Local News

တစ်နိုင်ငံလုံးတိတ်ဆိတ်မှုနဲ့အတူ အကျဥ်းထောင်ထဲ ညှဉ်းသတ်ခံနေကြရသူတွေ

တစ်နိုင်ငံလုံးတိတ်ဆိတ်မှုနဲ့အတူ အကျဥ်းထောင်ထဲ ညှဉ်းသတ်ခံနေကြရသူတွေ

10D လို့လူသိများတဲ့ ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့က အင်းစိန်ထောင်တွင်းလှုပ်ရှားမှုအပေါ် ထောင်အာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံကို အင်းစိန်ထောင်ရောက်ရှေ့နေတစ်ဦးက အခုလိုပြောပါတယ်။

တစ်နိုင်ငံလုံးတိတ်ဆိတ်ပြီး အသံတိတ်သပိတ်ကြီး ဆင်နွှဲခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက် ညနေပိုင်းက အင်းစိန်ထောင်ထဲမှာတော့ ငရဲပွက်သွားခဲ့ပါတယ်။

စစ်အာဏာသိမ်းတာကို ဆန့်ကျင်လို့ ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးခံထားရတဲ့ အင်းစိန်အကျဥ်းထောင်ထဲက အကျဥ်းသားအချို့ဟာ အသံတိတ်သပိတ်မှာပါဝင်ခဲ့ကြပါတယ်။

မနက်ပိုင်း ထောင်တွင်းတန်းထုတ်ချိန်မှာ အပြင်မထွက်ဘဲ အကျဥ်းကျအဆောင်ထဲမှာပဲ တိတ်တိတ်ဆိတ်ဆိတ်နေတာအပြင် ညနေပိုင်းမှာ တော်လှန်ရေးသီချင်းတွေသီဆိုခဲ့ကြတာပါ။ ရလဒ်ကတော့ ထောင်အာဏာပိုင်တွေနဲ့ ဝန်ထမ်းတွေရဲ့ အပြင်းအထန် အကြမ်းဖက်ရိုက်နှက်မှုကိုခံခဲ့ကြရတာပဲဖြစ်ပါတယ်။

10D လို့လူသိများတဲ့ ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့က အင်းစိန်ထောင်တွင်းလှုပ်ရှားမှုအပေါ် ထောင်အာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံကို အင်းစိန်ထောင်ရောက်ရှေ့နေတစ်ဦးက အခုလိုပြောပါတယ်။

“အာဏာရှင်ဆန့်ကျင်ရေးသီချင်းဆိုတဲ့ကောင်တွေ အပြင်ထွက်၊ မင်းတို့လားဆိုပြီး ရိုက်တော့တာပဲ”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့အဲဒီရှေ့နေက ပြောပါတယ်။

ဆန္ဒပြရာမှာပါဝင်သူတွေကို အခန်းအပြင်ထုတ်ကာ ထောင်ဝန်ထမ်းတွေက နံပါတ်တုတ်၊ ရာဘာတုတ်၊ မော်တာကြိုးတွေနဲ့ အဆက်မပြတ် ရိုက်နှက်ခဲ့တာပါ။

အရိုက်ခံရသူ ဦးရေဟာ ရှေ့နေတွေရဲ့ ပြောပြချက်အရ ၈၉ ဦးရှိပြီး တစ်ဦးကို အနည်းဆုံး အချက် ၂၀ လောက် ရိုက်ခံရတယ်လို့ အမှုကိစ္စအတွက်အကျဥ်းသားတွေနဲ့ တွေ့ဆုံခွင့်ရတဲ့ အဲဒီရှေ့နေက ဆိုပါတယ်။

ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်အနှံ့ကို ရိုက်နှက်ခံရတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဒဏ်ရာရသွားတဲ့သူတွေလည်းရှိနေပါတယ်။

ဒီအထဲမှာ ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုဇော်ထက်နိုင် (ခေါ်) ကိုဆစ်နိုင်ဟာအပြင်းအထန် ရိုက်နှက်မှုဒဏ်ကြောင့် မေ့မြောသွားခဲ့တယ်လို့လည်း သတင်းတွေထွက်လာပါတယ်။

ထောင်တွင်းအသံတိတ်သပိတ်မှာပါဝင်ခဲ့တဲ့ ကိုလှိုင်းညီ (ခေါ်) ကိုကျော်သူမြင့် ဆိုရင်လည်း ရိုက်ခံရပြီး ၃ ရက်ကြာတဲ့အထိ လမ်းကောင်းကောင်းမလျှောက်နိုင်သေးဘူးလို့ သူ့ရဲ့မိတ်ဆွေက ဖေ့ဘွတ်ခ်ကနေ အသိပေးထားတာရှိပါတယ်။

ကိုလှိုင်းညီဟာ ကျောကုန်းအရိုးပါ ပေါ်တဲ့အထိ အရိုက်ခံရတယ်လို့ သူ့မိတ်ဆွေက ဆိုထားပါတယ်။

အရိုက်ခံရသူတစ်ဦးကို ထောင်တွင်းတရားရုံးမှာမျက်မြင်တွေ့ခဲ့ရတဲ့ အင်းစိန်ထောင်ရောက်ရှေ့နေ တစ်ဦးပြောပြတာကတော့ အရေပြားပေါက်ပြဲ တာတွေရှိနေပြီး ခန္ဓာကိုယ်တောင်အထိမခံလောက်အောင် နာကျင်တဲ့ဝေဒနာကို ခံစားနေကြရတယ်လို့သိရပါတယ်။

ဒီလိုဒဏ်ရာတွေရထားတဲ့အကျဥ်းသားတွေကို ထောင်အာဏာပိုင်တွေက ဆေးမကုပေးဘဲ တိုက်ပိတ်ထားတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကိုရိုက်နှက်ပြီး လုံလောက်တဲ့ဆေးဝါးကုသမှုမပေးတာဟာ “ညှဉ်းသတ်ရာရောက်တယ်” လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) တွဲဘက်အတွင်းရေးမှူးကိုဘိုကြည်က မှတ်ချက်ပြုပါတယ်။

၆ ပေ၊ ၈ ပေ အခန်းကျဥ်းထဲမှာ ၂ ဦး တစ်တွဲ ခြေချင်းခတ်ကာ တစ်ခန်းကို ၆ ဦး၊ တချို့ အခန်းမှာ ၈ ဦးအထိထားပြီး ၁၄ ရက်တာ တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။

“အခုလိုပြုလုပ်နေတာတွေက ကုလသမဂ္ဂကချမှတ်ထားတဲ့ အကျဥ်းသားတွေကို အနိမ့်ဆုံးဆက်ဆံပြုမူရမယ့် အခြေခံအချက်တွေကို ချိုးဖောက်တာဖြစ်တယ်” လို့ ကိုဘိုကြည်က ပြောပါတယ်။

သူတို့တွေကို မိသားစုနဲ့ဆက်သွယ်ခွင့်မပေးတဲ့အပြင် အိမ်ကနေ ပေးပို့လာတဲ့ထောင်ဝင်စာကိုပါ ပိတ်ပင်ခံနေကြရတာဖြစ်ပါတယ်။

“လိမ်မာရင် တိုက်ပိတ်တာကထုတ်ပေးမယ်။ မလိမ်မာရင် ဒီထက်ကြာချင်ကြာမယ်ဆိုပြီး သူတို့ကိုပြောတယ်လို့ သိရတယ်” လို့ ရှေ့နေ တစ်ဦးက ပြောပါတယ်။

တိုက်ပိတ်ခံထားရသူ ၈၉ ဦးကို ရေချိုးချိန်နဲ့ ရုံးထုတ်ချိန်ကလွဲပြီးအပြင်ပေးမထွက်ရုံသာမက ရုံးထုတ်ချိန်မှာလည်းသံခြေချင်းခတ်ထားပါသေးတယ်။

ရုံးထုတ်မြင်ကွင်းကိုတွေ့လိုက်ရတဲ့ ရှေ့နေတွေကတော့ ရိုက်နှက်ခံရသူတွေဟာ ဆေးဝါးကုသခွင့်အမြန်လိုအပ်နေတယ်လို့ ပြောကြပါတယ်။

ဦးခေါင်း အရိုက်ခံရလို့ သတိလစ်မေ့မြောသွားတဲ့ ဗကသကျောင်းသားကိုဆစ်နိုင်ဆို သတိပြန်ရလာပေမယ့် ဆေးဝါးကုသခွင့်မရလို့ ပြီးခဲ့တဲ့ ရက်ပိုင်းကရုံးထုတ်မှာ မကြာခဏ အော့အန်နေတယ်လို့မျက်မြင်တွေ့ခဲ့ရတဲ့ရှေ့နေတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်ညက အကျဥ်းသားတွေကိုအကြမ်းဖက်ခဲ့သလိုမျိုး ထောင်အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့လပိုင်းက အင်းစိန်ထောင် အမျိုးသမီးအကျဆောင်မှာလည်း အလားတူကျုးလွန်ခဲ့ပါသေးတယ်။

အဲဒီအချိန်က စစ်ကောင်စီရဲ့ဝါဒဖြန့် မီဒီယာက လွတ်ငြိမ်း သတင်းကြေညာရာမှာ အချုပ်ကျနေသူတွေသာပါဝင်ပြီး ပြစ်ဒဏ်ချပြီးသူတွေချန်လှပ်ထားခံရတာကြောင့် အမျိုးသမီးအကျဆောင်ကစတင်ကာ တော်လှန်ရေးသီချင်းတွေကို သီဆိုကာ ဆန့်ကျင်ခဲ့ကြတာပါ။

အဲဒီလို သီချင်းဆိုပြီးတဲ့နောက် ည ၁၂ နာရီလောက်မှာတော့ ထောင်ဝန်ထမ်းတွေရောက်လာပြီး သီချင်းဆိုခဲ့သူ တစ်ဦးချင်းနာမည်ခေါ်၊ အပြင်ထုတ်ရိုက်နှက်ခဲ့တယ်လို့ ကိုယ်တိုင်တွေ့ကြုံခံရတဲ့ အကျဥ်းသူ အသက် ၆၄ နှစ်အရွယ် ဒေါ်မိငယ် က ဘီဘီစီမီဒီယာကို ဖြေဖူးပါတယ်။

“နာမည်တစ်ယောက်ခေါ်လိုက် ပါးတွေနားတွေရိုက်လိုက်၊ ခြေထောက်တွေနဲ့ကန်လိုက်လုပ်ခဲ့တယ်” လို့ ဒေါ်မိငယ်က ပြောပါတယ်။

အဲဒီနောက် သီချင်းဆိုရာမှာပါဝင်ခဲ့သူ ၃၀ ဦးကို တိုက်ပိတ်လိုက်ပြီး နယ်ထောင်တွေပြောင်းလိုက်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

တကယ်တော့ ထောင်အာဏာပိုင်တွေဟာ ထောင်တွင်းဆန္ဒပြပွဲတွေကို ခေတ်အဆက်ဆက်ကတိုင် ရက်ရက်စက်စက်ဖြိုခွင်းခဲ့တာပါ။

ထင်ရှားတဲ့ဥပမာပြရရင် ၁၉၉၀ စက်တင်ဘာလအတွင်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အင်းစိန်ထောင်တွင်းဆန္ဒပြပွဲမှာဆို ရက်ရက်စက်စက်ချေမှုန်းခဲ့တာကြောင့် အကျဥ်းသား ၄၀ ဦးဆေးရုံတက်ရမယ့်အခြေအနေကိုရောက်ခဲ့ပြီး ၆ ဦးဟာ သေလုမြောပါးအခြေအနေအထိ ဖြစ်ခဲ့ဖူးပါတယ်။

အကျဉ်းသားတွေကိုရိုက်နှက်သံတွေ၊ အော်သံဟစ်သံတွေ အပြင်က မကြားရအောင် လော်စပီကာကနေ သီချင်းတွေဖွင့်ပြီး ရိုက်တာမျိုးထိလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီတခေါက်အခြေအနေဟာလည်း သတင်းအချက်အလက်တွေအရ စိုးရိမ်စရာကောင်းတယ်လို့ တကသကျောင်းသားဟောင်းများအင်အားစုက ကိုနန်းလင်းကပြောထားပါတယ်။

ဒီအခြေအနေကို တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ လျင်လျင်မြန်မြန်တုန့်ပြန်နိုင်ဖို့ လိုတယ်လို့လည်း သူက အကြံပြုပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်က စလို့ နိုင်ငံအနှံ့က အကျဥ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရသူ ၈၀၀၀ ကျော် ရှိနေတာဖြစ်ပါတယ်။

ထောင်ထဲကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ကြီး ခပ်မြန်မြန်သွားကာ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို စုံစမ်းပေးဖို့ တိုက်တွန်းနေကြတာတွေလည်းရှိနေပါတယ်။

About the author

admin

Add Comment

Click here to post a comment