Local News

စစ်ကောင်စီက မီးသတ်တပ်ဖွဲ့ဝင်များ၏ ဇနီးနှင့် ခင်ပွန်း များ၏ ကိုယ်ရေးအချက်အလက်များ ကောက်ခံနေ

စစ်ကောင်စီက မီးသတ်တပ်ဖွဲ့ဝင်များ၏ ဇနီးနှင့် ခင်ပွန်း များ၏ ကိုယ်ရေးအချက်အလက်များ ကောက်ခံနေ

စစ်ကောင်စီ လက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ဌာန လက်အောက်ရှိ မီးသတ်တပ်ဖွဲ့ဌာနချုပ် တပ်ဖွဲ့ဝင်များ၏ ဇနီးနှင့် ခင်ပွန်းများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ခံရန် ညွှန်ကြားထားသည့်

ဒီဇင်ဘာလ ၇ ရက် နေ့စွဲပါ ပျံ့နေသောစာမှာ အစစ်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီက မဇ္စျိမသို့ အတည်ပြု ပြောဆိုသည်။

ထိုစာရင်းအား အတိအကျစာရင်း ပြုစုထားရှိရန် လိုအပ်လျက်ရှိရာ ၎င်းတို့အား အသက် ၅၀ နှစ်နှင့်အထက်၊ အသက် ၅၀ နှစ်အောက်နှင့် ကိုယ်ဝန်ဆောင်သည်စာရင်း စသည့်ဖြင့် ခွဲခြား၍ ပြုစုပေးပို့ရန်ဟု ညွှန်ကြားစာတွင် ပါရှိသည်။

“တပ်ဖွဲ့ဝင်တွေ ရဲ့အချက်အလက်က ရုံးတိုင်းမှာရှိပြီပဲ။ အခု က ဇနီးနဲ့မိသားစုဝင်တွေ အချက်အလက်ပါတောင်းနေတယ်လို့ ပြောတယ်။ ရဲတပ်ဖွဲ့ လို စစ်ပညာကို သင်ကြားပေးဖို့ စီစဉ်နေတယ် လို့ကြားတယ်။

အရင်ထဲက တပ်ဖွဲ့ဝင်တိုင်းက လက်နက်ငယ် သင်တန်း ဖြုတ်၊ တပ် က အစ အခြေခံ ပစ်ခတ် တက်နေပါတယ်။ ကျွန်တော်တို့ ခန့်မှန်းထားတဲ့အတိုင်း တပ်အင်အားလျော့နည်းလာလို့ ပြည်ထဲရေး လက်အောက်က အဖွဲ့တွေကို ယူနီဖောင်းပြောင်းပြီး ခိုင်းမယ်လို့ ခန့်မှန်းတယ်ဗျ။

ဒါကိုလည်း CDM မီးသတ်သမားတိုင်းသိတယ်။ CDM မလုပ်တဲ့သူတိုင်းလည်း သိပါတယ် ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီက၏ တာဝန်ခံက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ မီးသတ်တပ်ဖွဲ့ဌာနချုပ် ၊ မီးသတ်ဦးစီးဌာန(ရုံးချုပ်) ၊ ဗဟိုမီးသတ်သင်တန်းကျောင်း(ပြင်ဦးလွင်) အပါအဝင် နေပြည်တော် တိုင်းဒေသကြီး၊ ပြည်နယ် မီးသတ်ဦးစီးမှူးရုံး၊ ခရိုင်၊မြို့နယ်၊ နယ်မြေမီးသတ်စခန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော

တပ်ဖွဲ့ဝင်များ၏ ဇနီး၊ ခင်ပွန်းများအားလုံး၏ ကိုယ်ရေးအချက်အလက် အသေးစိတ်စာရင်းအား ဒီဇင်ဘာလ ၈ ရက်နောက်ဆုံးထား၍ မီးသတ်တပ်ဖွဲ့ဌာနချုပ်၊ စီမံရေးရာ ဌာနခွဲသို့ မပျက်မကွက်ပေးပို့ရန် ညွှန်ကြားရေးမှူး စောထွန်း၏ လက်မှတ်နှင့်အတူ အကြောင်းကြားထားခြင်းဖြစ်သည်။

လက်ရှိတွင် မီးသတ်တပ်ဖွဲ့ဌာနချုပ်အောက်တွင် တာဝန် ထမ်းဆောင်နေသည့် အဖွဲ့ဝင် ဦးရေ ၁၅,၀၀၀ ကျော်ရှိသည်ဟု သိရသည်။ “ကျွန်တော်တို့ မီးသတ်သမားတိုင်းက ပြည်သူအသက်အိုးအိမ်ကို ကာကွယ် စောက်ရှောက်ရပါတယ်။

သစ္စာတွေလည်း နေ့တိုင်း မနက်တိုင်း ဆိုထားကြတယ်။ အဲ့တာတွေ ကို သဘောပေါက် နားလည် ကြပါ။

စကစကို အမြစ်ပြုတ် တိုက်ဖို့အတွက် သူတို့ရဲ့ လက်အောက်မှာ ရာထူးလေး တစ်ခုထဲ အတွက်နဲ့ အနာမခံပါနဲ့ စကစ ရဲ့ထောက်တိုင်ဖြစ်နေတောင်မှ အမြန်ဆုံးရုံးထွက်နိုင်ရင် ပြည်သူက လေးစားတဲ့ မီးသတ်တပ်ဖွဲ့အဖြစ်အသိအမှတ်ပြုခံရမှာပဲ။ ပြည်သူနဲ့အမြန်ပူးပေါင်းပါလို့ပဲ ပြောချင်ပါတယ်” ဟု ထိုတာဝန်ခံက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် CMD ပြုလုပ်သည့် မီးသတ်ဝန်ထမ်း ဦးရေ ၈၀၀ နှင့် ၁,၀၀၀ ကြားရှိပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီအဖွဲ့နှင့် အဆက်အသွယ်ရရှိသူဦးရေ ၄၀၀ ကျော်ရှိသည်ဟု ဆိုသည်။