Local News

အာဆီယံအစည်းအဝေးများ၌ မြန်မာစစ်ကောင်စီကို ဖိတ်ကြားသင့်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော

အာဆီယံအစည်းအဝေးများ၌ မြန်မာစစ်ကောင်စီကို ဖိတ်ကြားသင့်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ၎င်းအနေဖြင့် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် ဆွေးနွေးရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားလိုက်သည်။

ထို့ပြင် အာဆီယံအစည်းအဝေးများသို့ အာဏာသိမ်းစစ်ကောင်စီ တာဝန်ရှိသူများကို ဖိတ်ကြားသင့်သည်ဟုလည်း ၎င်းက ပြောဆိုသွားခဲ့သည်။

ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုကြောင့် ၁၀ နိုင်ငံပါ အာဆီယံအုပ်စုတွင် အဖွဲ့ဝင်တစ်နိုင်ငံအဖြစ် မြန်မာ၏ ရပ်တည်မှုသည် အများအာရုံစိုက်စရာ ဖြစ်ခဲ့သည်။

ယင်းနောက် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဘရူနိုင်းက အိမ်ရှင်အဖြစ် ကမကထပြုကျင်းပသည့် အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် မြန်မာအာဏာသိမ် ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ကြားခံခဲ့ရခြင်း မရှိပေ။

သို့ရာတွင် ကမ္ဘောဒီးယားအနေဖြင့် လာမည့်နှစ်အတွက် အာဆီယံအုပ်စု၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဒေသတွင်းအုပ်စု၏ အိမ်ရှင်နိုင်ငံအဖြစ် ကမကထပြုဆောင်ရွက်မည်ဖြစ်ရာ အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးကို ကိုယ်စားပြုမည်ဟု ဟွန်ဆန်က ဒီဇင်ဘာ ၆ ရက်တွင် ရိုးတိုး ရိပ်တိပ်ပြောဆိုခဲ့သည်။

“ဒါက အာဆီယံရဲ့ မိသားစုဝင်တစ်နိုင်ငံဖြစ်ပါတယ်၊ သူတို့အနေနဲ့ အစည်းအဝေးတွေကို တက်ရောက်ဖို့ အခွင့်အရေး ရှိရပါလိမ့်မယ်” ဟု ဟွန်ဆန်က တရုတ်ငွေကြေးထောက်ပံ့သည့် ဆောက်လုပ်ရေးစီမံကိန်းတစ်ခုအတွက် ဖွင့်ပွဲအခမ်းအနားတစ်ခုအတွင်း ပြောခဲ့သည်။

စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးသည် အင်္ဂါနေ့တွင် ကမ္ဘောဒီးယားသို့ လာရောက်ရန် ရှိနေသလို ဟွန်ဆန်က ၎င်းသည်လည်း မြန်မာသို့ မကြာမီ သွားရောက်နိုင်ခြေ ရှိသည်ဟု မှတ်ချက်စကားများထဲတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။

“ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ အတူ အလုပ်လုပ်ဖို့အတွက် သူနဲ့ တွေ့ဖို့ ကျွန်တော် နေပြည်တော်သွားဖို့နဲ့ပတ်သက်လို့ အားကောင်းတဲ့ ဖြစ်နိုင်ခြေတစ်ခု ရှိပါတယ်၊

တကယ်လို့ ကျွန်တော့်အနေနဲ့ ခေါင်းဆောင်ပိုင်းနဲ့ အလုပ်မလုပ်ရင် ကျွန်တော် ဘယ်သူနဲ့အတူ လုပ်နိုင်မှာလဲ” ဟု ဟွန်ဆန်က ပြောခဲ့သည်။

ဟွန်ဆန်သည် အာဆီယံ၏ ကာလရှည် စွဲကိုင်ထားသည့် တစ်နိုင်ငံ၏ ပြည်တွင်းရေး ဝင်မစွက်ရေးဆိုသည့် ကွန်ဗန်းရှင်းကို ရည်ညွှန်းပြောဆိုခဲ့ပြီး “အာဆီယံ ပဋိညာဉ်အောက်မှာ ဘယ်သူကမှ အခြားအဖွဲ့ဝင်နိုင်ငံကို ထုတ်ပယ်ခွင့် မရှိပါဘူး” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက်က နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရကို မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က ဖြုတ်ချပြီး မတရားအာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံသည် အကျပ်အတည်းတွင်း ကျရောက်နေခဲ့သည်။