အေအေ စခန်းကို ဗုံးကြဲသွားတာက ကွင်းဆက် ဘာတွေ ဆက်ဖြစ်လာမလဲ စိတ်ဝင်စားစရာပါ

အေအေ စခန်းကို ဗုံးကြဲသွားတာက ကွင်းဆက် ဘာတွေ ဆက်ဖြစ်လာမလဲ စိတ်ဝင်စားစရာပါ

ကေအန်အယ်အေ တပ်မဟာ ၅ ထဲက အေအေ စခန်းကို ဗုံးကြဲသွားတာက ကွင်းဆက် ဘာတွေ ဆက်ဖြစ်လာမလဲ စိတ်ဝင်စားစရာပါ။ အဲ့ဒီနေရာနဲ့ ကီလိုမီတာ မနီးမဝေးမှာ ကျနော် တစ်လလောက်နေခဲ့ဖူးတယ်။ သတင်းကြားတော့ အတော် အံ့သြရပါတယ်။

အဲ့ဒီက အေအေ စစ်သားတချို့ ကျနော်တို့နေတဲ့ရွာ ရောက်လာတော့ ရင်းနှီးနေတဲ့ ရွာမှာနေတဲ့ အေအေ စစ်သမီးတွေနဲ့ လက်ဖက်အတူစားပြီး နေ့လယ် အေးဆေး စကားပြောခဲ့ဖူးတယ်။ အေအေ စစ်သားတွေက ကော်ဖီသောက်ရအောင်ဆိုပြီး ကျနော်တို့ကို ကော်ဖီထုပ်တွေ လက်ဆောင်ပေးလိုက်သေးတယ်။

ခု တိုက်ခိုက်ခံရတာမှာ သေဆုံးသူလည်းရှိပြီး ဒဏ်ရာရသူလည်း အတော်များတယ်လို့ ဒေသသတင်းတွေက ဆိုတယ်။ အဲ့ဒီဒေသမှာ ဆေးကုရတာ အင်မတန် ခက်ခဲပါတယ်။ တောထဲကနေ ထမ်းစင်နဲ့သယ်ရ၊ လှေနဲ့ တစ်ကြိမ် ထပ်တင်ရ၊ အဆင့်ဆင့်သွားရတယ်။ ကမ်းပေါ်ကနေ ရွာထဲရောက်ဖို့တောင် အတော် သွားရတယ်။

ရှိတာကလည်း သူနာပြုအများစု။ ရှိတဲ့ပစ္စည်းနဲ့ ရအောင် ကုကြရတာ။ ဆေးခန်းဆိုတာ သွပ်မိုးထားတဲ့ အဆောက်အဦးတစ်ခုလောက်ရယ်။

မီးစက်နှိုး၊ ဆိုလာသုံးပြီး လည်ပတ်ကြရတာ။ အင်မတန် ဆိုးဆိုးရွားရွားဖြစ်လာရင် ဟိုဘက်ကမ်း ကူးပြီး ဆေးကုကြရတယ်။

ဒီနေရာကို ဗုံးကြဲတယ်ဆိုတော့ သံလွင်မြစ်ကမ်းတစ်လျှောက်က ရွာတွေလည်း ခုလောက်ဆို ပြေးကြရလောက်ပြီ။

ညနေစောင်းဆို သံလွင်မြစ်ထဲ စက်လှေသံတညံညံနဲ့ ဖြစ်နေလောက်ပြီ။ ကလေးတွေကငို၊ မသန်စွမ်းတွေ၊ အသက်အရွယ်ကြီးသူတွေကို ထမ်းစင်နဲ့တင် ပြေးကြရလောက်ပြီ။

တောထဲ ကျောက်ခဲထူထူ မြေကြီးပေါ် တာလပတ်ခင်း အိပ်ကြရပြီ။

ခဏတဖြုတ်ပဲ တွေ့ဆုံခဲ့ဖူးသူတွေ ဖြစ်ပေမယ့် ဒုက္ခကြုံနေရချိန်မို့ မေ့ဖို့ မလွယ်ပါ။ စစ်သား၊ စစ်သမီးတွေ ဆေးကုသမှု လွယ်ကူပါစေ။

အမိုးတို့၊ ဖထီးတို့၊ သရမူတို့ အသက်ဘေးက လွတ်ပါစေပဲ ဆုတောင်းရပါတယ်။

Mratt Kyaw Thu

Leave a Reply

Your email address will not be published.