Local News

အာဆီယံက မိမိတို့မလိုက်လျောနိုင်တာကို တောင်းဆိုနေကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ပြော

အာဆီယံက မိမိတို့မလိုက်လျောနိုင်တာကို တောင်းဆိုနေကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ပြော

အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေမှာ ညှိနှိုင်းလို့မရတာတွေရှိနေပေမယ့် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်ဖြစ်တာကြောင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၁၈ ရက် ဒီနေ့ ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

သီတင်းကျွတ်အထိမ်းအမှတ်အဖြစ် စစ်တပ်ပိုင် မြဝတီမီဒီယာနဲ့ မြန်မာအသံ မီဒီယာတွေကနေ ဒီနေ့ ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံမိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပေမယ့် ဘယ်လိုအချက်တွေ ဆိုတာကိုတော့ တိတိကျကျ မပြောထားပါဘူး။

”အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်လာရေး ကိစ္စမှာ အဆိုပြုတောင်းဆိုချက် အမျိုးမျိုး ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် ညှိနှိုင်းဆွေးနွေးနေရဆဲဖြစ်ပါတယ်။ နိုင်ငံတခုဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေးကို ပိုင်းခြားခွဲဝေပြီး ဆောင်ရွက်ပါတယ်။

လိုအပ်ချက်အရ သီးခြား ထုတ်ပြန်တဲ့အမိန့်နဲ့ ဥပဒေများမှ အပ ပိုင်းခြားဆောင်ရွက်မှုအတိုင်း လုပ်ကြရတာဖြစ်ပါတယ်။ အာဆီယံကိုယ်စားလှယ်ရဲ့တောင်းဆိုမှုတွေမှာ ညှိနှိုင်းလို့ မရတာတွေရှိနေတယ်ပါတယ်။

ဘယ်လိုပဲဖြစ်စေ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ဖော်ဆောင်ဖို့အတွက် အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တွေ့သင့်တွေ့ထိုက်သူတွေကို တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်က လိုက်လျောမှုမရှိတာကြောင့် ခရီးစဉ်ပျက်သွားခဲ့ပါတယ်။

CRPH နဲ့ NUG တို့ရဲ့လှုံ့ဆော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)အချို့ရဲ့ပါဝင်ပတ်သက်မှု၊ အားပေးမှုတွေနဲ့ အကြမ်းဖက်မှုတွေ ပိုဖြစ်လာချိန်မှာ ဒီအခြေအနေကို ဘယ်သူမှ ဟန့်တားထိန်းသိမ်းတာမတွေ့ရသလို တစ်ဖက်သတ်တောင်းဆိုမှုတွေနဲ့

ဒီပြဿနာကို ဖြေရှင်းနေရတယ်လို့ သူကပြောပါတယ်။ ဒါ့ကြောင့် အာဆီယံအနေနဲ့ ဒါကို ဆောင်ရွက်ပေးဖို့ လိုတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြောသွားပါတယ်။

“သူတို့အကြမ်းဖက် လုယက်သတ်ဖြတ် ဖျက်ဆီးတာတွေကို ဘယ်သူမှ အလေးအနက်ထား ဟန့်တား ထိန်းသိမ်းမှုတွေ ပြုလုပ်တာ မတွေ့ရပါဘူး။ ကျနော်တို့ကိုပဲ တောင်းဆိုမှုတွေပြုလုပ်ပြီးမှ ကျနော်တို့ပဲ ရှင်းလင်းမှုတွေ လုပ်နေရတာဖြစ်ပါတယ်။ ဒါကို အာဆီယံအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုမယ်လို့ ကျနော်ပြောလိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အာဆီယံအနေနဲ့ စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် မဖော်နိုင်ဘူးဆိုပြီး အခုလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိပြုလုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ခွင့်မပေးဘဲ နိုင်ငံရေးနဲ့မပတ်သက်တဲ့ ကိုယ်စားလှယ်တစ်ဦးကိုပဲ ဖိတ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲလိုဆုံးဖြတ်ချက် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ စစ်ကောင်စီဥက္ကဋ္ဌက ရုပ်သံကနေ အာဆီယံနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အခုလို ပြောလာတာလည်းဖြစ်ပါတယ်။

ဒီနေ့ မိန့်ခွန်းထဲမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံပြီး အကျဉ်းကျနေသူ ၁၃၁၆ ဦးနဲ့ အမှုရင်ဆိုင်နေရဆဲ ၄၃၂၀ ဦး စုစုပေါင်း ၅၆၃၆ ဦးကိုလည်း အမှုပိတ်သိမ်းပြီး လွှတ်ပေးကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။

Living Myanmar

About the author

admin

Add Comment

Click here to post a comment