Local News

အာဏာသိမ်းပြီးပြီးချင်း တပ်ကိုစွန့်ခွာခဲ့တဲ့ ပထမဆုံး CDMစစ်သားရဲ့ ပေးစာဆောင်းပါး

အာဏာသိမ်းပြီးပြီးချင်း တပ်ကိုစွန့်ခွာခဲ့တဲ့ ပထမဆုံး CDMစစ်သားရဲ့ ပေးစာဆောင်းပါး

ကျနော့် နာမည်အောင်စည်လို့ခေါ်ပါတယ်၊ တချိန်တုန်းကတော့ တ_၄၉၀၅၇၃တပ်ကြပ်ကြီးအောင်စည်ပါ။ ကျနော်ဟာ မိတ္ထီလာမြို့အခြေစိုက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နေပြည်တော်၊(ကကထုတ်) ‌လက်အောက်ခံ (လက်ရုံးတပ်)အမှတ်(၁၀) တပ်မတော်အကြီးစားစက်ရုံ(မိတ္ထီလာ)မှာနောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်၊

တပ်မတော်အကြီးစားစက်ရုံ(တကစ)၊ကာကွယ်‌ ရေးပစ္စည်းထုတ်လုပ်မှု့တပ်ဖွဲ့ (ကပစ)တပ်တွေဟာ”DSTA,MCTI,TREAT”စတဲ့ ပညာသည်အုပ်စုတွေအများဆုံး သီးခြားစုဝေးရာ*တပ်ဌာန‌*တွေဖြစ်ပါတယ်၊

ဒီ”ကပစ၊တကစ”စတဲ့လက်ရုံး တပ်ပေါင်း၃၀လောက်ဟာအဆင့်မြင့်လက်နက်၊‌ယာဉ်တွေထုတ်လုပ်တဲ့ သီးခြားတပ်တွေဖြစ်ပေမဲ့ တပ်ထဲကအရာရှိစစ်သည်တွေဟာ အမည်ခံပညာသည်‌ တွေအဖြစ်နဲ့ ကိုယ်ပိုင်တီထွင်ဖန်တီးနိုင်မှု အတတ်ပညာအရည်းအချင်းမမီ (ဖောရှောပညာ၊ပြီးပြီးရောပညာတွေသာသင်ပေးထား)၊ မီလည်း လက်တည့်စမ်းဖို့အခွင့်ရေးမရှိဘဲနဲ့ တသက်လုံးအထက်ကခိုင်းသမျှကို

၏၊သည် မလွဲရအောင်ကြိုးစားလုပ်‌ ဆောင်ကြရတဲ့ ထိုအမည်ခံ “အရေအတွက်”ပညာသည်တွေဟာ တပ်မတော်ဖွဲ့စည်းပုံအင်းအားတွေဖောင်းပွပြီး‌တော့ ပရမ်းပတာတွေဖြစ်ပြီး သူ့ရာထူးနဲ့သူတူတန်တဲ့ နေရာမရရှိဘဲ

နွားကျောင်းတဲ့ပညာသည်ကကျောင်း၊
ကြက်‌မွေးတဲ့ ပညာသည်ကမွေး၊
တပ်မှုးအိမ်တောက်တိုမယ်ရ လုပ်ရတဲ့ ပညာသည်ကလုပ်၊
တပ်ရင်းတစ်ခုလုံးသန့်ရှင်းဖို့ ဓားပေါက်ပြားဆောင်ပြီး မြက်၊သစ်ပင်လိုက်ခုတ်‌ နေရတဲ့ပညာသည်‌တွေက ခုတ်

တချို့ပညာ‌သည် တွေဟာ ပြစ်မှုမရှိပါပဲနဲ့ ရာထူးမတက်ဘဲနဲ့ ဆယ်စုနှစ် နှစ်ခု‌စာလောက်ထိနှစ်ချို့နေတဲ့‌သူတွေကချို့၊ တချို့ပညာသည်အရာရှိ‌ စစ်သည်တွေက စက်ရုံ‌တွေထဲမှာ တရုတ်ရဲ့ တွဲဖက်လုပ်ပြီး တရုတ်ခိုင်းသမျှ အထက်ကမငြိုငြင်ရအောင်တသွေမတိမ်း လိုက်လုပ်နေရပေမဲ့ တကယ်တမ်း တရုတ်ရဲ့နည်းပညာတွေဟာသူတို့ဆီမှာ‌တောင် ပြတိုက်ထဲ၊

နည်းပညာအ‌ဟောင်းတွေထားရာဂိုဒေါင်တွေထဲလိုက်ရှာ‌ ရလောက်မယ့်နည်းပညာအ‌ဟောင်းတွေဖြစ်နေတယ်။ ဒါပေမဲ့ အဲဒါတွေကိုဲ မြန်မာငွေ သိန်းသောင်းချီ‌ ပေးဝယ်ရတယ်လို့ ကြားဖူးပါတယ်။ “တကယ့်‌ ခေတ်မီနည်းပညာတွေက ဘီလီယံနဲ့ချီ တဲ့ဈေးနှုန်း‌ တွေရှိပါတယ်”။

အဘတွေအတွက် ကော်မရှင်ခ ဝေစား မျှစားဖို့ကျန်သေးတာကြောင့်ခေတ်မှီနည်းပညာတွေဝယ်ဖို့မလောက်ပါဘူး၊ ဒါကြောင့် အမေရိကန်တို့လို ခေတ်မီတဲ့အနောက်အုပ်စုတွေနဲ့ မပေါင်းဘဲ အဟောင်း‌တွေ‌သာ‌ ရောင်းတဲ့တရုတ်နဲ့မခွဲနိုင်မခွာနိုင်ဖြစ်ပြီး ဝယ်ထားတာ‌တွေပါ။

ဒီလက်နက်‌တွေ၊ ယာဉ်တွေဟာ ကမ္ဘာစစ်ဖြစ်ရင် တိုင်းပြည်ကာကွယ်ဖို့မဟုတ်ပါဘူး၊တတိယကမ္ဘာစစ်ဖြစ်ရင်နျူကလီးယားတွေသာထုတ် သုံးကြမှာမလို့ ဒီတရုတ်ရဲ့အဟောင်းထည်တွေဟာကလေးကစားစရာသာသာရှိတဲ့အတွက် သုံးစားလို့မရပါဘူး၊ဒါပေမယ့် အသုံးတည့်ပါတယ်၊ဘာလို့လဲဆိုတော့

ပြည်သူတွေနဲ့၊လူနည်းစုတိုင်းရင်းသား‌ တော်လှန်ရေးလက်နက်ကိုင်တွေကို လိုအပ်ရင်ဆော်ဖို့ဆိုတာ အသိသာကြီးပဲ (ယခုလက်တွေ့)၊ တရုတ်ကုမ္ပဏီတွေရဲ့ outdated နည်းပညာတွေနဲ့ လက်နက်တွေဝယ်ဖို့ အစိုးရအ‌ပေါ်ဘက်ဂျက်များများတင်၊

ပေါချောင်ကောင်းဝယ်ပြီး ကော်မရှင်ခတွေကို နှစ်ပေါင်းမနည်းမနောကြာအောင် အမေးအမြန်းမရှိစေရဘဲ အသီးသီးလက်ဆင့်ကမ်းဝေစား မျှစားနေခဲ့တယ်ဆိုတာ ‌ကျနော့်လိုအောက်ခြေစစ်သည် တပ်ကြပ်ကြီးတစ်ယောက်တောင် မစဉ်းစားဘဲ ရိမ်မိပါတယ်၊

မြန်မာပြည်မှာ ပထမ‌‌ဆုံး COVID-19 ဝင်ရောက်လာချိန်မှာတောင် တပ်ချုပ်မင်းအောင်လှိုင်ဟာ မြန်မာငွေသိန်းသောင်းချီတန်ပြီး၊ တရုတ်ရဲ့(သူတို့ဆီမှာမသုံးတော့တဲ့)နည်းပညာအကျဖြစ်တဲ့ မောင်းသူမဲ့ထောက်လှမ်းရေး လေယာဉ်UAVတွေ ကိုအားတက်သရောနဲ့ မူးကို မြစ်ထင်ပြီးအသည်းအသန်ထုတ်ခိုင်းနေခဲ့တာကိုတော့ အလုပ်လက်မဲ့ဒုက္ခရောက်နေခဲ့တဲ့ပြည်သူ‌ အတွက် အတော်အသည်းနာပြီး စိတ်မကောင်းဖြစ်မိခဲ့တယ်။

ဒီဆောင်းပါးကို ကျနော်ရေးလိုက်ရခြင်းဟာ နွေဦးတော်လှန်ရေးရဲ့ သမိုင်းဝင်နေ့ရက်တွေမှာ ဂုဏ်ယူစွာကိုယ့်ကိုကိုယ်မိတ်ဆက်ကမ္ဗည်းတင်လိုက်ခြင်းဖြစ်ပါတယ်။ ကျနော်ဟာfeb2 ရက်နေ့နံနက်အ‌စော၅နာရီလောက်ကတည်း ကတပ်မတော်ကို စွန့်ခွါခဲ့ခြင်းဖြစ်ပါတယ်။ ထိုအချိန်ကကျနော်ဟာ လွတ်မြောက်နယ်မြေကို သွားဖို့ မစဉ်းစားမိသလို ငွေကြေးအခက်အခဲတွေ ရှိတဲ့အတွက် ပြည်သူတွေကြားထဲမှာပဲ ခြေရာဖျောက်ပြီး ကြုံရာကျပမ်း နေထိုင်စားသောက်ပြီး လက်ရှိမှာ keyboard fighterအနေနဲ့သာ ပြည်သူတွေကိုကူညီနေနိုင်ပါသေးတယ်။

ကျနော် တပ်မတော်ကို ကျောခိုင်းထွက်ခွါလာချိန်မှာ cdmဆိုတာ မပေါ်လာသေးသလို ဘယ်နိုင်ငံရေးလှုပ်ရှားမှုမှ လည်းမပေါ်ပေါက်သေးပါဘူး၊ ဒါပေမဲ့ တပ်မတော်ကစွန့်ခွါဖို့ ဘယ်အချက်တွေကလှုံဆော်ခဲ့တာလဲ ဆိုရင်တော့

ကျနော်ဟာ 1962,1974,1988,2007 စတဲ့ ခိုင်လုံတဲ့အရေးအခင်းသမိုင်း‌အကြောင်း၊ကိုယ်တွေ့အဖြစ်အပျက်စာအုပ်အစုံတွေကို ဖတ်ရှုမိပြီးနောက် နားလည်လက်ခံသိရှိခဲ့ပါတယ်။ ဒါကြောင့်လည်းကျနော်ဟာ တပ်မတော်အပေါ်မှာ ကျနော်လက်တွေ့ကြုံ‌တွေနေရတာတွေရော၊ ဖတ်မှတ်ခဲ့တာတွေရော(ဥပမာ – ကြပ်ပြေးအရှုပ်တော်ပုံ)နဲ့ စပ်ဆက်ပြီး အသက်၆၀ထိစစ်ကျွန်မခံလိုတဲ့စိတ်တွေပြင်းထန်လာတာကြောင့်တစ်ကြောင်း၊

လူငယ်ပီပီ‌ ကြီးပွားတိုးတက်လိုစိတ်နဲ့ စီးပွားရေးလမ်းကြောင်းပေါ်လျှောက်ချင်တာကြောင့်တစ်ကြောင်း၊ 2020ရွေးကောက်ပွဲမှာ NLD ကို မဲပေးခဲ့သလို၊တပ်မတော်က ထွက်မပြေးလိုတာကြောင့် ကျနော့်ရဲ့ကိုယ်ရေးဖိုင်မှ အချက်အလက်အမှားများကိုဆုပ်ကိုင်ပြီး တရားဝင်ထွက်ခွင့်ရဖို့နည်းလမ်းတွေကို(CTFMR)နဲ့အတူ 2နှစ်လောက်ကြာအောင် ကြိုးစားနေခဲ့ပေမဲ့ မအောင်မြင်ဘဲရှိခဲ့ပါတယ်၊ ဒါပေမဲ့ တပ်မတော်က ပြည်သူ့အာဏာကို တစ်ဖက်သတ်သိမ်းပိုက်လိုက်ပြီဆိုတဲ့ အချိန်မှာတော့ ကျနော်ဟာ တပ်မတော်ကို”ယတိပြတ်စွန့်ခွါ”ဖို့အချိန်တန်သွားခဲ့ပါပြီ။

အင်မတန်ဆင်းရဲပြီး အမေကမွေး စစ်တပ်ကကြွေးလို့ ခံယူချက်မျိုးရှိပြီး အရွယ်ရောက်လာတဲ့ မွေးထား တဲ့သား‌‌ ‌ယောကျာ်းတိုင်းကို စစ်တပ်ထဲ ထည့်ပေးလေ့ရှိတဲ့ ကျနော့် မိဘတွေကတော့ နဂိုတည်းကစစ်တပ်ကို အဟုတ်ထင်ပြီး အထင်ကြီးခဲ့တာကြောင့် ကျနော့်လုပ်ရပ်ကိုသဘောမတူကြသလို မွဲချင်လို့ပြာပုံတိုးတယ်ဆိုပြီး ရှုံ့ချသတ်မှတ်ခဲ့ကြပါတယ်။လူတစ်ယောက် လောကထဲကိုရောက်လာတာဟာ ထမင်းစားဖို့တစ်ခုတည်းအတွက်ပဲမဟုတ်ဘူးဆိုတဲ့ ဆင်ခြင်တုံတရားကို ဆုပ်ကိုင်ထားတဲ့ ကျနော့်အတွက်တော့ ထမင်းငတ်မှာကိုတွေးမပူခဲ့ပါဘူး

ကျနော်ဟာတပ်မတော်အာဏာသိမ်းမှု့ ကြောင့်တပ်မတော်ကနေ ပထမဆုံးအစောဆုံးထွက်ခွါလာခဲ့တယ်လို့ထင်ပါတယ်၊ ဒီ့အတွက် ကျနော့်မိဘတွေက ဂုဏ်မယူပေမဲ့ ပြည်သူတွေကတော့ဂုဏ်ယူမယ်ထင်ပါတယ်။ ကျနော့်ဘဝမှာ ဒီလိုဂုဏ်ယူဖို့ကောင်းတဲ့လုပ်ရပ်မျိုး လုပ်ခွင့်ရလိမ့်မယ်လို့ တစ်ခါမှမထင်ထားခဲ့ပါဘူး။ဒါကြောင့် ကျနော် ကျင်လည်ခဲ့ဖူးတာပဲ ရှိသေးတဲ့ တပ်မတော်ရဲ့ အစဉ်အဆက်အဆင့်အတန်းနိမ့်ကျမှု့တွေထဲက တချို့ကို မြင်သာအောင်ရေးသားအသိ‌ ပေးလိုက်ခြင်းဖြစ်ပါတယ်။

စစ်တပ်ဟာ နဂိုတည်းက လွှတ်‌တော်မှာ အမတ်နေရာတွေ၊ တိုင်းပြည်ရဲ့အရေးပါတဲ့ လုပ်ပိုင်ခွင့်တွေကို ဆုပ်ကိုင်၊ဥပ‌ဒေရဲ့အထက်မှာ‌ နေပြီးအစိုးရအဖွဲ့တွေကို ၅နှစ်လုံး နှောက်ယှက်လာခဲ့တာဖြစ်ပါတယ်၊ ဒါကြောင့် ကျနော်ကိုယ်တိုင်လည်း တပ်ချုပ်မင်းအောင်လှိုင် အနားမှာ ပြည်သူတွေအတွက် အကျိုးရှိမယ့် အခြေခံဥပဒေတစ်ခု ပေါ်ပေါက်လာဖို့ ‌အမျိူသားဒီမိုကရေစီအဖွဲ့ချုပ်က ရည်မှန်းနေတာကို ရိပ်မိခဲ့ပါတယ်၊ဒါပေမယ့် အာဏာရှင်လူတစ်စုဟာ တစ်တိုင်းပြည်လုံးရဲ့ အနာဂတ်တွေကို ချိုးဖျက်လိုက်ပါတယ်၊ဒီ့အတွက် အာဏာရှင်ကို ပုန်ကန်ခဲ့တဲ့တပ်မတော်သား‌‌တွေထဲက၊ပထမဆုံးတစ်ယောက်အကြောင်းကို ပြည်သူတွေ အားတက်စေရန် တစ်တက်တအားအသိပေးလိုက်ရပါတယ်ခင်ဗျာ။

အရေးတော်ပုံဧကန်မုချ အောင်ရမည်။

ဒီတပ်ကြပ်ကြီးဟာ CDMရယ်လို့ အသုံးအနှုန်းမပေါ်ခင်ကတည်းက CDM လုပ်ခဲ့သူဖြစ်ပါတယ်။

Ref ပြည်သူ့ရင်ခွင်