Local News

အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်အုပ်စုခေါင်းဆောင်ကိုမဖိတ်ဖို့နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးမည်

အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်အုပ်စုခေါင်းဆောင်ကိုမဖိတ်ဖို့နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးမည်

အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ စစ်အုပ်စုခေါင်းဆောင်ကိုမဖိတ်ဖို့ မနက်ဖြန် အောက်တိုဘာလ ၁၅ရက်နေ့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

မနက်ဖြန်အစည်းအဝေးနဲ့ပတ်သက်ပြီး သံတမန်အသိုင်းအဝိုင်းဆီကသိရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးကို ဒီလ ၂၆ရက်ကနေ၂၈ရက်နေ့အထိကျင်းပမှာဖြစ်ပြီး အခုအစည်းအဝေး ကျင်းပဖို့ ၁၀ရက်ကျော်သာကျန်တော့တဲ့အချိန်မှာ မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး တက်ခွင့်မပေးရေးဟာ ဒေသတွင်းကိုကျော်လွန်ကာ နိုင်ငံတကာအသိုင်းအဝိုင်းကပါ ပြောဆိုလာကြတာပါ။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ဒါတိုအာရီဝန် ယူဆွတ်ရုံးရဲ့ အခုရက်ပိုင်းအတွင်းထုတ်ပြန်ချက် ထဲမှာတော့သူ့အနေနဲ့ မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်သူအားလုံးနဲ့ တွေ့ခွင့်မပေးပါက မြန်မာနိုင်ငံကို သွားရောက်မှာမဟုတ်ဘူးလို့ဆိုပါတယ်။

အာဆီယံအထူးသံတမန်နဲ့ အောက်တိုဘာ၁၂ရက်နေ့၊နေပြည်တော်မှာတွေ့ဆုံဆွေးနွေးဖို့ စစ်အုပ်စုလောင်းရိပ် အောက်က ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီ၈ခုကို ဖိတ်ကြားထားခဲ့ပေမဲ့ အထူးသံမြန်မာနိုင်ငံကို ရောက်မလာ တဲ့အတွက် ပွဲပျက်သွားပါတယ်။

စစ်အုပ်စုအနေနဲ့ အထူးသံကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မပြုတာကြောင့် မြန်မာနိုင်ငံခရီးစဉ်ကို ဖျက် လိုက်ကြောင်းသတင်းထွက်ပေါ်နေပေမဲ့ အာဆီယံအထူးသံရော စစ်အုပ်စုကပါ အတိအလင်းထုတ်ဖော်ပြော ကြားခဲ့ခြင်းမရှိပါဘူး။

စစ်အုပ်စုကတော့ အာဆီယံအထူးသံတမန်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ညှိနှိုင်းနေဆဲဖြစ်ပြီး လုံးဝပျက်သွားတာ မျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။

အထူးသံတမန်ရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာနိုင်ငံသို့ သွား၊မသွား ထုတ်ပြန်ထားခြင်းမရှိပေမဲ့ အာဆီယံဘုံသဘောတူညီချက် ၅ရပ် နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ထားဆဲ လို့ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံဘယ်ခရီးစဉ်မဆိုဟာ မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ရရေးအပေါ် မူတည် တယ်လို့လည်း ပြောထားပါတယ်။

စစ်အုပ်စုအနေနဲ့အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘူးဆိုရင် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာကို ဖိတ်ကြားခြင်းမပြုမယ့် အလားအလာရှိနေတယ်လို့ Johns Hopkins တက္ကသိုလ် နိုင်ငံတကာရေးရာဌာနက မြန်မာ့အရေးကျွမ်းကျင်သူ Vikram Nehru က ဗွီအိုအေကိုပြော ကြားထားပါတယ်။

လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ” အဖွဲ့ (APHR )က မနေ့က အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ခေါင်းဆောင်(မြန်မာမပါ)တွေဆီ ပေးပို့တဲ့ အိတ်ဖွင့် ပေးစာထဲမှာတော့ အာဆီယံ ထိပ်သီး အစည်းအဝေး ပြုလုပ်တဲ့ အခါ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ထည့်သွင်း ဖိတ်ကြားတာ မလုပ်ဘဲ ချန်ထားခဲ့ဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီ စာကို မြန်မာ အရပ်ဖက် အဖွဲ့တွေ၊ ဒေသတွင်း အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ စုစုပေါင်း ၅၂ ဖွဲ့ ကလည်း လက်မှတ် ရေးထိုးထားပါတယ်။

မြန်မာပြည်သူတွေ အပေါ် ကျူးလွန်တဲ့ စစ်အုပ်စုရဲ့ ပြင်းထန်ဆိုးရွားတဲ့ ရက်စက်မှုတွေကို အဆုံးသတ်နိုင်အောင် အာဆီယံ အနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချမှတ် ဖို့ တိုက်တွန်းထားသလို အာဆီယံဟာ ဘယ်လောက် ယုံကြည်ဖွယ် ကောင်းတဲ့ အဖွဲ့အစည်း လဲ ဆိုတာဟာ မြန်မာအရေးနဲ့ ပတ်သက်ပြီး ဘယ်လို ပြုမူသလဲ ဆိုတဲ့ အပေါ် လုံးလုံးလျားလျား မူတည်နေပြီလို့လည်း အဲဒီ စာထဲမှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဩစတြေးလျနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေက လည်း မြန်မာစစ်အုပ်စု၏လုပ်ရပ်တွေဟာ အာဆီယံပဋိညာဉ်ထဲမှာပါတဲ့ အာဆီယံရဲ့တန်ဖိုးထားမှုတွေအားလုံး ကို တစ်ခုမှ မလိုက်နာတဲ့အတွက် အာဆီယံထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင်တက်ရောက်ဖို့ မဖိတ်ကြားသင့် ဘူးလို့ ဆိုပါတယ်။

‘အရင်ကလည်းမဖိတ်သင့်ပါဘူး။အခုလည်းမဖိတ်သင့်ပါဘူး။ဒါ့အပြင် အာဆီယံအစည်းအဝေးတက်ရောက်ခွင့် တွေအားလုံးကို ရပ်ဆိုင်းထားသင့်တယ်’လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံအရေးဟာ ပြည်တွင်းရေးမဟုတ်သလို ဒေသတွင်းအရေးတင်မက ကမ္ဘာ့အရေးတောင်ဖြစ်နေတာ ကြောင့် အာဆီယံရဲ့မူတစ်ခုဖြစ်တဲ့ နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေးမူနဲ့ လုံးဝမသက်ဆိုင် ကြောင်းလည်း ဒေါက်တာထွန်းအောင်ရွှေကပြောပါတယ်။

‘အာဆီယံရဲ့တန်ဖိုးထားမှုတွေအရလည်း စစ်ကောင်စီကို ဒီအစည်းအဝေးဖိတ်စရာအကြောင်းမရှိဘူး။နိုင်ငံရေး ဒေသတွင်းအရေးအရလည်း မဖိတ်တာက အာဆီယံအတွက်ကောင်းမယ်လို့ထင်ပါတယ်’လို့ သူကဆက်ပြောပါ တယ်။

DeltaNewsAgency