International News

အာဆီယံ ဥက္ကဌအသစ်ဖြစ်မည့် ကမ္ဘောဒီးယား မြန်မာစစ်ကောင်စီကို ဖိအားဆက်ပေးမည်

အာဆီယံ ဥက္ကဌအသစ်ဖြစ်မည့် ကမ္ဘောဒီးယား မြန်မာစစ်ကောင်စီကို ဖိအားဆက်ပေးမည်

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ဥက္ကဋ္ဌဖြစ်လာမည့် ကမ္ဘောဒီးယားသည် မြန်မာအတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာစစ်အာဏာရှင်များကို ဆက်လက်တွန်းအားပေးမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက်တွင် ကမ္ဘောဒီယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ရိုက်တာသတင်းဌာနသို့ပြောသည်။

မြန်မာနိုင်ငံသည် “ပြည်တွင်းစစ်အစွန်းကို ရောက်နေပြီ” ဟု နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က သတိပေးပြီး ကမ္ဘောဒီးယားသည် အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန် လာမည့်နှစ်အစောပိုင်းတွင် လုပ်ငန်းစတင်နိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိအာဆီယံ အထူးကိုယ်စားလှယ် ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဧရာဝန်ယူဆွဖ်သည် လက်ရှိ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူထားသည့် ဘရူနိုင်းနိုင်ငံကို ကိုယ်စားပြုနေခြင်းဖြစ်သည်။

“အဖွဲ့ဝင်နိုင်ငံများ ရဲ့ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေးမူကို ကျွန်ုပ်တို့အားလုံး လေးစားလိုက်နာကြ ပေမယ့်လည်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။ ဒါဟာ ဒေသတွင်း အသင်းအဖွဲ့အပေါ် ယုံကြည်မှုနဲ့ မြန်မာညီအကို မောင်နှမတွေအတွက် ဆိုးကျိုးသက်ရောက်စေပါတယ်” ဟု ဝန်ကြီး Prak Sokhonn က ရိုက်တာ သတင်းဌာနသို့ ပြောသည်။

ဧရာဝန်ယူဆွဖ်အား သက်ဆိုင်သူအားလုံးနှင့် တွေ့ခွင့်ပေးရန် တားမြစ်ခဲ့ခြင်းကြောင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေး မဖိတ်သည့် အပေါ် ကမ္ဘောဒီးယားက ထောက်ခံကြောင်း ၎င်းက ဆိုသည်။

သို့သော်လည်း မြန်မာစစ်ဗိုလ်ချုပ်ကို အမြဲတမ်းဖယ်ထုတ်ထားရန် ပြောဆိုမှုများသည် မသင့်လျော်ကြောင်း ဝန်ကြီး Prak Sokhonn က ဆိုသည်။

“ကိစ္စရပ်တွေ ဆင့်ကဲတိုးတက်လာဖို့အတွက် မြန်မာအပေါ်မှာ အများကြီးမူတည်နေပါတယ်” ဟု လည်း ၎င်းက မှတ်ချက်ပေးသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်က စတင်ကျင်းပခဲ့သည့် အာဆီယံ ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားပြုသူ တက်ရောက်မှုမရှိခဲ့သည် နှင့်ပတ်သက်၍ အာဆီယံ တွင် အပြစ်မရှိကြောင်း ပြောဆိုခဲ့သည်။

“မြန်မာစစ်တပ်ဟာ အာဆီယံနဲ့ပူးပေါင်းဆာင်ရွက်ခြင်းမရှိခဲ့ပါဘူး” ဟုလည်း ဝန်ကြီးချုပ်က ဝေဖန်ထားသည်။

Photo Credit – Reuters
သတင်း ဧရာဝတီ

About the author

admin

Add Comment

Click here to post a comment