Local News

အာဆီယံ က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စ, ကျဉ်ပြီ

အာဆီယံ က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စ, ကျဉ်ပြီ

လိုက်နာပါမည်ဟု နိုင်ငံ ကိုးနိုင်ငံ၏ အကြီးအကဲများ‌ ရှေ့တွင် ကတိပေးခဲ့သော မင်းအောင်လှိုင်သည် လေးလ နီးပါး ကြာမြင့်လာသည့် အတိုင် အနည်းဆုံး တောင်းဆိုထားသည့် အာဆီယံ အထူးသံတမန် နှင့်ပင် ပူးပေါင်းဆောင်ရွက်လာခြင်း မရှိသဖြင့် စိတ်ပျက်မိကြောင်းနှင့် ၎င်းအား လာမည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ဖို့ ဖိတ်ကြားရန် ခက်ခဲလိမ့်မည်ဟု မလေးရှား နိုင်ငံ ခြားရေး ဝန်ကြီး ဒါတွတ် ဆိုင်ဖူဒင် အဗ္ဗဒူလာမှ တွစ်တာ တွင် ရေးသားလာခဲ့ပြီ ဖြစ်သည်။

အာဏာသိမ်း ကောင်စီ မှ အာဆီယံ အထူး သံတမန် အာဝမ် ယူဆွတ်၏ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် တောင်းဆိုမှု ကို ပယ်ချလိုက်ပြီးနောက် ယခုလို စကား ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

အာဏာသိမ်း အဖွဲ့က ဒုသမ္မတ ဦးဗန်သီယူး၊ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ် တို့နှင့် တွေ့ဆုံခွင့် ပြုမည်ဟု ကမ်းလှမ်းကြောင့် သိရသည်ဟု ဧရာဝတီ သတင်းက ဆိုသည်။

အာဝမ် ယူဆွတ်သည် ၎င်း၏ အစီရင်ခံစာကို လာမည့် နိုဝင်ဘာလ တွင် ကျင်းပရန် ရှိနေသည့် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တင်သွင်းရန် ရှိနေပြီး စာမျက်နှာ တမျက်နှာ ကုန်အောင်ပင် မည်သို့ ရေးရမသိ ဖြစ်လာနေပေပြီ။

မြန်မာ အရေးကို ဖြေရှင်းရန် တကမ္ဘာလုံး၏ လွှဲချထားခြင်း ခံနေရသော အာဆီယံသည် နိုင်ငံတွင်း အခြေ အနေ ဆိုးလာသည် နှင့် အမျှ ခေါင်း မဖေါ်ဝံ့အောင် ဖြစ်လာနေသည့် အတွက် ၎င်းတို့နှင့် လာမပတ်သက်နှင့်တော့ ဟု ပြောလိုက်ခြင်းပင် ဖြစ်သည်။ ရောက်လာပါကလည်း ဝါဒဖြန့်နိုင်ရန် ၎င်းတို့နှင့် ဓါတ်ပုံ အတူ တွဲရိုက်၊ ပြီးလျှင် လိမ်ညာပြောကာ ပြန်သွားမည် ဖြစ်သည်၊ နောက်တကြောင်း ယူဆစရာ ရှိလာနေသည်က ၎င်း၏ ပြောဆိုနေမှုများကို ကြည့်၍ စိတ်မမှန်တော့ဟု တွက်ဆလာနိုင်၍လည်း ဖြစ်ပေမည်။

မင်းအောင်လှိုင်သည် ၎င်းတို့လူများ ကို အားပေးရန် တိုင်းပြည်ကြီး သာယာဝပြောနေဟန် ပြောဆိုနေမှုများသည် နိုင်ငံတကာ မှ ၎င်းအပေါ် တမျိုးယူဆနိုင်စရာ ရှိလာနိုင်သည်ကို ရိပ်စားမိပုံ မရပေ။

မင်းအောင်လှိုင်သည် အာဆီယံကို အကာအကွယ်ပြုကာ ကမ္ဘာဇာတ်ခုံ ပေါ်သို့ ခွေးတိုးပေါက်မှ တိုးဝင်ရန် ရည်ရွယ်ထားသော်လည်း ယခုအတိုင်းဆိုပါက အာဆီယံ၏ ဖယ်ကျဉ်မှုကိုပင် ခံနေရပြီ ဖြစ်သည်။ ဤသည်ကပင် အာဏာသိမ်း ကောင်စီ အတွက် အိမ်မက်ဆိုးကြီးပင် ဖြစ်ပေတော့သည်။

ထိုသို့ အရေမရ အဖတ်မရ ပြောဆိုနေကြချိန်တွင်နိ့င်ငံတွင်းရှိ ပြည်သူတို့၏ ခုခံစစ် ပွဲသည် အရှိန် မြင့်တက်လာနေပြီ ဖြစ်သည်၊ ပြည်တွင်းရှိ အထင်ကရ မီဒီယာများ၏ သတင်းများအရ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းများ အတွင်း PDF တပ်ဖွဲ့ နှင့် တနင်္ဂနွေနေ့ တရက်တည်း ၃၇ ကြိမ်တိုင်တိုင် ထိ‌တွေ့ တိုက်ပွဲများ တွင် တရက်တည်း အာဏာသိမ်း စစ်ကောင်စီ တပ်သား ၁၀၀ ခန့် သေဆုံးသွားကြောင်း သိရသည်။

အမေရိကန် တပ်များအား ကောင်းစွာ ဒုက္ခပေးနိုင်ခဲ့သည့် မြေအောက် ဥမင်လှိုင်ခေါင်းများ တူးဖေါ် ၍ စခန်းချခြင်း၊ လက်ပစ်ဗုံးများကို မြေမြုပ်မိုင်း အဖြစ် အသုံးပြုခြင်းများ အထိ နောက်ပိုင်းတွင် စဉ်းစားလာကြမည်လည်း ဖြစ်သည်။

(၂) စဉ်းစားလို့ ရသမျှ အမှု ပေါင်း မျိုးစုံ နှင့် တပတ်လျှင် သူမအား နှစ်ကြိမ်မျှ တံခါးပိတ် ခေါ်ယူ စစ်ဆေးနေမှု ကို ကျန်းမာရေး အတွက် တကြိမ် လျော့ချပေးရန် နိုင်ငံ‌ တော် အတိုင်ပင်ခံမှ တောင်းဆိုခဲ့သည်ဟု သိရသည်။

ထိုသို့ တောင်းဆိုသည့် အတွက် မိမိကျန်းမာရေး အား ပြည်သူများ အနေဖြင့် စိတ်ပူပန်ခြင်း မရှိရန်၊ တရားရုံးတွင် မလှုပ်မယှက် ထိုင်နေရသည့် အတွက် အညောင်းမိလာ၍ ဖြစ်ကြောင်း ရှေ့နေကြီးများမှ တဆင့် စကားပါးခဲ့သည်။

သူမအပေါ် လုပ်ကြံစွပ်စွဲထားသည့် အကျင့်ပျက် ခြစား မှု များ အတွက် ချေပရန် တိကျသည့် မြန်မာစကားပင် ရှာမရတော့သည့် အတွက် မြန်မာလို အနီးစပ်ဆုံး မဟုတ်တမ်းတရားတွေ ဟုအဓိပ္ပါယ်ကောက်၍ ရသည့် “All Absurd” ဆိုသော သိုးဆောင်းစကားဖြင့်သာ တုန့်ပြန်သွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရားရုံးသို့ လာရောက် နေခြင်းသည် ၎င်းတို့ တရားစီရင်ရေး ကို အသိအမှတ် ပြုနေခြင်း မဟုတ်ပဲ မိမိအား လုပ်ကြံ စွပ်စွဲကာ ဖမ်းဆီးထားသည်ကို ကမ္ဘာသိ တင်ပြနေသည့် political statement သာလျှင် ဖြစ်ပေသည်။

သူမလိုပင် နယ်ဆင် မင်ဒဲလား သည် ၁၉၆၂ တွင် ရီဗိုနီယား တရားခွင်၊ ဖီဒယ်ကက်စထရိုသည် ၁၉၅၃ မွန်ကာဒါ တရားခွင် တို့ကိုပင် တက်ရောက်၍ တရားရင်ဆိုင်ခဲ့ကြသည်၊ ထို့တရားခွင်များ အကြောင်းကို ဆရာ မောင်ကိုယု ကပင် ကမ္ဘာကျော် လျှောက်လှဲချက်များ ဟု ရေးသား ပြုစုခဲ့ဖူးပေသည်၊ ထို လျှောက်လှဲချက်များသည် အာဏာရှင် မှ တရားသူကြီး အဖြစ် စေလွှတ်ထားသူကို ရည်ရွယ် ပြောကြားနေခြင်းမဟုတ်၊ နိုင်ငံအတွင်း ကျူးလွန်နေကြသော မတရားမှုများကို တကမ္ဘာလုံး သိစေရန် ကျယ်လောင်စွာ တုံးမောင်း ခေါက်လိုက်ခြင်းပင် ဖြစ်ပေသည်။

(၃) အမေရိကန် သတင်းစာဆရာ ဒင်နီ ဖန်စတာ အား မည်သို့သော ရည်ရွယ်ချက် ဖြင့် ဖမ်းဆီးထားသည်ကို မသိရေ‌ သော်လည်း လေးလကြာလာပြီး နောက်တွင် ပထမ အမှု ဖြစ်သည့် ပုန်ကန်ရန် လှုံ့ဆော်မှု မှ ယခုအခါ မတရား အသင်း ကြေညာခံထားရသူ များ နှင့် ဆက်သွယ်မှု ထပ်တိုးလိုက်ပြန်သည်။

အာဏာသိမ်း အဖွဲ့သည် ဖင်စတာ အား ဓါးစာခံ အဖြစ် ဖမ်းဆီးထားပါက အမေရိကန်တို့ စစ်ရေးအရ စွန့်စားမှု ပြုလုပ်ရဲမည် မဟုတ်ဟု ယူဆကောင်း ယူဆနိုင်စရာ ဖြစ်လာသည်၊ ဤသည်က ရီစရာ ဖြစ်ကောင်း ဖြစ်နေမည် ဖြစ်သော်လည်း ‌အမေရိကန်တို့၏ တိုက်ခိုက်မှု ခံရမည် စိုး၍ ဆိုကာ ဒေါ်လာ ဘီလီယံ နှင့် ချီ၍ သုံးကာ ဖုန်ဆိုးမြေ ပေါ်တွင်ပင် မြို့သစ် တည်ခဲ့သည်ကို ကြည့်က anything is possible. ဟုသာ ဆိုရမည် ဖြစ်သည်။

မင်းအောင်လှိုင်သည် သူ့လူများ ကြားတွင်တော့ မည်သို့ရှိမည် မသိ၊ ယခင်က ဆိုးလှပါသည်ဟု လက်ခံ ယုံကြည်ထားသူကိုပင် ၎င်း၏ လုပ်ရပ်များကို ကြည့်၍ လူကောင်းနီးနီး ပြန်ဖြစ်အောင် စွမ်းဆောင် နိုင်ခဲ့သူ ဖြစ်သည်။

(၄) စစ်ကောင်စီ အတွက် အိမ်မက်ဆိုးကြီး အဖြစ်နောက်ထပ် ခြောက်လှန့်လာသည့် အရာက ရေနံထုတ်လုပ်သော အိုပက် နိုင်ငံများ အဖွဲ့ နှင့် ရုရှားတို့မှ တိုးမြင့်လာ‌ နေသော ဝယ်လိုအား ကာမိစေရန် ထုတ်လုပ်မှု ပမာဏ ကို မြှင့်တင်ရန် သဘောတူညီခဲ့မှုကြောင့် ရေနံစိမ်း ဈေးသည် ၂၀၁၄ နောက်ပိုင်း အမြင့်ဆုံးသို့ ‌ထိုးတက်သွားခဲ့ပြီ ဖြစ်သည်ဟု ဝေါ်စထရိ ဂျာနယ်က ရေးသားထားသည့် သတင်းပင် ဖြစ်သည်။ ရေနံစိမ်းတစည်လျှင် ဒေါ်လာ ၇၈ နှင့် ၈၁ အကြား ရောက်ရှိလာပြီ ဖြစ်သည်။

တော်လှန်ရေး အောင်မြင်ရမည်!!!

Hla Soewai