Local News

အာဆီယံမှာ စစ်ကောင်စီထပ်မံ အရေးနိမ့်

အာဆီယံမှာ စစ်ကောင်စီထပ်မံ အရေးနိမ့်

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက အခုလာမယ့် ဇန်နဝါရီလ ၁၈ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို နိုင်ငံအများအပြားက မတက်ရောက်နိုင်ဘူးလို့ အကြောင်းကြားတဲ့အတွက် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရပါတယ်။

ဒီအတောအတွင်းမှာပဲ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ Saifuddin Abdulla နဲ့ အင်ဒိုနီးရှားအစိုးရ ထိပ်ပိုင်းအရာရှိတဦးကလည်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်အနေနဲ့ တခြားအာဆီယံနိုင်ငံတွေနဲ့ တိုင်ပင်ခြင်းမရှိပဲ မြန်မာပြည်သွားရောက်ခဲ့တာကို ဝေဖန်လိုက်ပြီး

အဲဒီ ခရီးစဉ်ဟာ အကျိုးမရှိတဲ့ ခရီးစဉ်ဖြစ်တယ်၊ အာဆီယံ ချမှတ်ထားတဲ့ အချက် ၅ ချက်နဲ့ ပတ်သက်ပြီး ထင်ရှားတဲ့တိုးတက်မှု မရှိဘူးဆိုရင် မြန်မာနိုင်ငံကို အစည်းအဝေးတွေ တက်ခွင့်မပေးဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို သူတို့ ပြောင်းလဲမှာမဟုတ်ဖူးလို့ မနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

NUG အစိုးရရဲ့ နော်ဝေနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးမောင်မောင်မြင့်က ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ခရီးစဉ်ကနေ အာဆီယံဆုံးဖြတ်ချက်တွေကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ခဲ့ခြင်း မရှိပါဘူးလို့ ဝေဖန်သုံးသပ်ပါတယ်။

“ဟွန်ဆန်ရဲ့ခရီးစဉ်ကို အာဆီယံနိုင်ငံတွေ အများစုက သဘောမတူခဲ့ဘူးလို့ ကျနော်တို့ ယေဘူယျ ပြောလို့ရတယ်။ သူကတော့ ပြန်လာပြီးနောက်မှာ အောင်မြင်ခဲ့တယ်ဆိုတဲ့ သဘောမျိုး ပြောသလို စစ်ကောင်စီဘက်ကလည်း ပြောတာရှိတယ်။

ဒါပေမယ့် ဒီ အာဆီယံမူ ၅ ချက်မှာ တကယ်တမ်း အကောင်အထည် ဖော်နိုင်ခဲ့တာ ဘာရှိလဲ၊ ပထမဆုံးမူဖြစ်တဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရမယ်ဆိုတာလည်း ဘာမှ မဖြစ်လာတဲ့အပြင် ဟွန်ဆန် ရှိတဲ့အချိန်မှာတင် ဗုံးကြဲတာတွေ လုပ်တယ်။

နောက် သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေအားလုံးနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေလုပ်ရမယ်ဆိုတာလည်း ဒီနေ့ထိ ဖြစ်မလာသေးဘူး။ ဟွန်ဆန် ပြန်သွားပြီးနောက် ရက်ပိုင်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ်ချမှတ်တာတွေ စစ်ကောင်စီက လုပ်ခဲ့တယ်။

နောက် လူမှုအကူအညီတွေ လျင်မြန်ထိရောက်စွာ ပေးရမယ်ဆိုတာလည်း ဒီကနေ့အထိ ဘာမှဖြစ်မလာတဲ့အပြင် ခုလောလောဆယ် Special envoy အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပါသွားပေမယ့်လည်း သူလည်း ဟွန်ဆန်လိုပဲ စစ်ကောင်စီကလွဲလို့ ဘယ်သူနဲ့မှ တွေ့ခဲ့တာမရှိဘူး။

ဒီအချက် ၄ ချက် သူအကောင်အထည် မဖော်နိုင်ခဲ့ဘူး။ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံအထူးသံတမန်အဖြစ် လက်ခံခဲ့တဲ့ ၁ ချက်ပဲ အကောင်အထည်ဖော်ခဲ့တာ ရှိတယ်။ အဲဒီ ၁ ချက်ထဲကို ကြည့်ပြီးတော့ ဒီကိစ္စဟာ အောင်မြင်တယ်လို့ ပြောလို့မရဘူး”

တဆက်တည်းမှာပဲ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ တိုင်ပင်ခြင်းမရှိဘဲ သွားရောက်ခဲ့တဲ့ အကျိုးဆက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် အခုကြုံတွေ့နေရပြီ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“စစ်ကောင်စီနိုင်ငံခြားရေးဝဏ္ဏမောင်လွင်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးတက်ခွင့်ပေးဖို့ သူကတိပေးခဲ့ပေမယ့် အဲဒီအစည်းအဝေး ဖြစ်မလာအောင် အာဆီယံနိုင်ငံတွေက သူတို့နည်းနဲ့ သူတို့ဟန်နဲ့ ရှောင်လွှဲခဲ့ကြတယ်။ ဒါကြောင့် ဒီအစည်းအဝေး ပျက်သွားတဲ့အနေအထား ရွှေ့ဆိုင်းခဲ့တဲ့ အနေအထား တွေ့ရတယ်။

ဒါက ဘာကိုသက်သေပြသလဲဆိုတော့ အရင်တုန်းကတော့ အာဆီယံက ဒေသဆိုင်ရာအဖွဲ့အစည်းလေးတခုသာ ဖြစ်ခဲ့တယ်၊ အာဆီယံမှာ ရှိခဲ့တဲ့ ဒီ consensus လို့ခေါ်တဲ့ ဒီအဖွဲ့ဝင်တိုင်းက သဘောတူမှ ဆုံးဖြတ်ချက် ချရမယ်၊ တဖွဲ့ဖွဲ့က ကန့်ကွက်တယ်ဆိုရင် ဆုံးဖြတ်ချက် ချလို့မရဘူးဆိုတဲ့ မူဝါဒက တောက်လျှောက်ရှိခဲ့ပေမယ်လို့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ မင်းအောင်လှိုင်စစ်ကောင်စီကို တက်ခွင့်မပေးဘူးဆိုတဲ့ ကိစ္စထဲက စပြီး အဲဒီအစဉ်အလာ ပျက်သွားခဲ့တယ်။

ဘာကြောင့်ပျက်သလဲ စဉ်းစားကြည့်မယ်ဆိုရင် အာဆီယံဟာ အခုအချိန်မှာ ဒေသဆိုင်ရာအဖွဲ့အစည်းဆိုတာထက် နိုင်ငံတကာအဖွဲ့အစည်းဖြစ်လာတယ်။ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူ ၅ ချက်ကို အင်အားကြီးနိုင်ငံတွေရော ကုလသမဂ္ဂကပါ ထောက်ခံပေးထားတဲ့ အနေအထားမှာရှိတယ်။

အဲဒီတော့ အာဆီယံအဖွဲ့သည် အရင်ကထက် ပိုပြီး တာဝန်ကြီးလာတယ် အရင်ကထက်သိက္ခာကိုပိုပြီး ထိန်းသိမ်းရတော့မယ်ဆိုတဲ့ အနေအထားဖြစ်လာတယ်။ အဲဒီအနေအထားဟာ ဒီနှစ်အတွက် ဥက္ကဋ္ဌရာထူးရသွားတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေနဲ့ မဆင်မခြင်ဆောင်ရွက်လိုက်တဲ့ ကိစ္စဟာ နောက်ဆုံးတော့ အာဆီယံသိက္ခာကျဖို့ ဖြစ်လာတဲ့အတွက်ကြောင့် သူတို့က သိက္ခာအကျမခံနိုင်လို့ အခုလိုလုပ်ရတယ်လို့ ပြောလို့ရတယ်။”

မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင် ကလည်း မြန်မာလူထုဖက်က ရပ်တည်တဲ့ အာဆီယံနိုင်ငံတွေကို ချီးမွမ်းလိုက်ပါတယ်။

“လောလောဆယ် ကမ္ဘာ့စာမျက်နှာမှာ မြန်မာနိုင်ငံမှာဒီလောက်အရုပ်ဆိုးအကျည်းတန် ဖြစ်နေတဲ့ကိစ္စတွေ အာဆီယံက မျက်စေ့ပိတ် မနေနိုင်တော့ဘူး ဆိုတဲ့ သဘောထား မှတ်ချက်ရတယ်လို့ ကျနော်က သုံးသပ်မိတယ်။ ထို့အတူ ပုလင်းတူ ဗူးဆို့ အချင်းအချင်း စည်းဝါးရိုက်ထားတဲ့ကိစ္စကိုလည်း ကျန်တဲ့သူတွေ သဘောမတူဘူးဆိုတဲ့ အခြေအနေကို အထင်းသားတော့ တွေ့လိုက်ရတာပေါ့နော်။

အာဆီယံလည်း ကျနော်တို့ဘက်ပါလာပြီ။ အထူးသဖြင့် နိုင်ငံကြီးတွေဖြစ်တဲ့ မလေးရှား အင်ဒိုနီးရှားတို့ရဲ့ သဘောထားကလည်း ကျနော်တို့ ပြည်သူတွေဘက်ကို ရပ်လာပြီဆိုတာကို တွေ့ရတဲ့အတွက် မလေးရှားနဲ့ အင်ဒိုနီးရှားကိုလည်း ကျေးဇူးတင်တယ်။ ဒီလိုဆက်ပြီး ရပ်တည်သွားမယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ ဂုဏ်သိက္ခာရှိတဲ့ အာဆီယံကို ကျနော်တို့ တွေ့မြင်ရတော့မယ်လို့ သုံးသပ်မိပါတယ်။”

ဦးမောင်မောင်မြင့်ကလည်း ဒါဟာ နိုင်ငံတကာမျက်နှာစာမှာ စစ်ကောင်စီရဲ့ နောက်ထပ်ကျရှုံးမှု တစ်ခုပါပဲလို့ ဝေဖန်ပါတယ်။

“စစ်ကောင်စီက ဟွန်ဆန်ကို အများကြီး အားကိုးခဲ့တာတွေ့ရတယ်။ ဟွန်ဆန်ဟာ အကြမ်းဖက်မှုတွေကြားထဲကနေ ခေါင်းဆောင်ဖြစ်လာတဲ့ ခမာနီ ခေါင်းဆောင်ဟောင်း ဖြစ်တယ်။ အဲဒီတော့ သူက ဟွန်ဆန်ကို အားကိုးရမယ်လို့ သူယုံကြည်တယ် အဲဒီလိုအနေအထားမျိုးမှာ ဟွန်ဆန့်ကို အားကိုးခဲ့သမျှ ကျန်တဲ့နိုင်ငံတွေက ဝိုင်းပြီးဆုံးမလိုက်တဲ့အတွက်ကြောင့် စစ်ကောင်စီရဲ့ မျှော်လင့်ချက်တွေ ပျက်ပြယ်သွားတယ်လို့ ပြောလို့ရတယ်။”

ဒီအတောအတွင်းမှာပဲ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာ Noeleen Hayzer ကလည်း ဝန်ကြီးချုပ် ဟွန်ဆင်နဲ့ မနေ့က ဆက်သွယ်ပြီး မြန်မာပြည်ပဋိပက္ခတွေကို ဖြေရှင်းလိုတယ်ဆိုရင် တိုင်းရင်းသားအဖွဲ့တွေအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့လိုတယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။