Local News

နိုင်ငံတကာဖိအားတွေကို အလေးမထားတဲ့ပုံစံမျိုး စစ်ကောင်စီပြော

နိုင်ငံတကာဖိအားတွေကို အလေးမထားတဲ့ပုံစံမျိုး စစ်ကောင်စီပြော

မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်ရဲ့ခရီးစဉ် ပြီးဆုံးသွား ပေမယ့် နိုင်ငံတကာဖိအားတွေ ဆက်ရှိနေတဲ့အပေါ် ဖိအားတွေကြောင့် ပိပြားကြေးဆို လွတ်လပ်ရေးရခဲ့မှာ မဟုတ်ဘူးလို့ နိုင်ငံတကာဖိအားတွေကို အလေးမထားတဲ့ပုံစံမျိုး စစ်ကောင်စီဘက်က ပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီလ ၁၄ ရက် ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာ ဖြစ်ပါတယ်။

“ဖိအားပေးနေတဲ့သူတွေကလည်း ဖိအားဆက်ပေးနေမယ်၊ နိုင်ငံကို မြှင့်တင်ပေးနေတဲ့ နိုင်ငံတွေကလည်း ဆက်မြင့်တင်ပေးနေမှာပဲဖြစ်ပါတယ်၊ ပြောရမယ်ဆိုရင်တော့ ဒီဖိအားတွေကြောင့်သာ ပိပြားကြေးဆို ရင်တော့ မြန်မာနိုင်ငံသည် နိုင်ငံတစ်ခုအဖြစ်တောင် လွတ်လပ်ရေးရမှာ မဟုတ်တဲ့အပြင် နိုင်ငံမြေပုံ ဟာလည်း ဒီအနေအထားအတိုင်း ဆက်ရှိစရာအကြောင်းမရှိပါဘူး”

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံကြတဲ့အခါ ကိုယ့်နိုင်ငံအပေါ် အကျိုးရှိမယ့် ကိုယ့်နိုင်ငံအပေါ် မှန်ကန်စွာ ရှုမြင်နိုင်တဲ့နိုင်ငံတွေကို ပိုမိုဆက်ဆံသွားမယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြန်မာပြည်ခရီးစဉ်အတွင်း နှစ်နိုင်ငံလုံးအတွက် ကောင်းမွန်တဲ့ရလဒ်တွေ ရရှိခဲ့တယ်လို့လည်း စစ်ကောင်စီဘက်က ပြောပါတယ်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလို ပြောနေပေမဲ့ စစ်ကောင်စီကို မျက်နှာသာပေးဆက်ဆံခဲတဲ့ အာဆီယံဥက္ကဋ္ဌ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်ကြောင့် အာဆီယံအဖွဲ့အတွင်း သဘောထားကွဲမှုတွေဖြစ်ခဲ့ပြီး အခုလ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ရက်ရွှေ့ဆိုင်းလိုက်ရပါတယ်။

အာဆီယံအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ အင်နီရှားနိုင်ငံခေါင်းဆောင်တွေက လူကိုယ်တိုင် တက်ရောက်ဖို့ စီစဉ်ထားတဲ့ အဲဒီအစည်းအဝေးကို ကိုဗစ်တားဆီးရေး အကြောင်းပြချက်နဲ့ မလာရောက်နိုင်ကြောင်း တုံ့ပြန်လာတာမို့ အစည်းအဝေး ရက်ရွှေ့လိုက်ရတာလို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံပူးတွဲ သတင်းထုတ်ပြန်ချက်ထဲမှာလည်း တိုင်းရင်သားလက်နက်ကိုင် (EAO) တွေနဲ့ အပစ်အခတ် ရပ်စဲကြောင်း ကြေညာချက်ကို ၂၀၂၂ နှစ်ကုန်အထိ ထပ်မံတိုးမြှင့်ဖို့ သဘောတူခဲ့တာ၊ သက်ဆိုင်သူအားလုံးက အပစ်အခတ်ရပ်စဲမှု လက်ခံဖို့ အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်ဖို့ တတ်နိုင်သမျှ ထိန်းသိမ်းဖို့ စတဲ့တောင်း ဆိုတာတွေ ပါဝင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးတဲ့အခါ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပါဝင်ဖို့နဲ့ လူသားချင်စာနာမှု အကူအညီတွေ လိုအပ်သူတွေထံ မြန်မြန်ရောက်ရှိရေး နှစ်နိုင်ငံကြားမှာ အစည်းအဝေးတွေလုပ်ဖို့ သဘောတူညီမှုတွေရခဲ့ပါတယ်။

အာဆီယံဘုံသဘောတူညီချက် ငါးချက်ကိုလည်း မြန်မာဘက်က ဆက်လက်အကောင်အထည်သွားမှာဖြစ်ပြီး ကမ္ဘောဒီယားရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အတွေ့အကြုံယူသွားမယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောဆိုခဲ့ပါတယ်။

Recent Comments

No comments to show.