြေ ဌနာချုပ်စခန်းကထွက်လာပြီဆိုထဲက ရှေ့ တန်းပဲ။

ရှေ့တန်းကျတော့ စိတ်လွတ်ကိုယ်လွတ်အနားရတဲ့အချိန်က မရှိသလောက်ပဲ။ အနားရရင်လည်း စကားတွေထိုင်ပြော ကဗျာတွေရွတ်ပေါ့။ ကျွန်တော်တို့အထဲ ကဗျာဝါသနာအိုးတွေလည်းပါတယ်လေ။

❈ ကိုဇွဲဝေယံစိုးအနေနဲ့ ဒီတော်လှန်ရေးကြီးက ဘယ်လောက်ကြာမယ်လို့ မျှော်မှန်းထားလဲ။

ကျွန်တော်တို့က မြန်နိုင်သလောက်တော့ အမြန်ဆုံးဖြစ်စေချင်တာပေါ့။ ကျွန်တော်တို့အချင်းချင်း ဘယ်လောက်ကြမလဲ ပြောဖြစ်ကြရင်၊ ဘယ်လောက်ကြာကြာကွာ လုပ်ကြမယ်ဆိုတာမျိုးပဲရှိပါတယ်။

❈ တကယ်လို့ စစ်အာဏာမသိမ်းခဲ့ဘူးဆိုရင်အသက်၂၀ အရွယ် လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုဇွဲဝေယံစိုး ဘဝအတွက် ဘာတွေစိတ်ကူးပြင်ဆင်ထားပြီး ဒီအချိန်ဆို ဘာတွေလုပ်ဖြစ်နေမလဲ။

ကျွန်က Hotel & Tourism လိုင်းဆိုတော့ ကျွန်တော့ အသက်မွေးဝမ်းကျောင်း အလုပ်ကိုပြန်ဝင်မယ်။ ပြီးရင် Cruise Ship လိုက်မယ်လို့။ ကျွန်တော့အိမ်နဲ့တိုင်ပင်ပြီးပြင်ဆင်ထားတာရှိပါတယ်။

ဒါပေမယ့် ဒီအခြေအနဖြစ်သွားတယ်ပေါ့။ ကျွန်တော့ထက်ဆိုးတဲ့ ရဲဘော်တွေအများကြီးပါ။ ကျွန်တော့သူငယ်ချင်းရဲဘော် တစ်ယောက်ဆို သြဇီမှာ စကော်လာရှစ်ရလို့ ဖေဖော်ဝါရီလထဲကိုသွားရမှာ။

အကုန်ဖျက်လိုက်ရတယ်။ ရင်းနှီး ထားရတာတွေ၊ စာမေးပွဲဖြေထားရတာတွေ အလဟသဖြစ်ကုန်တယ်။ ဒီမှာက ဆရာဝန်ပါတယ်၊ အင်ဂျင်နီယာပါ တယ်၊ လက်သမားဆရာပါတယ်၊ ဆိုက်ကားဆရာပါတယ် ပန်းရံသမားပါတယ် လူတန်းစာစုံပါပဲ။

အားလုံးရဲဘော်ရဲဘက်ချင်းစကားတွေပြောမိတော့ ငါကွာ ဒီလိုသာမဖြစ်ခဲ့ရင် ငါဘာလုပ်မှာ ညာလုပ်မှာ ပြောမိကြတာတွေတော့ရှိတာပေါ့။

❈ ခုတောထဲမှာနေတုန်း ဇာတိရေဦးနဲ့ပတ်သက်လို့ဖြစ်ဖြစ် အခြေချခဲ့ဖူးတဲ့ ရန်ကုန်နဲ့ပတ်သက်လို့ဖြစ်ဖြစ် သတိတရရှိနေတာ၊ လွမ်းနေမိတာ ဘာတွေရှိလဲ။

ရေဦးနဲ့ပတ်သက်ရင် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ Game ဆော့တာတွေတော့ သတိရတာပေါ့။ အိမ်မှာဆိုရင်တော့ မနက် လင်းတာနဲ့ အမေက မနက်စာဝယ်ထား၊ အမေဝယ်ထားတာမစားချင်ရင် ဆိုင်သွားစား။

တောထဲမှာတော့ လက်ဖက်ရည်ထုပ်လေးရှိရင် ရွှေပဲ။ ဆေးလိပ်ဖက်ကြမ်းလေးငါးလိပ်ရှိရင်ကိုတော်တော်ချမ်းသာနေပြီ။ ဖက်ကြမ်း တစ်လိပ် ရဲဘော်လေးငါးယောက်မျှက်သောက်ကြတာပဲ။ လက်ဖက်ရည်နဲ့ ဆေးလိပ်တော့ ကိုယ်ကကြိုက်တော့ သတိရတာပေါ့။

ရန်ကုန်နဲ့ပတ်သက်ရင်တော့ ရန်ကုန်က ကိုယ့်အလုပ်နဲ့ကိုယ် ကိုယ့်ခြေထောက်ပေါ်ကိုရပ် သူငယ် ချင်းတွေနဲ့ သွားလာ၊ စားသောက်၊ လည်ပတ် အကုန်သတိရတာပေါ့။ လွမ်းပါတယ်။ ဒါပေမယ့်လည်း ခု ဒီမှာ အဆင်ပြေပါတယ်။

❈ ကိုဇွဲဝေယံစိုးတို့လို့ လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းနဲ့ဘဝတွေကို ဒီလိုမျိုးဖျက်ဆီးခဲ့ပြီး လူငယ်တွေ ခုလိုလက်နက်ကိုင်တော်လှန်နေရတဲ့ အခြအနေတွေဖြစ်စေခဲ့တဲ့ စစ်တပ်ကိုရော ဘာပြောချင်သလဲ။

ကျွန်တော်တို့က လူမသတ်ချင်ဘူး။ ကျွန်တော်က စစ်ပွဲဆို ဟိုးတုန်းထဲက မကြိုက်ဘူး။ ကျွန်တော်တို့ ပင်ကိုယ်စိတ်နဲ့ဆို လူအချင်းချင်းမသတ်ချင်ဘူး။

ကျွန်တော်တို့ပြည်သူတွေက သေရဲတယ်မသတ်ရဲဘူး ဒါပမယ့်ဒီကောင်တွေက တစ်နိုင်ငံလုံးမှာ အပစ်မဲ့ပြည်သူတွကို သတ်နေကြတာဆိုတော့ မရတော့ ဘူး။ အခုကျတော့ ရှေ့တန်းထွက်ရင် “သူသေ သူသေ”ပဲ ကိုယ်သေတော့မရှိဘူး သူသေပဲ။

ကျွန်တော်တို့ကတော့ ရှေ့ဆက်လျောက် ဒီကောင်တွေပြည်သူတွေကို သတ်နေသရွေ့ ဖက်ဒရယ်ဒီမိုကရေစီမရသရွေ့ ဒါတွေလုပ်နေမယ်ဆိုရင် ကျွန်တော်တို့ကတော့ တော်လှန်နေမှာပဲ။ ရရာလက်နှက်နဲ့တိုက်ရမှာပဲ ကျွန်တော်တို့မှာ ဘာပဲရှိရှိ။

#လူထုနွေဦး
#People’sSpring

Recent Comments

No comments to show.