Local News

အမေရိကားကအမတစ်ယောက် Video Call ခေါ်လာတဲ့ အကြောင်းပြောပြလာတဲ့ ပန်ဆယ်လို

အမေရိကားကအမတစ်ယောက် Video Call ခေါ်လာတဲ့ အကြောင်းပြောပြလာတဲ့ ပန်ဆယ်လို

အမေရိကားက တိုင်းရင်းသူအမတစ်ယောက် Video Call ခေါ်လာတယ်။ မြန်မာစကားကို သိပ်မတတ်ပေမယ့် ကြိုးစားပြောရှာတယ်။

စစ်အာဏာရှင်ကို တစ်တိုင်းပြည်လုံးတော်လှန်နေတာ ပြည်သူတွေကို ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း ပြောတယ်။ သူတို့တုန်းက စစ်အာဏာရှင်တွေ ဘယ်လိုနှိပ်စက်တယ်ဆိုတဲ့အကြောင်း၊ ပြည်သူတွေ မသိကြဘူးဆိုတဲ့အကြောင်း။

သူ့အဒေါ် အမျိုးသမီးတစ်ယောက်ဆို ကလေးမွေးပြီး ဆယ်ရက်ပဲရှိသေးတယ်။ သွေးနုသားနုနဲ့ကို ဗမာစစ်သားတွေက မုဒိမ်းကျင့်ခဲ့တယ်။ အသက်သေခဲ့ရတယ်တဲ့။

ရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဆန်ထောင်းတဲ့ဆုံထဲထည့်ပြီး ဗိုက်ကိုထောင်းတယ်။ ကလေးထွက်ကျပြီး အမေရော ကလေးရော အသက်ဆုံးရှုံးတယ်။ ဗမာတွေ ဝင်လာပြီဟေ့ဆိုရင် အမတို့ တစ်ရွာလုံး ပြေးကြရတယ်တဲ့။

ဗမာလူမျိုးကို မုန်းတာမဟုတ်ပါဘူး။ ဒါပေမယ့် ဗမာဆို စစ်သားပဲ မြင်ဖူးတာဆိုတော့ ဗမာဆိုတဲ့ စကားလုံးကို အခုထိ ကြောက်နေတုန်းပဲတဲ့။ သူတို့မိသားတစ်စုလုံးမှာ သူတစ်ယောက်ပဲ လွတ်မြောက်လာခဲ့တာ။

တစ်မိသားစုလုံး ဗမာစစ်သားတွေသတ်လို့ သေခဲ့ရတယ်တဲ့။ သူ့အမျိုးသားဆို ဗမာကို မုန်းလွန်းလို့ ဗမာစကားကို လုံးဝမပြောဘူးတဲ့။ တတ်ထားဖူးတဲ့ ဗမာစကားတောင် ရအောင် မေ့ပစ်တာတဲ့။

အခု ဗမာလူမျိုးတွေကပါ စစ်အာဏာရှင်ကို တော်လှန်နေတာ မြင်ရတာ ကျေးဇူးတင်တယ်။ ဒီတစ်ခေါက်တော့ လွတ်မြောက်ပါရစေ။ အိမ်ပြန်ရောက်ဖူးချင်ပါပြီတဲ့။

ပြောရင်း ငိုလိုက်တာ။ ကိုယ့်မှာ နှစ်သိမ့်စရာ စကားကို မရှိ။ ကိုယ်ပါ ငိုချင်လာလို့ မနည်းထိန်းနေရတယ်။

ဒီစကားတွေကို အရင်က ကြားဖူးခဲ့ပေမယ့် အပြည့်အဝမယုံမိခဲ့ဘူး။ မယုံဘူးဆိုတာကလည်း လူသားတစ်ယောက်ရဲ့ ယုတ်မာရက်စက်နိုင်စွမ်းကို ကျော်လွန်နေတာကြောင်း အဲ့လောက်ဟုတ်ပါ့မလားလို့ တွေးမိခဲ့တာမျိုး။ အခုတော့ ယုတ်မာရက်စက်မှုတွေကို မျက်ဝါးထင်ထင်မြင်ရတဲ့အခါ ဟုတ်ပါ့မလားလို့ နှစ်ခါတွေးစရာကို မလိုတော့တာ။

ဒီတစ်ခေါက်တော့ အမြစ်ဖြုတ်နိုင်မှ ဖြစ်မှာ။ ငါတို့နိုင်ငံတော်ကို ငါတို့ ပြန်ရမှ ဖြစ်မယ်။ ငါတို့သွေးချင်းတွေကို ဒီလိုစေတန်တွေကြားမှာ ဆက်နေနေရဖို့ မဖြစ်နိုင်တော့။

တန်းတူရည်မျှမှုတွေနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ပြီး တိုင်းရင်းသားလူမျိုးစုအားလုံး ငြိမ်းချမ်းနွေးထွေးနိုင်ဖို့ ဒီတစ်ခေါက် အပြီးရုန်းကြမှ ဖြစ်မှာ။

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ကြမယ်။ တစ်နေရာ ကွက်အေးတာနဲ့ ဒီနွေကို မပူဘူးထင်နေရင် မကြာခင် ပိုတောက်လောင်လာတော့မှာ။

ဒီတစ်ခေါက် အပြတ်ရုန်းကြရအောင်ပါ။

ပန်ဆယ်လို

About the author

admin

Add Comment

Click here to post a comment