Local News

အမေရိကန် ကွန်ဂရက်တွင် Burma Act ဥပဒေကြမ်း တင်သွင်း၊ အာဆီယံ မှ NUG နှင့် ဆွေးနွေးရန် ပြင်ဆင်လာ

အမေရိကန် ကွန်ဂရက်တွင် Burma Act ဥပဒေကြမ်း တင်သွင်း၊ အာဆီယံ မှ NUG နှင့် ဆွေးနွေးရန် ပြင်ဆင်လာ

အမေရိကန် ရှိ ပါတီကြီး နှစ်ရပ် ပူးပေါင်း၍ Burma Act 2021 ဟု အတိုကောက် ခေါ်သည့် Burma Unified Through Rigorous Military Accountability ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်း နိုင်ရန် အောက်တို ဘာ ၅ ရက်နေ့က တင်သွင်းလိုက်ပြီ ဖြစ်သည်။

အဆိုပါ ဥပဒေ၏ အဓိက ရည်မှန်းချက်သည် မြန်မာ စစ်ခေါင်းဆောင်များ အပေါ် ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများ အတွက် တာဝန်ခံလာစေရန် ဖြစ်သည်ဟု ဆိုသည်။

အရေးပါဆုံး အဖြစ် ပါဝင်လာခဲ့သည်က နိုင်ငံတွင်း တိုက်ပွဲဝင်နေသည့် တော်လှန်ရေး လှုပ်ရှားမှု အား အမေရိကန် မှ ထောက်ခံပါသည်ဟူသော ကတိကို မဖြစ်မနေ အကောင်အထည် ဖေါ်ရန်ဟူ၍ ဖြစ်သည်။ ဤသည်ကပင် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု သက်သက်ဖြင့် ၎င်းတို့သည် စစ်တန်းလျား ပြန်သွားကြမည် မဟုတ်သည်ကို အမေရိကန် တို့ နားလည်လာပြီ ဆိုသည်ကို ပြဆိုနေသည်။

နိုင်ငံတကာ စင်မြင့်တွင်လည်း အာဏာသိမ်း အဖွဲ့အား အသိအမှတ် ပြုလာမည့် လုပ်ရပ်မှန်သမျှ ကို အမေရိကန်က ဆက်လက်ဆန့်ကျင်သွားရန်လည်း ဥပဒေတွင် ဖေါ်ပြထားသည်။

လက်ရှိ ပိတ်ဆို့ဒဏ်ခတ်ထားမှုများ အပြင် secondary sanction အဖြစ် မြန်မာ စစ်တပ်ကို ပံ့ပိုးပေးနေသည့် ကုမ္ပဏီ အားလုံးအပေါ် ပစ်မှတ်ထား၍ အရေးယူသွားရန်လည်း ပါဝင်သည်။

ယနေ့တင်သွင်းသော ဥပဒေတွင် စစ်တပ် ၏ လုယက်ခြင်း ခံလိုက်ရသော မြန်မာပြည်သူများ၏ အခွင့်အရေး များ အတွက် ဘဏ္ဍာရေးအရ အထောက်အပံ့များ ပေးအပ်နိုင်ရန်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန မှ မည်သို့မည်ပုံ ဆက်လက် အရေးယူ ဒဏ်ခတ်သွားနိုင်မည့် နည်းလမ်းများ ရှာဖွေရေး အတွက် မြန်မာအရေး တာဝန်ခံ တဦး ခန့်အပ်ရန် တို့ ပါဝင်သည်။ ထိုမှတဆင့် မြန်မာ့အရေး အပေါ် နိုင်ငံစုံ ပူးပေါင်းပါဝင်လာရေး အတွက် အမေရိကန် ဖက်မှ ခိုင်မာသည့် တာဝန်ယူမှု ကို ပြသနိုင်ရန် ပေါ်လစီ ရေးရာ ပိုင်းတွင်ဆက်လက် ညှိနှိုင်း တာဝန်ယူသွားရမည် ဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်များ အတွက် နိုင်ငံခြားရေး ဝန်ကြီးမှ ရက်ပေါင်း ၉၀ အတွင်း ကွန်ဂရက်သို့ အစီရင်ခံစာ တင်သွင်းရန် တို့ ပါဝင်သည်။

နယူးယောက် ဒီမိုကရက် အောက်လွှတ်တော် အမတ် ဂရီဂိုရီ မိစ်၊ အိုဟိုင်ယို ပြည်နယ် အထက်လွှတ်တော် အမတ် စတိ ချက်ဗော့၊ မေရီလန်း အထက်လွှတ်တော် အမတ် ဘင်ဂျမင် ကာဒင်တို့ မှ ဦးဆောင် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ အား ဆက်လက် အရေးယူသွားရေး အတွက် လမ်းပြမြေပုံကြီး ဖြစ်လာခဲ့ရပေသည်။ သမ္မတ ဘိုင်ဒင် အစိုးရ အတွက် ‌ရေနံ ကုမ္ပဏီကြီး များ၏ လော်ဘီ သမား များ၏ စကား အစား မြန်မာ ပြည်သူများ အရေး အတွက် ရေနံ နှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း များ အား အရေးယူ ပိတ်ဆို့ဒဏ်ခတ်နိုင်ရန် တွန်းအား ဖြစ်လာခဲ့သည်။

“နိုင်ငံ အတွင်း အသေအပျောက် ပို၍ ပို၍ များလာနေသည်နှင့် အမျှ မြန်မာ ပြည်၏ ကံကြမ္မာ အပေါ် အမေရိကန် ပြည်ထောင်စု အနေဖြင့် လစ်လျူ ရှု၍ မဖြစ်တော့” ဟု ဘင်ဂျမင် ကာဒင်က သူ၏ ကြေညာ ချက်ထဲတွင် ဖေါ်ပြထားသည်။

ထိုသို့ ဖြစ်လာရသည်မှာ ပြည်တွင်း ပြည်ပရှိ အရပ်ဖက် အဖွဲ့အစည်း အသီးသီး နှင့် ကုလ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့၏ ကြိုးပမ်းအားထုတ်ခဲ့မှုသည်လည်း တကြောင်း အပါအဝင် ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

ပြင်သစ် အထက်လွှတ်တော်ကလည်း အမျိုးသား ညီညွတ်ရေး အစိုးရ ကို တညီတညွတ်တည်း သဘောတူ အတည်ပြုလိုက်ပြီ ဖြစ်၍ နိုင်ငံတကာမှ ထိုသို့ အသိအမှတ်ပြုလာရန် ဦးဆောင် လမ်းဖွင့် ပေးလိုက်ပြီ ဖြစ်သဖြင့် ပြည်သူတို့ အတွက် ကြီးမားသော အောင်ပွဲ ဖြစ်လာခဲ့ရသည်။

အာဏာသိမ်း ကောင်စီကို ကမ္ဘာအလုပ်သမား အဖွဲ့ချုပ်၊ ကမ္ဘာကျန်းမာရေး အဖွဲ့ကြီး နှင့် ကုလ စားနပ်ရိက္ခာ အဖွဲ့ချုပ်တို့မှလည်း ဖယ်ကျဉ်ထားခဲ့ကြပြီး ဖြစ်သည်။

နောက်ထပ် အရှက်တကွဲ ဖြစ်ခဲ့ရသည်မှာ ယူကရိန်း တွင် တည်ဆောက်နေသော ဖရီးဂိတ် စစ်သင်္ဘော တည် ဆောက်ရေး လုပ်ငန်း အတွက် သွားရောက်ခဲ့သော မြန်မာစစ်ဖက်အရာရှိ ၁၈ ဦးသည် ယူကရိန်းသို့ ဝင်ခွင့်မရဘဲ လေဆိပ်မှာ သောင်တင်နေခြင်းပင် ဖြစ်သည်။ လေဆိပ်တွင် နှစ်ညတာ အိပ်ခဲ့ရပြီး နောက် မလေးရှားသို့ ပြန်၍ ဗီဇာ ပြန်လျှောက်ရန် ရောက်ရှိလာပြီး ယူကရိန်း ဗီဇာ လျှောက်ရန် ကြိုးစားနေဆဲ ဖြစ်သည်ဟု Justice for Myanmar (JFM) သတင်းကို ကိုးကားပြီး မြန်မာနောင်းတွင် ဖေါ်ပြထားသည့် သတင်းပင် ဖြစ်သည်။ JFM မှ ယူကရိန်း အာဏာပိုင်များအား ဝင်ခွင့် မပေးရန် မေတ္တာရပ်ခံခဲ့သည်ဟုလည်း ဆိုသည်။

ယူကရိန်းသည် မြန်မာ အား စစ်သည်တင် သံချပ်ကာ ယာဉ်များ၊ အပေါ့စား တင့်ကားများ နှင့် ဟောင်ဝစ်ဇာ အမြှောက်များကို တင်ပို့ ရောင်းချနေသော နိုင်ငံဖြစ်၍ လူ့အခွင့်အရေး အဖွဲ့များ၏ အဓိက ပြစ်မှတ် ဖြစ်လာခဲ့ရသည်။

အာဏာသိမ်း အဖွဲ့ အတွက် နောက်ထပ် ဘေးကြပ်နံကြပ် ဖြစ်လာရသည်မှာ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ မှ အောက်လွှတ်‌တော်တွင် စစ်ကောင်စီ အနေဖြင့် အာဆီယံ နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း မရှိပါလျှင် အာဆီယံ အနေဖြင့် အမျိုးသား ညီညွတ်‌ရေး အစိုးရ နှင့် စတင် ဆွေးနွေးရန် စဉ်းစားနေပြီ ဟု ထည့်သွင်း ပြောဆိုသွားခဲ့လေသည်။

ယခင်ကလည်း မင်းအောင်လှိုင်အား ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခွင့် မပြုဟု ခြိမ်းခြောက်ထားခဲ့ပြီး လည်း ဖြစ်သည်။ ထိုသို့ တက်ရောက်ခွင့် မပြုရေးကို အဖွဲ့ဝင် နိုင်ငံများ အကြား အလေး အနက်ထား ဆွေးနွေး နေပြီ ဖြစ်သည်ဟု အာဆီယံ အထူးသံတမန် အာဝမ် ယူဆွတ်က ထပ်မံ အတည်ပြု ပြောကြားခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ဆုံခွင့်ရရန် အာဆီယံ အထူးသံတမန် ၏ တောင်းဆိုမှု ကို စစ်တပ်မှ လူသိ ရှင် ကြားပယ်ချခဲ့ပြီး နောက် အာဆီယံ မှ ယခုလို တင်းတင်းမာမာ ဆက်ဆံလာခြင်းပင် ဖြစ်သည်။ မြန်မာ အပေါ် ယခင် အတွေ့အကြုံများအရ အပြုသဘော ဆောင်သော ထိတွေ့ဆက်သွယ်မှု ဆိုသည့် ချဉ်းကပ်မှုသည် မဆိုသလောက်သာ အကျိုးရှိခဲ့သည်ကို သဘောပေါက်ထားခဲ့ကြပြီး ဖြစ်သည်။

စစ်အာဏာသိမ်း အဖွဲ့ အဖို့ အာဆီယံမှ ပေယျာလကန် ပြုလိုက်ပါက ရှေ့လျှောက် အကြီးအကျယ် ထိခိုက် နစ်နာ ဆုံးရှုံးရတော့မည့် အပြင် စိတ်ဓါတ်ရေးရာ အရလည်း အလဲထိုး ခံရတော့မည် ဖြစ်သည်။

စစ်အာဏာသိမ်း အဖွဲ့သည် လူထု၏ တခဲနက် ထောက်ခံမှု ရနေသော အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံတကာ စင်မြင့်တွင် အခိုင် အမာ ပေါ်ထွက်လာခဲ့ပြီး ဖြစ်သည့် အနေအထား နှင့် မျှော်လင့်မထားဘဲ ရင်ဆိုင်လာနေရပြီ ဖြစ်သည်။

ယင်းနှင့် အတူ မိမိတို့ ပြည်သူများ အပေါ် ပြန်၍ အကြမ်းဖက် သတ်ဖြတ်နေမှု များ ဆက်တိုက် ကျူးလွန်လာ နေသည့် စစ်အာဏာသိမ်း အဖွဲ့အတွက် ကုလ သမဂ္ဂ တွင် ၎င်းတို့ ကိုယ်စားလှယ်အား အသိအမှတ် ပြုခံရရေး သည် လွန်စွာ နည်းပါးနေသည့် အနေအထား နှင့် ကြုံနေရပြီ။ ကုလသမဂ္ဂတွင် အသိအမှတ် ပြုခံရ ရေးသည် မိမိတို့ စစ်အာဏာသိမ်း အုပ်ချုပ်နေမှု အပေါ် နိုင်ငံတကာ က လက်ခံလိုက်ခြင်း ဆိုသည့် သဘော ဆောင်နေ၍ ၎င်းတို့ အတွက် လွန်စွာ မှ အရေးကြီးနေခဲ့သည်။ ထိုသို့ ကုလမှ လက်ခံလိုက်ပြီ ဆိုလျှင် အခြား ကုလ လက်အောက်ခံ အဖွဲ့အစည်း များ မှ တဆင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ကိုပါ ရရှိခံစား ရတော့မည် ဖြစ်သည်။

ပြီးခဲ့သည့် ကုလသမဂ္ဂ၏ နှစ်ပတ်ကြာ ကျင်းပခဲ့သော မင်းပေါင်းစုံ ညီလာခံ တွင် အားလုံးက အဖွဲ့ကြီးအား ယုံကြည် စိတ်ချ အားကိုး ရလောက်အောင် နိုင်ငံစုံမှ ပူးပေါင်းဆောင်ရွက်ကြရန် ပြောဆိုလာခဲ့ကြသည်။ ကုလ အတွင်းရေးမှူး ချုပ်ကလည်း မြန်မာ နိုင်ငံ အတွင်း အကြမ်းဖက်မှုများကို နိုင်ငံတကာ မှ အလျှင်အမြန် တုံ့ပြန်ပေးကြပါရန် ပန်ကြားထားခဲ့ပြီးလည်း ဖြစ်သည်။

NUG ၏ သံတမန် နှင့် စစ်ရေး ထိုးစစ်ကြီးကြောင့် စစ်အာဏာသိမ်း အဖွဲ့ အနေဖြင့် ဟန်ကိုယ့်ဖို့ သာ လုပ်နေ ရသော်လည်း ဘက်ပေါင်းစုံတွင် အပြင်းအထန် အကြပ်ရိုက်လာနေပြီ ဖြစ်သည် ကတော့ ငြင်း၍မရအောင် အထင်အရှား ဖြစ်လာနေပေပြီ။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!
Image Credit – The Economist (UK)

Hla Soe Wai