Local News

ရန်ကုန်မြို့နယ် ၁၂ခုတွင် PDF က စစ်တပ်ကို ပစ်မှတ်ထား တိုက်ခိုက်မှု စစ် သား ၆ ဦးသေဆုံး၊ လှိုင်သာယာ တပ်မတော်အထည်ချုပ်စက်ရုံကို ဗုံးခွဲ

ရန်ကုန်မြို့နယ် ၁၂ခုတွင် PDF က စစ်တပ်ကို ပစ်မှတ်ထား တိုက်ခိုက်မှု စစ် သား ၆ ဦးသေဆုံး၊ လှိုင်သာယာ တပ်မတော်အထည်ချုပ်စက်ရုံကို ဗုံးခွဲ

ရန်ကုန်၊ ဇန်နဝါရီ ၁

ရန်ကုန်တိုင်းအတွင်းရှိ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ စမ်းချောင်း၊ ရွှေပြည်သာ၊ တာမွေ၊ ဗဟန်း၊ မရမ်းကုန်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ကြည့်မြင်တိုင်နှင့် လှိုင်သာယာ စသည့် မြို့နယ်များတွင်

ရန်ကုန်တိုင်း စစ်ဒေသ ခွဲကွပ်ကဲရေးအဖွဲ့က “ပျံလွှားအောင်” စစ်ဆင်ရေးအဖြစ် ဒီဇင်ဘာလ ၂၈ရက်နေ့မှ ၃၁ ရက်နေ့ထိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် CCTV Control Boxများကို ဗုံးခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဒေသ ခွဲကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်
======================

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ တိုးကြောင်လေးနှင့် ရွာသာကြီးဘူတာကြား ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်က အကြမ်းဖက်စစ်ကောင်စီ ထောက်ပို့ မီးရထားကို Myanmar Defense Force (Yangon) ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မိုင်း ၃လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ကျန်စစ်သားလမ်းနှင့် ရာဇဓိရာဇ်လမ်းထောင့်သို့ လာ ရောက်သည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို ဒီဇင်ဘာ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် HRD(MO8) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်
===============

စမ်းချောင်းမြို့နယ်၊ ခတ္တာလမ်းရှိ အကြမ်းဖက် စစ်ကောင်စီ အုပ်ချုပ်ရေး အထောက် အကူပြုရုံးကို ဒီဇင်ဘာလ ၂၉ ရက်နေ့၊ နေ့လည်ပိုင်းက People Network (PN) အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ရုံးအဆောက်အအုံပျက်စီးခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်
===============

ရွှေပြည်သာမြို့နယ် လှော်ကားတာဆုံအနီးရှိ အကြမ်းဖက်စစ်ကောင်စီ ယာဉ်ထိန်း ရဲစခန်းကို ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် Moonlight ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က လက်ပစ်ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူများ ရှိကြောင်း သိရသည်။

တာမွေမြို့နယ်
===========

တာမွေမြို့နယ်၊ တာမွေဈေးအနီးရှိ အကြမ်း စစ်ကောင်စီတပ်ဖွဲ့များ ထိန်းချုပ် အသုံးပြုနေသော CCTV Control Box ကို ဒီဇင်ဘာ ၃၁ ရက် နံနက် ၇ နာရီအချိန်ခန့်တွင် YPDF-Bahan နှင့် Anonymous Force ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၂ဖွဲ့က မီးရှို့ ဖျက်ဆီး ခဲ့ခြင်းကြောင်း သိရသည်။

ဗဟန်းမြို့နယ်
===========

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် ဆရာစံလမ်းထောင့်အနီးတွင် နေရာယူထားသော
အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်တပ်ယာဉ်တန်းကို Moonlight ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်
==============

မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံရှိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ နေရာယူထားသည့် ရဲကင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃ဝ မိနစ်တွင် Moonlight ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်
===========

အင်းစိန်မြို့နယ်၊ အောင်ဇေယျတံတားပေါ်နှင့် အောင်ဆန်းပုံနှိပ်တိုက်အနီးတွင် ကင်းလှည့်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို ဒီဇင်ဘာလ ၃၁ ရက် ညနေပိုင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ရန်ကုန်တိုင်း စစ်ဒေသ ခွဲကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

မင်္ဂလာဒုံမြို့နယ်
============

မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်ရှိ အကြမ်းဖက် စစ်ကောင်စီ လေတပ်စခန်းဂိတ် အနီးနှင့် လေတပ်ဝန်းအတွင်း၌ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ညနေ ၆ နာရီ ၃ဝမိနစ်ခန့်က YUG ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ရန်ကုန်တိုင်း စစ်ဒေသ ခွဲကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

တောင်ဒဂုံမြို့နယ်
=============

တောင်ဒဂုံမြို့နယ်၊ ၅၃ ရပ်ကွက်၊ ရတနာပုံလမ်းမတွင် အကြမ်းဖက် စစ်ကောင်စီ စစ်တပ်ယာဉ်တန်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ‌ ၆ နာရီ ၃ဝမိနစ်ခန့်တွင် YUG ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ရန်ကုန်တိုင်း စစ်ဒေသ ခွဲကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

မြောက်ဒဂုံမြို့နယ်
==============

မြောက်ဒဂုံမြို့နယ်၊ ၃၇ ရပ်ကွက်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် နေရာများကို ဒီဇင်ဘာလ ၃၁ ရက် ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး သေဆုံးမှု အခြေအနေကို မသိရသေးကြောင်း ရန်ကုန်တိုင်း စစ်ဒေသ ခွဲကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

ကြည့်မြင်တိုင်မြို့နယ်
================

ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း၊ EPC ရုံးအနီးရှိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် နေရာကို ဒီဇင်ဘာလ ၃၁ ရက် ညပိုင်း၌ YUG ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ရန်ကုန်တိုင်း စစ်ဒေသ ခွဲကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

အလားတူ ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်း ၂ လမ်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၃၁ ရက်နေ့ ညပိုင်း၌ ဗမာ့လူငယ်ကွန်ရက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိ တင်အောင်စိုး ဆိုသူ၏ မာစီဒီး အမျိုးအစား မော်တော်ယာဉ် ပျက်စီးခဲ့ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်
==============

လှိုင်သာယာမြို့နယ်၊ အမှတ် ၂၀ ရပ်ကွက်၊ ဗိုလ်တေဇလမ်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသည့်နေရာကို ဒီဇင်ဘာ ၃၁ ရက်နေ့ ညပိုင်းတွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ၅ ထိပ်မှတ်တိုင်ရှိ တပ်မတော် အထည်ချုပ်စက်ရုံကို ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက် ည ၈ နာရီဝန်းကျင်တွင် from Zero to Hero မြို့ပြပြောက်ကျားအဖွဲ့က ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ရာ ဗုံး ၁ လုံးသာ အောင်မြင်စွာ ဖောက်ခွဲနိုင်ခဲ့ကြောင်း မြို့ပြပျောက်ကျားအဖွဲ့က သတင်းထုတ်ပြန်သည်။

ကျန် ဗုံး ၁ လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားကြောင်းနှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပတ်သက်သောနေရာများ၊ အနီးဝန်းကျင်များတွင် သွားလာနေထိုင်ခြင်းမပြုရန် မြို့ပြပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ-Reuters

About the author

admin

Add Comment

Click here to post a comment